ပခုက္ကူ – ရေစကြိုကားလမ်မှာရှိတဲ့ မြန်မာ – ဂျပန် လက်အိတ်ကုမ္မဏီ စက်ရုံ မန်နေဂျာကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကဖမ်းဆီး

နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃
SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ေရစကြိုမြို့နယ် ၊ ဆန်းသစ်ကျေးရွာ ခေါ် ၁၂ မိုင်ရွာနားမှာရှိတဲ့ မြန်မာ – ဂျပန် KURODA လက်အိတ်စက်ရုံထဲကို မနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဝင်​လာပြီးမန်နေဂျာကိုဖမ်းကာ ကားတစီးကို ယူသွားတယ်လို့ ပခုက္ကူ စက်မှုဇုံ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က မနက် ၉ နာရီခွဲလောက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုက လက်အိတ်စက်ရုံထဲဝင်ရောက်ပြီး စက်ရုံမန်နေဂျာ ကိုမိုးဝင်း ဆိုသူနဲ့ ကားတစီးကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ပခုက္ကူနယ်မှာက စီးပွားရေး လုပ်ငန်းရှင်တွေ ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကုမ္မဏီ လုပ်ငန်းတွေ ၊ စက်မှုဇုန် လုပ်ငန်းရှင်တွေကို အရင်က အခုလို ဖမ်းခေါ်ခံရတာတွေရှိတယ် ၊ နောက်ပြီး ပိုက်ဆံနဲ့ပြန်ရွေးတဲ့အခါ ပြန်လွတ်လာကြတယ် ၊ အခုလည်း ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်တာဖြစ်နိုင်တယ် ” လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

ညနေပိုင်းအထိတော့ စက်ရုံကို လက်နက်ကိုင်အဖွဲ့က ဆက်သွယ်လာတာမျိုးမရှိသေးလို့ အခြေအနေစောင့်ကြည့်နေရတယ်လို့ပြောပါတယ်။

ခုအခင်းဖြစ်တဲ့ ဆန်းသစ်ရွာနဲ့ တရွာကျော်လောက်က ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာနားက Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကိုလည်း ဇန်နဝါရီ၂၆ရက် အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ တခုက ပြန်ပေးဆွဲခံရပြီးနောက် ၂ ရက်ကြာ ဇန်နဝါရီ ၂၈ ရက်မှာ ပိုက်ဆံ သိန်း နှစ်ထောင်ကျပ်နဲ့ပြန်လည် ရွေးယူပြီး လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက် မနက် ၈ နာရီဝန်းကျင်က ပခုက္ကူမြို့ ၊ အမှတ် ၅ ရပ်ကွက်မှာနေတဲ့ ပြည်ခိုင်ဖြိုး ပါတီရဲ့ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဆွေလင်း ၅၁ နှစ် ဆိုသူကို အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးခေါ်ဆောင်ခံရပာတယ်။ အဲဒီနောက် ပိုက်ဆံ သိန်းလေးထောင် တောင်းတာကြောင့် မိသားစုက ညှိနှိုင်းပြီး သိန်း ငါးရာနဲ့ပြန်ရွေးတဲ့အခါ ပိုက်ဆံသာေပးရပေမယ့် ဦးဆွေလင်းရဲ့ ရုပ်အလောင်းကိုတာ ပြန်ရခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကလည်း ပြည်ခိုင်ဖြိုးဝန်းရံသူ ပခုက္ကူမြို့ ၊ အမှတ် ၉ ရပ်ကွက်က လုပ်ငန်းရှင် ဦးဝင်းထိန်လည်း ပြန်ပေးဆွဲဖမ်းဆီးခံရပြီးနောက် တောင်းဆိုတဲ့ငွေကြေးညှိနှိုင်းပေးပြီးမှ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်မှာလည်း ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ပခုက္ကူမြို့ ၊ အမှတ် ၁၀ ရပ်ကွက် ၊ ကန္နားလမ်းမှာနေတဲ့ ဆန်ကုန်သည် ဦးအောင်မိုးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံရပြီး ငွေနဲ့ရွေးလို့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၀၂၃ မတ်လပိုင်းက ပခုက္ကူမြို့ ၊ အမှတ် ၁၅ ရပ်ကွက် ၊ မြို့ရှောင်လမ်းမှာရှိတဲ့ အနာဂတ်အလင်းရောင် ဖောင်ဒေးရှင်း လူငယ်ဖွံဖြိုးရေး ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွဋ် ဆိုသူဟာ ပခုက္ကူဒေသတွင်း ယာယီတိုက်ပွဲရှောင်သူတွေကို သွားရောက်ကူညီရာကနေ ပြန်ပေးဆွဲ ဖမ်းဆီးခံရပါတယ်။ မတ် ၂၆ ရက်က သူ့မိန်းမ ဒေါ်ယမင်းဖြူဖြူသက်ဆီ ဦးရဲထွဋ် ကိုဖမ်းဆီးထားတဲ့ အဖွဲ့က ဖုန်းဆက်ပြီး ပိုက်ဆံ သိန်း ၅ ထောင်နဲ့ ပြန်ရွေးရမယ်လို့ ဆက်သွယ်ပြောဆိုလာပြီးနောက် ညှိနှိုင်းေပးလို့ လွတ်မြောက်ခဲ့ပါတယ်။

၂၀၂၂ တုန်းကလည်း ပခုက္ကူနယ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်ထွန်းဆိုသူဟာ လားရှိုးကနေ ပခုက္ကူနေအိမ်ကို ပြန်အလာ လမ်းမှာ ပြန်ပေးဆွဲ အဖမ်းခံရတယ် ၊ သိန်း တစ်ထောင်နဲ့ ပြန်ရွေးရမယ်ဆိုတော့ သူ့မိသားစုက သွားပြန်ရွေးချိန်မှာ ဦးအောင်ထွန်းဟာသတ်ဖြတ်ခံလိုက်ရပြီးဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ လုယက်ဓားပြတိုက်တာတွေ ၊ လူပြန်ပေးဆွဲ ဖမ်းဆီးတာတွေကြောင့် ပခုက္ကူနယ်ခံ ကုန်သည် ပွဲစားတွေ ၊ စက်ပိုင်တချို့ဟာ နေရပ်စွန့်ခွာပြီး တခြားမြို့တွေကို ပြောင်းရွေ့နေထိုင်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #vom #ပခုက္ကူမြို့ #မြန်မာဂျပန်လက်အိတ်စက်ရုံ

 

Related posts

Leave a Comment

VOM News

FREE
VIEW