ဒီဇင်ဘာ ၃ – ၂၀၂၄
SN (VOM)
ရုရှားနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာလုပ်သားတွေ စတင်စေလွှတ်ဖို့ ရှိနေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ ဦးချားလ်မျိုးသန့်က ပြောပါတယ်။
လက်ရှိမှာ မြန်မာအလုပ်သမားတွေ စေလွှတ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနကို အလုပ်ကမ်းလှမ်းစာ (Demand Letter) တင်ထားပြီးဖြစ်ကာ ရုရှား – မြန်မာ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ရေးထိုးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဦးချားလ်မျိုးသန့်က ပြောပါတယ်။
“အခုက အစီအစဉ်တွေ ရေးဆွဲနေတုန်းပေါ့။ ဟိုဘက်နဲ့ နှစ်နိုင်ငံ MoU ထိုးဖို့ကလည်း မူကြမ်းအဆင့်ပဲ ရှိသေးတယ်။ ဒီဘက်ကတော့ အလုပ်သမားဝန်ကြီးဌာနကို Demand တင်တဲ့သူကတော့ တင်ထားပြီးသွားပြီ။ ဒါနဲ့ပတ်သက်လို့ ခွင့်ပြုမိန့်ကတော့ သူတို့ဘက်ကနေ အားလုံး process ပြီးသွားလို့၊ draft တွေဘာတွေ ပြီးသွားရင်တော့ လွှတ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလထဲမှာတော့ လွှတ်ဖို့မရှိဘူး။ လာမယ့် ၂၀၂၅ ခုနှစ်လောက်မှပဲ လွှတ်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းတွေအတွက် မြန်မာအလုပ်သမားတွေကို ခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး လတ်တလော အစီအစဉ်အရ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စတင်စေလွှတ်ဖို့ ရှိနေတယ်လို့ သူက ပြောပါတယ်။
ရုရှားနိုင်ငံကို သွားရောက်မယ့် အလုပ်သမားတွေအနေနဲ့ ရုရှားဘာသာစကား ကျွမ်းကျင်ရမှာဖြစ်ပြီး သင်တန်းတွေလည်း တက်ရောက်ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လုပ်သားအရေအတွက် ဘယ်လောက် လွှတ်မယ်ဆိုတာကတော့ သတ်မှတ်ထားခြင်းတော့ မရှိပါဘူး။ သူတို့ရဲ့ Demand ပေါ်မှာမူတည်ပါတယ်။ သူတို့ဆီက ခေါ်တဲ့အပေါ်မှာ အခုလောလောဆယ် အယောက် ၂၀ ၊ ၃၀ ဒီလောက်ထိပဲရှိပါတယ်။ မွေးမြူရေးတဲ့ပတ်သက်ပြီး ခေါ်တာတွေကတော့များတယ်။ ဒါပေမယ့် အဲဒါတွေကတော့ လောလောဆယ် မဖြစ်နိုင်သေးဘူး။ ဒီဘက်က သွားမယ့်သူရှိရင်လည်း သင်တန်းတွေ တက်ရဦးမှာလေ။ ရုရှားစကားသင်တန်း တက်ရဦးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ ချက်ချင်းကြီးတော့ သွားလို့မရဘူး။ တချို့ကျတော့လည်း စကားပြောသင်တန်း တက်ရမယ်ဆိုရင် မသွားချင်တော့ဘူး။ သွားချင်တဲ့သူရှိသလို မသွားချင်တဲ့သူလည်း ရှိတယ်။ ဘာသာစကား သင်ရမယ်ဆိုတော့ တချို့ကတော့ သိပ်စိတ်မဝင်စားတော့ဘူး” လို့ ဦးချားလ်မျိုးသန့်က ပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် လုပ်ခလစာအနေနဲ့ ရိုးရိုး General Worker တယောက်ကို အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင် ရရှိမှာဖြစ်ပြီး ကျွမ်းကျင်အဆင့် ဆိုရင်တော့ ဒေါ်လာ ၂၀၀၀ ကနေ ၂၅၀၀ အထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။
