တိုက်ပွဲတွေကြောင့် ရှမ်းထွက်ကုန်တွေ ပြည်တွင်း တင်ပို့ရောင်းချမှု ၈၀ ရာခိုင်နူန်းလောက်ကျဆင်း

ရန်ကုန် ၊ ဇန်နဝါရီ ၁၆- ၂၀၂၄
GG(VOM)

ရှမ်းပြည်နယ်အတွင်းမှ ဒေသ ထွက်ကုန်ပစ္စည်းတွေကို ပြည်မကိုတင်ပို့ရောင်းချမှု ၈၀ ရာခိုင်နှုန်း လောက်အထိ ကျဆင်းမှုရှိနေတယ်လို့ ရှမ်းအခြေစိုက်ကုန်သည်တွေဆီကသိရပါတယ်။

ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်အပါအဝင် မြန်မာနိုင်ငံနေရာအနှံအပြားမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း ၊ ပြတ်တောက်ခြင်း ၊ စက်သုံးဆီဈေးမြင့်တက်ခြင်း စတဲ့အခက်အခဲတွေကြောင့် ရခိုင် အပါအဝင် ဒေသတော်တော်များများကို တင်ပို့ရောင်းချနိုင်ခြင်းမရှိတဲ့အတွက် ပြည်တွင်း ကုန်စည်တင်ပို့ရောင်းချမှုလျော့ကျလာနေတာဖြစ်တယ်လို့သိရပါတယ်။

“ပြည်တွင်းကုန်သွယ်ရေးက ၁၀၀ မှာ ၂၀ ရာခိုင်နူန်း ပဲလုပ်ရတယ်၊အရင်တုန်းက ရာနူန်းပြည့်လုပ်ရတယ်၊ အဲ့တုန်းက တပိဿာမှ ၅ကျပ်၊၆ကျပ် ပဲအများကြီးမစားဘူး အများဆုံးမှ ၂၀ပဲ။အဲ့ဒါကိုအမြတ်နည်းနည်းနဲ့အရမ်းပို့ရတော့ အရမ်းကိုက်တယ်၊အခုတပိဿာ ၁၀၀ လောက်စားရတော့မကိုက်ဘူး။အဲ့လိုဖြစ်နေတယ်။အဓိကအရောင်းအဝယ်ပါးတယ်။လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲတယ်။ဆီဈေးတွေတက်တယ်။ပို့မရတဲ့နေရာတွေကလည်းတအားများလာတယ် ” လို့ ရှမ်းတောင်က ကုန်သည်တယောက်က ပြောပါတယ်။

ဒါ့အပြင်ရှမ်းပြည်နယ် မြောက်ပိုင်းမှ ထွက်ရှိတဲ့ ပစ္စည်းတွေကို သယ်ယူရာမှာ တံတားတွေကျိုးတာ ၊လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲတာကြောင့် ခရီးစဉ်ရက်ရှည်ပြီး ကုန်ကျစရိတ်များတဲ့ပြဿနာတွေရင်ဆိုင်နေရပြီး ပြည်ပတင်ပို့ရာမှာလည်း ဈေးကောင်းရရှိမှုနည်းသလို ပြည်တွင်းတင်ပို့ရောင်းချရာမှာလည်း လျော့ကျလို့ တောင်သူတွေ ဈေးကောင်းမရတဲ့အပြင် အရှုံးနဲ့ပါရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။

“ကုန်တွေရှိတယ် တချို့တောင်သူကလည်းဈေးမရဘူးဆိုရင် မရောင်းကြဘူး။ ဈေးကြိုက်မှလာရောင်းတယ်။ငွေလိုလို့ ရောင်းသူလည်းရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ကုန်စိမ်းက ဒီနေ့လာတာဒီနေ့ကုန်မှဖြစ်တာ မဟုတ်ရင်ဈေးတွေက နောက်ရက်ဆိုထက်ဝက်ပြုတ်ကျတယ်။ ကုန်စိမ်းဈေးဂေါ်ဖီ ၊ ပန်းမုံလာက ဧရာဝတီ တိုင်း ၊ယိုးဒယားသွားတယ်၊အခုက ထိုင်းဘက်လည်းသွားဖို့ကမလွယ်ဘူး။ ၁၂ ဘီးကားတွေတောင်မလွယ်ဘူး။ ဂေါ်ဖီထုတ်ကားတွေတက်သွားတာ လမ်းမှာပဲ ကြာနေလို့ ပြန်လည်းမသယ်နိုင်ဘဲ လမ်းမှာပဲ ပေးလိုက်ရတာတွေ ၊ အရှုံးနဲ့ရောင်းရတာတွေရှိတယ် ” လို့ ရှမ်းမြောက် ကုန်သည်တယောက်က ပြောပါတယ် ။

ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရန်ကုန်ကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစရိတ်အနေနဲ့ အရင်က တပိဿာကို ၁၀၀ ကျပ်အောက်သာရှိပေမယ့် လက်ရှိမှာ တပိဿာကို ၂၀၀ ကျပ်အထက်ရှိကြောင်း ၊ ရှမ်းမြောက်ကနေ သယ်ယူစရိတ်ကတော့ ပိုပြီး များတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်က ထွက်တဲ့ကုန်ပစ္စည်းတွေမှာ ကော်ဖီ၊ ထောပတ်သီး၊ဖရဲ၊သခွား ကို တရုတ်နဲ့ထိုင်းကို အဓိကတင်ပို့ပြီး ကျန်တဲ့ ကြက်သွန်ဖြူ၊အာလူး ၊ငရုတ်သီး၊ လက်ဖက်၊ အပါအဝင် ကုန်စိမ်းပစ္စည်းတွေကိုတော့ ပြည်တွင်း တင်ပို့ရောင်းချရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ကုန်စည်တွေကို ပြည်တွင်းသယ်ယူပို့ဆောင်ရာမှာ ရခိုင်ကို လေကြောင်းကနေသာခက်ခက်ခဲခဲ ပို့ဆောင်နေရပြီး ရန်ကုန်၊ဧရာဝတီတိုင်း၊ မန္တလေး ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်းကိုသာအဓိကတင်ပို့နေရပြီး ကျန်တဲ့ ချင်း၊ စစ်ကိုင်း၊ ကရင်၊ကယား ၊ ချင်း အပါအဝင် နေရာဒေသတွေကိုတော့ တင်ပို့မှုနည်းတယ်လို့သိရပါတယ်။
Photo:Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW