ဩဂုတ် ၇၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း လေကြောင်း ဗုံးကြဲခံရလို့ လူခြောက် ယောက်သေဆုံးပြီး ဆိုင်ခန်း ၄၀၁ ခန်းမီးလောင် ပျက်စီးသွားကြောင်း TNLA နဲ့ MNDAA တွေရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
သြဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီက ကွတ်ခိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ နစက ဘက်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ ရှိ ဒေသခံပြည်သူ ၆ ယောက် ဗုံးစထိမှန်သေဆုံးပြီး ၁၀ ယောက်ထိခိုက်ဒဏ်ရာရကာ ဆိုင်ခန်းပေါင်း ၄၀၁ ခန်းမီးလောင်ပျက်စီးသွားတဲ့ အပြင် နေအိမ် ၁၀ အိမ်ထက် မနည်း ထိခိုက်ပျက်စီးသွား ကြောင်း TNLA ဘက်က သတင်း ထုတ် ပြန်ထားပါတယ်။
“နစက ဘက်က ကိုးကန့် MNDAA တွေကို ဗုံးကြဲ ချင်တာ ထင်တယ်။ ကိုးကန့် MNDAA တွေကို မထိပဲ ပြည်သူတွေပဲ ထိကုန်တာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကိုးကန့် MNDAA ဘက် ကတော့ ကွတ်ခိုင်မြို့ကို ဗုံးကြဲခဲ့လို့ ပြည်သူ ရှစ်ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ထားပါတယ်။
“ကင်းထောက် လေယာဉ် တနေကုန် ခေါ်တုံ့ ခေါက်ပြန် ပျံဝဲနေလို့ ဈေး မြန်မြန် သိမ်း ဖို့ ပြောလို့ ဈေး ပိတ် သိမ်း လိုက်လို့ ဝော်သေးတယ်။ မဟုတ်ရင် လူ အများကြီးထိမှာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ပေါင် ၅၀၀ ဗုံးက ကွတ်ခိုင်မြို့တွင်း ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဂေါ်ရခါး ဘုရားကျောင်း ကုန်းထိပ်မှာ တလုံး၊ ဂေါ်ရခါးဘုရားကျောင်းရှေ့ကအရင်က ဆောက်လုပ်ရေး AE အိမ်ရာ၀န်းရှေ့မှာ သုံး လုံး၊ မြို့မဈေးကြီးရဲ့ တောင်ဘက်ဒေါင့်မှာ နှစ်လုံး၊ ရပ်ကွက် ၃ က တာမိုးညဲလမ်းဘေးမှာ တလုံး စုစုပေါင်း ၇ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ မြို့မဈေး အားလုံးနီးပါး မီးသလာင်ပြာကျသွားတဲ့ အပြင် အနီးနားရှိ နေအိမ် ဆိုင်ခန်းတွေ အများအပြားလည်း ထိခိုက်ပျက်စီး သွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမ အကျော့ တုန်းက MNDAA နဲ့ TNLA တို့ သိမ်းပိုက် ထိမ်းချုပ်ထားတဲ့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင် မြို့တွေမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိတော့ ပေမယ့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံ နေရကာ ပြည်သူတွေ ထိခိုက် သေဆုံး မှုတွေ ဖြစ်နေတာပါ။
Photo Crd# PSLF/TNLA သတင်းနဲ့ ပြန်ကြားရေး ဌာန
#voiceofmyanmar #VOM #ကွတ်ခိုင် #လက်နက်ကြီးကျ #ခြောက်ယောက်သေ #ဆိုင်ခန်း၄၀၀ကျော် #ပျက်စီး