မန္တလေးတိုင်းအတွင်းမှာ ပုံမှန်မဟုတ်တဲ့ သံသယဖြစ်ဖွယ် ဆင်းကဒ်အရေအတွက် ​လေးသိန်းခုနှစ်​သောင်း ကျော်ကို အပြီးတိုင်ပိတ်သိမ်း

မန္တလေး၊ စက်တင်ဘာ- ၂၄- ၂၀၂၆
SA(VOM)
Viber ၊ SMS နဲ့ Telegram စတဲ့ လူမှုကွန်ယက်တွေပေါ်ကနေ စာတိုပေးပို့ရေးလမ်းကြောင်းတွေကတဆင့် ဖုန်းနံပါတ်မျိုးစုံနဲ့ စလော့ဂိမ်းဆော့ဖို့ မဲဆွယ်နေတဲ့ ကျားဖြန့်(ဝန်လိုင်းငွေလိမ်လည်မှု) လုပ်ငန်းတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့ မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာတွေက system မှာ အလိုအလျောက် ပိတ်သိမ်းတဲ့ မူဝါဒနည်းလမ်းတွေနဲ့ တားဆီးဆောင်ရွက်နေတာမှာ ၂၀၂၆ ခုနှစ် သြဂုတ်လ ကစပြီး သံသယဖြစ်ဖွယ် ဆင်းကတ်အရေအတွက် ၄၇၀၀၀၀ ကျော်ကို အပြီး တိုင် ဖျက်သိမ်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
မဟာအောင်မြေမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြိုးသန္တာ က ” Viber ၊ SMS နဲ့ Telegram စတဲ့ လူမှုကွန်ယက်တွေပေါ်ကနေ စာတိုပေးပို့ရေးလမ်းကြောင်းတွေကတဆင့် ဖုန်းနံပါတ်မျိုးစုံနဲ့ စလော့ဂိမ်းဆော့ဖို့ မဲဆွယ်နေတဲ့ ကျားဖြန့်(ဝန်လိုင်းငွေလိမ်လည်မှု) လုပ်ငန်းတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့” လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ နည်းပညာကိုအသုံးချပြီး အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ တရားမဝင် စလော့ဂိမ်းလောင်းကစားလုပ်ငန်းတွေဟာ လူငယ်တွေအပါအဝင် မိဘပြည်သူတွေရဲ့ ဘဝတွေကို ခြိမ်းခြောင်လာတာကို တွေ့ရပါတယ်၊ အထူးသဖြင့် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် ပြည်သူလူထုအသုံးပြုနေကြတဲ့ Viber ၊ SMS ၊ နဲ့ Telegram စတဲ့ ပလက်ဖောင်းတွေကတဆင့် အမည်မသိ ဖုန်းနံပါတ်မျိုးစုံကို အသုံးပြုပြီး စလော့ဂိန်းတွေ​​ဆော့ဖို့ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်ရရှိရန်နဲ့ အမြတ်အစွန်းတွေခံစားခွင့် ရရှိမယ်ဆိုကာ စာတိုတွေပေးပို့ခြင်း လှည့်စားဆက်သွယ်ခြင်း နေ့စဥ်နဲ့အမျှ ကျူးလွန်ခံကြရနေသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရကြောင်း မေးခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲ့ဒီတရားမဝင်လုပ်ငန်းတွေက နယ်စပ်ဒေသတွေတင်မက မြို့ပြကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဝင်ရောက်လာပြီး ငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုများ ရာဇဝတ်မှုတွေကိုပါ ကျူးလွန်နေကြတာကြောင့် တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် အထူးအရေးကြီးပြီး ပြည်သူတွေ ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်နေတာကို စိစစ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း အထူးစစ်ဆင်ရေးတွေ ဆောင် ရွက်ခြင်း၊ Mobile Banking Pay အမျိုးမျိုးနဲ့ ငွေပေးချေမှုနဲ့ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ထိန်းချုပ်ခြင်း၊ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးကွန်ယက်တွေကို ကိုင်တွယ်ခြင်းအပြင်၊ ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် အသိပညာပေးခြင်း၊ လုံခြုံစွာသတင်းပေးတိုင်ကြားနိုင်တဲ့ စနစ်တွေကို ထိထိရောက်ရောက် ဘယ်လို အကောင်အထည်ဖော်ဆောင်ရွက်ထားတယ်ဆိုတာကို လွှတ်တော်ကတဆင့် သက်ဆိုင် ရာအစိုးရကို မေးမြန်းခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး က
