မြောက်ဦး၊ မတ် ၉-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်ကြောင်းအတွင်းမှာ မတ်လ ၈ ရက်နေ့ညနေပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲဟာ လေးမြို့မြစ်အထက်ပိုင်း ခြတ်ချောင်းကျေးရွာရဲ့မြောက်ဘက် စာပေါင်ကျေးရွာအနီးမှာ ဖြစ်ပွားနေကြတာဖြစ်ပါတယ်။
“တိုက်ပွဲက မနေ့ညနေပိုင်းကနေ စဖြစ်တယ်လို့သိရပါတယ်။ အသံတွေလည်း ကြားရတယ်။ ပြင်းပြင်းထန်ထန်ဖြစ်နေကြတာပါ။ ကျွန်တော်တို့ ရွာနားက ဘုရားကြီးရွာမှာလည်း စစ်သားတွေရှိနေပါတယ်။”လို့ ခြိတ်ချောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီတိုက်ပွဲကြောင့် ခြိတ်ချောင်းချောင်းထဲမှာရှိတဲ့ စာပေါင်ကျေးရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ပိတ်မိနေကြတာဖြစ်ပါတယ်။
“ခြိတ်ချောင်းထဲမှာ ရှိတဲ့ စာပေါင်ကျေးရွာသားတွေ ပိတ်မိနေပါတယ်။ လောလောဆယ်တော့ ထွက်လာဖို့အခက်အခဲရှိနိုင်တဲ့အတွက် ရွာမှာပဲရှိနေကြပါတယ်။ သူတို့လာမယ်လမ်းမှာဖြစ်နေတာဆိုတော့ တခြားသွားစရာလည်းမရှိဘူး။”လို့ ဆက်လက်ပြောကြားပါတယ်။
ဒါ့ကြောင့် ခြိတ်ချောင်းကျေးရွာနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတချို့ ထွက်ပြေးလာကြတဲ့အတွက် စင်္ဘောကိုင်း စစ်ဘေးရှောင်စခန်းကို လူဦးရေ ၂၉၀ ခန့် ဒီကနေ့ရောက်ရှိလာတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော် အေအေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်နေတာ လချီနေပြီမို့ မြောက်ဦး ၊ ရသေ့တောင်စတဲ့ မြို့နယ်တွေမှာ နေရပ်ရင်းကို မပြန်နိုင်တဲ့ စစ်ရှောင်ဒုက္ခသည်တွေ ထောင်ချီပြီးရှိနေပါတယ်။
#voiceofmyanmar #ရခိုင် #AA #မြောက်ဦး