မူဆယ်မှာ ဒေသခံတွေ မိုင်းနင်းမိတာ မကြာခဏဖြစ်ဖြစ်ပွားလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေ

 

ဇန်နဝါရီ ၁၅၊ ၂၀၂၄

Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ မကြာသေးမီကာလတွေအတွင်း ဒေသခံတွေ မိုင်းနင်းမိတာတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က အမျိုးသား တစ်ဦး ခြံသွားရာက မိုင်း ပြန်နင်းမိလို့ ခြေထောက် နစ်ဖက် ပြတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“၁၂ ကျော်ကျော်လောက်ပေါ့။ ပြန်လာပြီးတော့ ဖြစ်သွားတာပေါ့။ ဟုတ်တယ်။ ခြံထဲသွားတာ။ သူက ခြံထဲ ဖြစ်တာလေ။ ခြေထောက်က ပြတ်သွားတာ။ အသားပဲ ကျန်တော့တာ။ မူဆယ်မှာ မိုင်းနင်းမိတာ ၂ ယောက် မကဘူး။ တခြားအသင်းတွေ သွားသယ် တာလည်း ရှိတယ်။ အဲဒီ တောင်ပေါ်မှာပဲ။ မန့်မိုင် သွားတဲ့ ကုန်းမှာ အများဆုံး ဖြစ်တယ်။ ဘယ်ဘက်က ထောင်လို့ ထောင်မှန်းလည်းမသိဘူး။” လို့ အကူအညီပေးခဲ့တဲ့ ပရဟိတ အသင်းက တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မူဆယ်မှာ မိုင်းနင်းမိသူတွေ အရင်လ ဒီဇင်ဘာလ ကနေ လက်ရှိထိ ၅ ယောက်ထက် မနည်း ရှိပြီဖြစ်ပြီး မိုင်းနင်းမိသူတွေ အကုန်လုံး ခြေထောက်ပြတ်သွားကြတယ်လို့ သူက ပြောပါတယ်။

အရေးကြီးကီစ္စ မရဇိရင် ဒေသခံ ပြည်သူတွေအနေနဲ့ မန့်မိုင်တောင်ဘက် မသွားတာ အကောင်းဆုံး ဖြစ်ပြီး ထင်းခွေသွားတာမျိုး မလုပ်ဖို့ သတိပေးလိုကြောင်း သူက ပြောပါတယ်။

“ကျွန်မတို့ခြံနဲ့ မဝေးဘူး။ သူများ ခြံစောင့်တဲ့ ဗမာ ကောင်လေး ဟုတ်တယ်။ အခု နင်းမိတာက ခြံထဲလို့ ပြောလို့ရတယ်။ လမ်းမကြီး မဟုတ်ဘူး။ သူများခြံက လမ်း။” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။

မူဆယ်အထွက် လမ်းမကြီး လမ်းပိတ်ထားတာကြောင့် ၁၀၅ မိုင်နဲ့ မော်တောင်ဘက် သွားရမယ့် ဒေသခံတွေက အဲဒီ တောင်ပေါ်ဘက်လမ်းကနေပဲ သွားရတာကြောင့် မိုင်းအန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း လားရှိုးမြို့ မြို့ရှောင်လမ်းဘက်၊ ဆင်တောင်ဘက်က ခြံ မှာ အမျိုးသား တယောက် မိုင်းနင်းမိကာ ခြေထောက် တစ်ဖက် ပြတ်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ အကြား စစ်ရေးတင်းမာနေတဲ့ နေရာတွေမှာ အရပ်သား ပြည်သူတွေ မကြာခဏ မိုင်းနင်းမိ ထိခိုက် ဒဏ်ရာရရှိလာတာကြောင့် ဒေသခံတွေက ဥယျာဉ် ခြံမြေ၊ လယ်ခင်း ယာခင်းတွေသွားဖို့ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

Photo Crd# မေတ္တာပန်းခင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW