ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ

ဇန်နဝါရီ ၊ ၂၁ ၊ ၂၀၂၄
SP (VOM)

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်စလို့ မနေ့ကထိ ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဝှေခါ ၊ ဆိုင်းတောင် ၊ မော်ရှန် ၊ ဆိပ်မူ စတဲ့ကျေးရွာတွေဘက်မှာ မနေ့က ညပိုင်း အထိ ၊ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပေမယ့် ဒီကနေ့မနက်စလို့ အဲ့ဒီနေရာတွေမှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာဆီကို ထွက်ပြေးတိမ်းရှောင်ဖို့ သွားလာနေကြဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဖားကန့်ဒေသခံတယောက်က ” ဖားကန့်နယ်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်တာ ၁၅ ရက်ကျော်နေပြီ ၊ မနေ့ မနက်ပိုင်းက ဝှေခါ ရဲကင်းစခန်းဘက်မှာ တိုက်ပွဲဖြစ်တယ် ၊ ဒီမနက်တော့ တိုက်ပွဲဖြစ်သံတွေ အခုထိ မကြားရသေးဘူး ၊ ဒီနေ့ကနေ့ဟာ တနင်္ဂနွေနေ့ဆိုတော့ ဘုရားကျောင်းမှာ ဝတ်ပြုနေကြတယ် ၊ ဆိပ်မူး ၊ ဝှေခါ ၊ ဆိုင်းတောင် ၊ မှော်ရှန် စတဲ့ရွာတွေမှာကတော့ ဒေသခံ လူအများစုကတော့ ဘုရားကျောင်း မတက်ကြဘူး ၊ တိုက်ပွဲရှောင်ဖို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ် ၊ ရွာလုံးကျွတ်တွေ ပြေးကြတယ် ၊ အဲ့ဒီလို ပြေးရတာဆိုပေမယ့် ၊ တခြားမြို့တွေဆီကို ပြေးဖို့မဖြစ်နိုင်ဘူး ၊ အဝေးသွား လမ်းကြောင်းတွေက အားလုံးပိတ်ထားတယ် ၊ ဖားကန့်နယ်မှာ အဝင်အထွက် ကားမရှိဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးညှင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က မနက် ၆ နာရီကျော်နဲ့ ၉ နာရီချိန်ခန့်မှာ ၊ ဖားကန့်မြို့နယ်မှာရှိတဲ့ ဝှေခါရဲကင်းစခန်းကို Drone၊ လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ ၂ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်တယ် ၊ နောက်ပြီး ည ၇ နာရီခန့်မှာ နောက်တကြိမ် ပြန်လာတိုက်တယ် ၊ ဒီမနက်အထိတော့ ထိတွေ့မှုဖြစ်စဉ် မရှိသေးဘူး ၊ လက်ရှိ အခြေအနေကတော့ ဝှေခါကနေ ဆုတ်တဲ့ အဖွဲ့တွေဟာ ဆိုင်းတောင်မှာ ပေါင်းနေတယ်လို့ကြားရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ခံ တယောက်က ” ဖားကန့်နယ်က ရွာတွေတော်တော်များ ဒီကနေ့ ထွက်ပြေးနေတာရှိတယ် ၊ တိုက်ပွဲက ငြိမ်သက်နေပေမယ့် အခုလို ပြေးကြတာ သတင်းတခုခု ကြိုပြီးရနေလို့ ဖြစ်နိုင်တယ် ၊ ဖားကန့်နယ်ကို အဝေးပြေးကားလမ်းတွေ ပိတ်ထားတယ် ၊ မကြာ မကြာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာရှိတယ် ၊ ဒီနေ့တော့ အဲ့ဒီလို မဖြစ်သေးဘူး ၊ ကျောက်ဝိုင်းတွေကတော့ပိတ်ထားတာမရှိပေမယ့် အရင်လို အရောင်းအဝယ်မဖြစ်ဘူး ၊ ကုန်သည်ပိုင်းအများစုက ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ တချို့ပြေးကြတယ် ” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ တိုင်းရင်းမျိုးစုံနေထိုင်ကြပြီး ၊ ကချင် နဲ့ ရှမ်းနီ တိုင်းသားတွေက ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဖြစ် ထူထောင်ထားတာရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ဆယ်ဇင်းကျေးရွာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ဆယ်ဇင်းကျေးရွာရဲ့ လူနေ အဆောက်ဦး တဝက်ကျော် မီးလောင်ပျက်စီးတာတွေ ဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ ဖားကန့်နယ်ခံတွေ ဒီမနက် ထွက်ပြေးနေပုံ ( ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW