ပြည်ပ ငွေအဝင်ပြနိုင်မှသာ OWIC ကတ် လုပ်ပေးမယ်လို့ ဆိုတာကြောင့် ခွင့်ပြန်လုပ်သားတွေ အခက်တွေ့နေ

 

ဇွန် ၉ – ၂၀၂၄
SN (VOM)

ပြည်ပကနေ တရားဝင်ငွေလွှဲတဲ့ ဘဏ်အထောက်အထား ပြနိုင်မှသာ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) ပြုလုပ်ပေးမယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အသိပေး ကြေညာထားတဲ့အတွက် အခက်တွေ့နေရတယ်လို့ ခွင့်ပြန်လုပ်သားတွေက ပြောပါတယ်။

“ငွေလွှဲဖို့ ပြောတာက လွှဲစရာငွေရှိရင်တော့ အဆင်ပြေတာပေါ့။ မရှိတော့လည်း ဘယ်လိုလုပ်ပေးရမလဲ။ လူတိုင်းက အိမ်ကို ငွေပြန်ပို့နိုင်နေကြတာမှ မဟုတ်တာ။ ပြည်ပမှာ အလုပ်အဆင်မပြေလို့ နေထိုင်၊ စားသောက်စရိတ် မလောက်ရင်လည်း အိမ်ကို ငွေမလွှဲနိုင်ဘူးလေ။ အဲဒီတော့ ဘဏ်စလစ်က ဘယ်လိုပြပေးရမလဲ။ ပြည်ပရောက်သွားတိုင်း အလုံးစုံ အဆင်ပြေနေတာ မဟုတ်ဘူး” လို့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ခဲ့သူတယောက်က ပြောပါတယ်။

သက်ဆိုင်ရာဌာနဘက်ကတော့ ပြည်ပမှာရှိစဥ်က မိသားစုဆီလွှဲပို့ငွေ ဘဏ်စလစ်မပြနိုင်ရင်လည်း လက်ရှိမှာ ပြည်တွင်းဘဏ်အကောင့်ထဲ ပြည်ပကလွှဲပို့ငွေ ပြနိုင်ရင်တော့ ဖြေလျော့ ဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားပါတယ်။

ငွေလွှဲပို့ရာမှာ ဥပမာအနေနဲ့ ထိုင်းပြန်တယောက် လစာ ကျပ် ရှစ်သိန်းရရှိတယ်ဆိုရင် လစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ တလလွှဲပို့ရမယ့် ငွေပမာဏက နှစ်သိန်းဖြစ်ပြီး ရှစ်သိန်းလွှဲထားရင် လေးလစာ အကျုံးဝင်မယ်လို့ သိရပါတယ်။

မိသားစုဆီ ပြည်ပကနေ တရားဝင် ငွေလွှဲခဲ့တာမျိုး မရှိတဲ့သူတွေအနေနဲ့ International Money Transfer တွေဖြစ်တဲ့ Western Union , IME , RIA , Money Gram စတဲ့ တရားဝင် ငွေလွှဲလုပ်ငန်းတွေကနေ ပြည်ပက အလုပ်ရှင် (ဒါမှမဟုတ်) မိတ်ဆွေတယောက်ယောက်ကို မြန်မာပြည်မှာရှိနေတဲ့မိမိဆီ ငွေလှမ်းလွှဲခိုင်းပြီး အဲဒီလို လွှဲထားတဲ့ အထောက်အထားပြနိုင်ရင်တော့ OWIC ကတ် လုပ်လို့ရနိုင်တယ်လို့ ဌာနက အကြံပြုထားပါတယ်။

ပြည်ပမှာ အခွန်မဆောင်ခဲ့သူတွေအနေနဲ့ အင်းစိန်၊ ကမာရွတ်၊ မြောက်ဒဂုံ စတဲ့ နီးစပ်ရာ အခွန်ရုံးတွေဆီမှာ အခွန်ဆောင်လို့ရတယ်လို့လည်း အသိပေးထားပါတယ်။

