တောင်ကိုရီးယားသမ္မတကို ဖမ်းမယ့်အဖွဲ့နဲ့ သမ္မတလုံခြုံရေးအဖွဲ့ ထိပ်တိုက်တွေ့နေ

ဆိုးလ်၊ ဇန်နဝါရီ-၃-၂၀၂၅
မျိုးဆက်(VOM)
ဒီဇင်ဘာလအစောပိုင်းက စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့သွားတဲ့ ရဲတပ်ဖွဲ့ဟာ သမ္မတနေအိမ်ထဲကို ဒီကနေ့မနက်က ရောက်ရှိပေမယ့် သမ္မတရဲ့ လုံခြုံရေးအဖွဲ့နဲ့ ထိပ်တိုက်တွေ့နေပါတယ်။
ရဲအယောက် ၂၀ လောက်ဟာ ဒေသစံတော်ချိန်မနက် ၈ နာရီမှာ ရောက်ရှိခဲ့ပြီး နောက်တနာရီအကြာမှာတော့ အယောက် ၈၀ ထိ အားဖြည့်လာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံမှာ ရားထူးရှိချိန်မှ ဖမ်းဆီးဖို့ ပထမဆုံး ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
သမ္မတကို ဖမ်း၀ရမ်းထုတ်မှုဟာ တရားမဝင်ကြောင်း သမ္မတရဲ့ တရားရေးအဖွဲ့က ပြောဆိုထားပြီး သမ္မတလုံခြုံရေးအဖွဲ့ကတော့ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့ကြိုးစားမှုကို ပိတ်ဆို့ထားကာ သမ္မတထောက်ခံသူတွေကလည်း စုဝေးလို့နေပါတယ်။
သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ အာဏာအလွဲသုံးစားမှု အပါအဝင် စွဲချက်တွေကြောင့် စုံးစမ်းစစ်ဆေးဖို့ ဆင့်ခေါ်စာသုံးကြိမ်ကို လာရောက်ခြင်းမရှိတဲ့နောက် တရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးမှုကို တားဆီးသူတွေအနေနဲ့ ကိုယ်တိုင်တရားစွဲခံရနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောဆိုထားပါတယ်။
သူ့ကို စွပ်စွဲပြစ်တင်ဖြုတ်ချမယ့် အဆိုကို ဒီဇင်ဘာ ၁၄ ရက်မှာ လွှတ်တော်က မဲခွဲအတည်ပြုပြီးနောက် ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထောက်ခံမှသာ ရာထူးကနေ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ အခြေအနေကို ရှင်းလင်းစွာမသိရသေးပါဘူး။ သမ္မတထောက်ခံသူတွေရဲ့ ဆန္ဒပြမှုတွေဖြစ်ပွားနေတာကြောင့် ရဲတပ်ဖွဲ့ဟာ ရဲအင်အား ၂၇၀၀ နဲ့ ရဲကား၁၃၅ စင်းကို ဖြန့်ကြက်ချထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
Ref:BBC
Photo:AFP/Reuters

Related posts

✕
VOM News

FREE
VIEW