“တကယ်လို့သူက လုပ်ငန်းကိုင်ငန်းကျွမ်းတယ်၊ welder (ဝရိန်ဆော်ခြင်း) ကို ကောင်းကောင်းမွန်မွန်နဲ့ လုပ်နိုင်တယ် ဆိုလို့ရှိရင် သူရဲ့လစာက ဒေါ်လာ ၂၀၀၀ ၊ ၂၅၀၀ အထိ ရမယ်။ အဲဒါကြောင့်မို့လို့ သွားမယ့်သူကတော့ နည်းနည်း စိတ်ဝင်စားမှုတော့ ရှိတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ရုရှားနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်မယ့်သူတွေအနေနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိနိုင်မှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ရုရှား NGO အဖွဲ့ (အစိုးရမဟုတ်သော အဖွဲ့အစည်း) လာရောက် တွေ့ဆုံချိန်မှာ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ မေလအတွင်းကထင်တယ်၊ ရုရှား NGO အဖွဲ့ လာရောက်တဲ့အချိန်မှာလည်း ပြောသွားတာရှိတယ်။ သူတို့ဆီ မြန်မာအလုပ်သမားတွေ ရောက်လာဖို့ရှိတယ်။ အဲဒီအခါမှာ အလုပ်ရှင်၊ အလုပ်သမားသော်လည်းကောင်း၊ တစုံတခု ပြဿနာဖြစ်ခဲ့ရင်သော်လည်းကောင်း၊ ဖြစ်လာလို့ရှိရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲဆိုတဲ့၊ ဒီမှာကလည်း MOEAA ရှိတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီလိုမျိုးတွေအတွက် link ချိတ်ပြီး အကြောင်းကြား ဖြေရှင်းရရင် ဖြစ်နိုင်မလားဆိုပြီးတော့ လာဆွေးနွေးဖူးတာရှိတယ်။ ဒါပေမယ့် ဒါက pre အနေနဲ့လာတွေ့တာ။ သူတို့ဘက်က အသေးစိတ်ကို ပြင်ဆင်ပြီးလို့ရှိရင်တော့ MOEAA နဲ့ စာချုပ် ချုပ်မယ်” လို့ သူက ပြောပါတယ်။
လက်ရှိ သွားရောက်မယ့်စနစ်ဟာ အစိုးရချင်း အခမဲ့စနစ် (Zero – Cost) ဖြစ်လို့ မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်မယ့် သူတွေအနေနဲ့ အခြေခံကုန်ကျစရိတ် အနည်းငယ်သာ ကုန်ကျမှာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
“ရုရှားက အလုပ်ရှင်တွေက အကုန်အကျခံပြီး ခေါ်မှာပါ။ ဒါက မြန်မာအလုပ်သမားတွေအတွက် စျေးကွက်အသစ်တခု ဖြစ်လာမှာပါ။ ရုရှားမှာက သူတို့နိုင်ငံရဲ့ လတ်တလော အခြေအနေအရ အခြေခံ အလုပ်သမားတွေ မရှိတော့ဘူး ဖြစ်နေတာ။ လုပ်သားရင်းမြစ် ရှားပါးနေတာပေါ့။ အဲဒါကြောင့် မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ တခြား အလျဉ်းသင့်တဲ့ နိုင်ငံတွေကနေ လုပ်သားတွေခေါ်ယူဖို့ စီစဥ်နေတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရုရှားအစိုးရဘက်မှ လုပ်သားသစ်တွေ စုဆောင်းခြင်းအတွက် ဘာသာစကားသင်တန်းတွေ စတင်နေပြီဖြစ်ကာ မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို MoU စနစ်နဲ့ လုပ်သားစေလွှတ်မှုတွေမှာ ထိုင်း၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့အပြင် ရုရှားနိုင်ငံလည်း ပါဝင်လာပြီဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
နေပြည်တော်မှာ ရဲကားနဲ့အိမ်စီးကားတိုက်မိလို့ ဒုရဲအုပ်အပါအဝင်နှစ်ယောက်သေပြီး ၁၂ယောက် ဒဏ်ရာရ
ဒီဇင်ဘာ ၃ – ၂၀၂၄ GG (VOM) နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုံ၊... -
ပြီးခဲ့တဲ့လအတွင်း ရန်ကုန်မှာ ပေါက်ကွဲမှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
ဒီဇင်ဘာ ၃ – ၂၀၂၄ SS (VOM) ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း... -
ရန်ကုန်မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေ ဖျက်သိမ်းပြီး မီနီအိုးဝေနဲ့ ပြေးဆွဲခွင့်ပြုမယ်လို့ သတင်းထွက်နေ
ဒီဇင်ဘာ ၃ – ၂ဝ၂၄ KKO(VOM) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အနှေးယာဉ်အဖြစ်ခရီးတိုပြေးဆွဲပေးနေတဲ့ ဘေးတွဲဆိုင်ကယ်တွေကိုဖျက်သိမ်းပြီး...