တောင်အာဖရိကမှာ ချောက်ထဲ ဘတ်စ်ကားတစင်းကျလို့ ၄၅ ယောက်သေဆုံးပြီး ကလေးငယ်တယောက်သာ အသက်ရှင်

ကိပ်တောင်း၊ မတ်-၂၉-၂၀၂၄
မျိုးဆက်(VOM)
တောင်အာဖရိကနိုင်ငံမှာ တံတားတစင်းပေါ်ကနေ ၁၆၅ ပေအနက်ရှိတဲ့ ချောက်ထဲကို ဘတ်စ်ကာတစီး ထိုးကျမှုကြောင့် လူ ၄၅ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
ဘတ်စ်ကားပေါ် လိုက်ပါသူတွေထဲက တဦးတည်းသောအသက်ရှင်ကျန်ရစ်သူ အသက် ၈ နှစ်အရွယ် မိန်းကလေးဟာလည်း ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ထားရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဘတ်စ်ကားဟာ တံတားပေါ်ရှိ အရံအတားတခုကို ဝင်တိုက်ပြီးနောက် ချောက်ထဲကျခဲ့တာဖြစ်ပြီး ဒီမတော်တဆမှုဟာ နိုင်ငံအရှေ့မြောက်ပိုင်း လင်ပိုပိုပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။
ခရီးသည်တွေဟာ ဘော့ဆွာနာမြို့တော် ဂါဘိုရိုနီကနေ မိုရီယာမြို့ကို ဘုရားဖူးထွက်လာကြတာဖြစ်ပါတယ်။ ဘတ်စ်ကားဟာ ဂျိုဟန်နက်စ်ဘတ်မြို့မြောက်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ မိုကိုပါနီနဲ့ မာကန်တောင်ကြားမှာရှိတဲ့ တံတားပေါ်ကနေ ပြုကျခဲ့တာဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့နေ့ နှောင်းပိုင်းထိ ဆက်လက်ပြုလုပ်ခဲ့ရပြီး အပျက်အစီးတွေကြောင့် အလောင်းတွေကို ရှာဖွေသယ်ထုတ်ရေးမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:Limpopo Department of Transport

Related posts

✕
VOM News

FREE
VIEW