” မန္တလေးတိုင်းဒေသကြီးအတွင်း နည်းပညာကိုအသုံးချ၍ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်နေတဲ့ ကျားဖြန့်လုပ်ငန်းများနှင့် တရားမ၀င်စလော့လောင်းကစားလုပ်ငန်းများလုပ်ကိုင်ဆောင် ရွက်မှုမရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ဃ/၃၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်မှု ၇ မှု၊ တရားခံ ကျား ၅၉ ဦး၊ မ ၄၆ ဦး၊ တရုတ်နိုင်ငံသား ကျား ၁၁ ဦး၊ စုစုပေါင်း တရားခံ ၁၁၆ ဦးကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ဃ/၃၈ ဖြင့် အမှု ၂ မှု တရားခံ ကျား ၄ ဦး၊ မ ၁ဦး စုစုပေါင်း ၅ ဦးတို့ကိုလည်းကောင်း ၊ ၂၀၂၆ ခုနှစ်တွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ဃ/၃၈ ဖြင့် အမှု ၄ မှု တရားခံကျား ၁၄ ဦး၊ မ ၁၅ ဦး၊ တရုတ်နိုင်ငံသား တရားခံကျား ၁၁ ဦး၊ မ ၁၂ ဦး စုစုပေါင်း တရားခံ ၄၂ ဦးကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ပါတယ် ” ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကျားဖြန့်နဲ့ တရားမ၀င်လောင်းကစားဂိမ်းတွေကို တားဆီးကာကွယ်ရေးအနေနဲ့ ဖေ့ဘုတ်စ်၊ တယ်လီဂရမ်၊ လူမှုကွန်ယက် အင်တာနက်စာတွေမှာပျံ့နှံ့နေတဲ့ အွန်လိုင်းလောင်းကစား website နဲ့ application တွေကို ရှာဖွေစိစစ်ကာ Server ၊ IP address တွေကို ပိတ်ပင်တားဆီးခြင်း၊ အွန်လိုင်းလောင်းကစားမှုတွေပြုလုပ်ဖို့ ဖြန့်ဝေလာတဲ့ စာတို SMS တွေပေးပို့နေတဲ့ ဖုန်းနံပတ်တခုတည်းကနေ တူညီသောစာသားတွေကို အချိန်တစ်နာရီအတွင်း ဖုန်းနံပတ် ၆၀ ကို ပေးပို့ခြင်း သို့မဟုတ် ၂၄ နာရီအတွင်း ဖုန်းနံပတ် ၁၀၀၀ ကို ပေးပို့တာတွေနဲ့ ပုံမှန်မဟုတ်တဲ့ပေးပို့မှုတွေအဖြစ် သတ်မှတ်ပြီး အဲ့ဒီဖုန်းနံပတ်တွေကိုသက် ဆိုင်ရာ မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာတွေက system မှာ အလိုအလျောက် ပိတ်သိမ်းတဲ့ မူဝါဒနညျးလမျးနဲ့ တားဆီးဆောင်ရွက်နေတာမှာ ၂၀၂၆ ခုနှစ် သြဂုတ်လကစပြီး သံသယဖြစ်ဖွယ် ဆင်းကတ်အရေအတွက် ၄၇၀၀၀၀ ကျော်ကို အပြီးတိုင် ဖျက်သိမ်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အွန်လိုင်းလိမ်လည်မှု ဥပဒေကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ အတည်ပြုပြဌာန်းပြီးဖြစ်တာကြောင့် အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ပြီး ဥပဒေပါအချက်အလက်တွေနဲ့အညီ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး အွန်လိုင်းကတဆင့် ငွေ ကြေး လိမ်လည်မှုတွေနဲ့ လောင်းကစားလုပ်ငန်းတွေဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ငွေကြေးစီးဆင်းမှုတွေကို ခြေရာခံဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စိစစ်ဖော်ထုတ် အရေးယူခြင်း၊ Mobile banking pay အမျိုးမျိုးနဲ့ ငွေးကြေးစီးဆင်းတာတွေကို ဖြတ်တောက်ထိန်းချုပ်ခြင်း၊ ဥပဒေနဲ့အညီ ထိန်းချုပ်တားဆီးခြင်း၊ သတင်းရယူခြင်းနဲ့ ဖော်ထုတ်ဖမ်းဆီးတာတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW