အောက်တိုဘာ ၊ ၈ ၊ ၂၀၂၃
SP ( VOM)
ချင်းပြည်နယ်မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ ထွယ်မွှေးလ် ( Thal Mual) ကျေးရွာနဲ့ တီးတိန်မြို့ကိုသွားတဲ့ တောင်ပေါ်မြေသား ကားလမ်းမှာ မနေ့ အောက်တိုဘာ ၇ ရက်က တိမ်းမှောက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ တီးတိန်ခရစ်ယာန် ဂိုဏ်းပေါင်းစုံ မိတ်သဟာယ အဖွဲ့ဆီက သိရပါတယ်။
” သတို့သမီးနဲ့ သတို့သားက မလေးရှားနိုင်ငံမှာပါ ၊ ငါတို့ ချင်းထုံးစံအတိုင်း သတို့သားဘက်ကနေ သတို့သမီးဘက်ကို တောင်းရမ်းဖို့ သွားပြီး ပြန်လာတဲ့ လမ်းမှာ ကားက လမ်းချော်ပြီး တောင်အောက်ပြုတ်ကျသွားတာဖြစ်တယ် ၊ ကားပေါ်မှာ ပါတဲ့ လူ ၆ ယောက်လုံးသေတယ် ၊ ဒရိုင်ဘာရော ၊ အမျိုးတွေပါအကုန်သေတယ် ” လို့ သင်းအုပ်ဆရာတော် တစ်ပါးကပြောပါတယ်။
ဒါ့အပြင် ကားမှောက်လို့ သေဆုံးရသူတွေကတော့ ဦးကျိမ်ခန်းဆွမ် ၊ ဦးထန်ငိုခိုင် ၊ ဦးခွာလ်လာမ်ထန်း ၊ ဒေါ်ဒိတ်ခွာမ် ၊ ဒေါ်နိုင်နိမ်းလျန် ၊ မောင်ဒိုလာမ်အင် တို့ ၆ ဦးဖြစ်တယ်လို့ ဒေသခံ သင်းအုပ်ဆရာတော်ဆီက သိရပါတယ်။
” ချင်းပြည်နယ်ဟာ တောင်ယာစိုက်ခင်းတွေမှာ လူလိမ့်ကျလို့ သေဆုံးတာတွေရှိတယ် ၊ ကားတွေ ဆိုင်ကယ်တွေ တောင်အောက်ကို ပြုတ်ကျလို့ သေတာတွေလည်းရှိတယ် ၊ အခုနှစ် မိုးရာသီမှာ ဒီဖြစ်စဥ်က ပထမဆုံးဖြစ်တယ် “လို့ ဒေသခံ တယောက်က ပြောပါသေးတယ်။
ချင်းပြည်နယ်ဟာ ပင်လယ်အမြင့်ပေ ၅၀၀၀ အထက် တောင်တန်းတွေပေါ်မှာ တည်ရှိပြီး တောင်ပေါ်မြေသားကားလမ်းတွေ အများစုဖြစ်တာကြောင့် အခုလို မိုးရာသီမှာ ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားသေဆုံးလေ့ရှိတယ်လို့ သိရပါတယ်။