“သူတို့ပြောတာကတော့ အရမ်းလွယ်တယ်။ ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြည်ပက အလုပ်ရှင်ဆိုတာက ဘယ်လို ယုံကြည်စိတ်ချမှုမျိုးနဲ့ မြန်မာပြည်ကလူကို ငွေလွှဲပေးနိုင်မှာလဲ။ မြန်မာပြည်မှာက ပြန်လာနိုင်မလား၊ ပြန်မလာနိုင်ဘူးလား မသေချာတဲ့ အခြေအနေတွေနဲ့။ ဒါကို သူတို့က ဘယ်လိုယုံကြည်စိတ်ချမှုမျိုးနဲ့ ငွေလွှဲပေးမလဲစဉ်းစားကြည့်။ ပြည်ပမှာ ကျန်ခဲ့တဲ့ မိတ်ဆွေတွေက ငွေလွှဲပေးဖို့ ဆိုတာကလည်း သူတို့လည်း အဆင်ပြေဦးမှ။ အလုပ်ရှုပ်ခံပေးနိုင်ဦးမှ ဖြစ်မှာ။ OWIC ကတ် ပျောက်ဆုံးနဲ့ သက်တမ်းကုန်နေတဲ့ သူတွေအတွက်ကတော့ တော်တော်လေးကို အကျပ်ရိုက်နိုင်တယ်” လို့ စင်ကာပူနိုင်ငံရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

နစက က ပြည်ပရောက် မြန်မာလုပ်သားတွေကို လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင်ဘဏ်စနစ်ကနေ ပေးပို့ဖို့ ညွှန်ကြားထားတာလည်း ရှိတဲ့အတွက် အခုလို အကျပ်ကိုင်တာဟာ ပြည်ပရောက် လုပ်သားတွေဆီက နိုင်ငံခြားငွေရရှိဖို့ ထပ်မံ ဖိအားပေး ကြိုးစားတာသာဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ဝေဖန်ပြောဆိုကြပါတယ်။

နစကအနေနဲ့ နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူတွေကို OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွာခွင့်ပြုထားတာကြောင့် PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ပြည်ပကနေ ခွင့်နဲ့ ပြန်ရောက်နေတဲ့ အလုပ်သမားတွေအနေနဲ့ ပြန်လည်ထွက်ခွာလိုပါက OWIC ကတ် မဖြစ်မနေရှိဖို့လို အပ်နေတာလည်း ဖြစ်ပါတယ်။

ဒါအပြင် နစကအနေနဲ့ အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ် (PJ) ကိုင်ထားသူတွေကို ဇွန် ၆ ရက်ကစပြီး အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ပြောင်းလဲလျှောက်ထားခွင့် ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်တဲ့ အလုပ်သမားစာရင်း ရရှိနိုင်ဖို့၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေကနေ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်တွေကို ပေးဆောင်စေပြီး နိုင်ငံတော်အတွက် ဝင်ငွေရရှိစေဖို့အပြင် အလုပ်သမားတွေ အခက်အခဲပြဿနာဖြစ်လို့ အကူအညီ တောင်းခံလာတဲ့အခါမှာလည်း ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့အတွက် OWIC ကတ်ကို ထုတ်ပေးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာနအ‌နေနဲ့ OWIC ကတ်ကို သက်တမ်း ငါးနှစ်နဲ့ ထုတ်ပေးတာဖြစ်ပြီး အဲဒီကတ်နဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်တွေမှတဆင့် ပြည်ပနိုင်ငံတွေဆီ သွားရောက်နိုင်သလို ကတ်ရဲ့ သက်တမ်း ငါးနှစ်အတွင်း ခွင့်နဲ့ပြန်လာပြီး ပြန်လည်ထွက်ခွာမယ်ဆိုရင်လည်း ပြည်အဝင်၊ အထွက်အတွက် အဲဒီကတ်ကို ဆက်လက်ကိုင်ဆောင် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ အေဂျင်စီအစီအစဥ် အပါအဝင် မိမိအစီအစဥ်နဲ့ ပြည်ပနိုင်ငံ ၈၂ နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားဦးရေ နှစ်သိန်းတသောင်း ခြောက်ထောင်ကျော်ကို OWIC ကတ် ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #OWIC #ခွင့်ပြန်လုပ်သား

Related posts

Leave a Comment

VOM News

FREE
VIEW