ဂါဇာကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ကမ္ဘာတဝန်းက မွတ်ဆလင်တွေ တောင်းဆိုဆန္ဒပြ

 

တူနစ် ၊ အောက်တိုဘာ-၂၁-၂၀၂၃

မျိုးဆက်(VOM)

 

ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ်စ်တွေကို အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ကမ္ဘာ့တဝန်းမှာရှိတဲ့ မွတ်ဆလင်တွေဟာ ဆန္ဒပြမှုတွေ ပြုလုပ်နေကြပြီး ဂါဇာကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုနေကြပါတယ်။

 

အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုကြောင့် လူ ၁၄၀၀ ကျော်သေဆုံးပြီး ဓါးစာခံတွေ ဖမ်းဆီးခံရပြီးနောက်ဂါဇာက ဟားမတ်စ်တွေကို ချေမှုန်းဖို့အတွက် အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှု စတင်ဖို့ ပြင်ဆင်နေပါတယ်။

 

အနောက်နိုင်ငံအစိုးရတွေကတော့ အစ္စရေးရဲ့ စစ်ဆင်ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုနေကြပေမယ့် မွတ်ဆလင်နိုင်ငံအများအပြားကတော့ ဂါဇာကမ်းမြှောင်ဒေသရဲ့ လက်ရှိအခြေအနေအပေါ် အမျက်ထွက်နေကြပြီး ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်ကြောင်းပြသကာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေကြပါတယ်။

 

ဂျော်ဒန်မြို့လယ်မှာတော့ ပါလက်စတိုင်းဆန္ဒပြသူ ၆၀၀၀ ကျော်ဟာ အစ္စရေးသံရုံးအနီးမှာ ဆန္ဒပြခဲ့ကြပြီး ဟားမတ်စ်အဖွဲ့ကို ထောက်ခံကြောင်း၊ အစ္စရေးကို ဒုံးကျည်တွေ၊အသေခံဗုံးခွဲမှုတွေနဲ့ တိုက်ခိုက်ဖို့ တိုက်တွန်းနေပြီး ကျွန်ုပ်တို့ဟာ သင့်ရဲ့စစ်တပ်ဖြစ်ကြောင်းကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

 

တူရကီနဲ့ အီဂျစ်ရှိ မွတ်ဆလင်တွေကလည်း ဂါဇာကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှု အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ဟာအစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုရဲ့ပုံကို မီးရှို့ကာ လူမျိုးတုန်းသတ်ဖြတ်မှု ရပ်တန့်ဖို့၊ အကြမ်းဖက်သမား အစ္စရေးစတဲ့စာတန်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

 

ဂါဇာရှိ ဆေးရုံတရုံမှာ ဒုံးကျည်ထိမှန်ပေါက်ကွဲမှုကြောင့် လူရာနဲ့ချီသေဆုံးပြီးနောက် အောက်တိုဘာ ၁၇ ရက်စပြီး ကမ္ဘာတဝန်းက မွတ်ဆလင်တွေရဲ့ ဆန္ဒပြမှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဒီတိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ဟားမတ်စ်အဖွဲ့က စွပ်စွဲထားပေမယ့် ဒါဟာ ဟားမတ်စ်အဖွဲ့ရဲ့ ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ဖြစ်ခဲ့တာလို့ အစ္စရေးကလည်း ပြောဆိုထားပါတယ်။

 

Ref:Reuters

Photo:Reuters

#voiceofmyanmar #VOM #Muslims #protest #Israel #Gaza-campaign

Telegram Link: https://t.me/VOMNEWS2023/3109

 

Related posts

Leave a Comment

VOM News

FREE
VIEW