ဇန်နဝါရီ ၃ – ၂၀၂၅
KKO(VOM)
လွတ်လပ်ရေးနေ့မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့ဆိုတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေရဲ့ ငွေဆောင်သဘောတူညီချက်ဆိုတဲ့ ဆွေးနွေးပွဲရလဒ်တခုယခုရက် ပိုင်းအတွင်းမှာ ထွက်ပေါ်လို့လာခဲ့ပါတယ်။
အဲဒီငွေဆောင်သဘောတူညီချက်မှာ အဓိက (၇)ရက်ကိုတောင်းဆိုထုတ်ပြန်ထားတာကိုတွေ့ရပြီး အဲဒါတွေကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်ဖို့၊ သက်ဆိုင်တဲ့ စတိတ်ဟိုဒါတွေပါတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့၊ စစ်ပွဲတွေရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ကူညီပါဝင်ဆောင်ရွက်မှု၊ အသွင်ကူးပြောင်းရေး ကာလ သတ်မှတ်ဖို့နဲ့ ကြားကာလ စီမံခန့်ခွဲရေးယန္တရားတခု ဖွဲ့စည်းဖို့ဆိုတဲ့ အချက်တွေပါဝင်ခဲ့တာကို သိရှိရပါတယ်။
မြန်မာ့ဝါရင့်နိုင်ငံရေးသမားတယောက်ဖြစ်သူ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးက ဒီငွေဆောင်သဘောတူညီချက်နဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ မဇ္စျိမ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်တခုမှာ ထုတ်ဖေါ်ပြောကြားခဲ့လာတာဖြစ်ပါတယ်။
အဲဒီနောက် ငွေဆောင်သဘောတူညီချက်ဆိုတဲ့ ထုတ်ပြန်ချက်စာတစောင်ဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး အဲဒီအပေါ် နိုင်ငံရေးနယ်ပယ်အသိုင်းအဝိုင်းက အမျိုးမျိုးသောဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူလူထုကြားမှာထင်ကြေးပေးမှုတွေအမျိုးမျိုးအဖုံဖုံရှိလာခဲ့တာဖြစ်ပါတယ်။
“ဇန်နဝါရီ ၄ ရက်နေ့မှာ အန်တီစုပြန်လွတ်လာ မယ်လို့သတင်းတွေကြားနေရတယ်။ အဲဒီလို အန်တီစုလွတ်လာပြီးတဲ့နောက်မှာအစိုးရအဖွဲ့အပြောင်းအလဲလုပ်မယ်လို့တော့ကြားနေရတာပဲ။တဖက်မှာတရုတ်ဖိအားကအတော်ကြီးနေတဲ့အခြေ အနေမှာရှိပါတယ်”လို့ နေပြည် တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။
ဒါအပြင် မနက်ဖြန်ကျရောက်မယ့်လွတ်လပ်ရေးနေ့(ဇန်နဝါ ရီလ ၄ ရက်)မှာ အမျိူသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်သူ ယခင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်စုကြည်ဟာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့အတူ ပြန်လည်လွတ်မြောက်လာနိုင်ဖွယ်ရာရှိတယ်လို့ သတင်းတွေဟာလည်း အခုရက်ပိုင်းအတွင်းမှာကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ ပြည်တွင်းရေးရာကိစ္စရပ်တွေကိုပြန်ကြည့်ပါက စစ်ဘောင်ရပ်ဝန်းက အတော်လေးကိုကျယ်ပြန့်နေတာဖြစ်ပြီး ဒီလိုမျိုးတဖက်နဲ့တဖက် စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းအရဆွေးနွေးပွဲတွေကနေတဆင့် အဖြေရှာတာဟာပိုပြီးတော့ရလဒ်ကောင်းတ ွေဖြစ်လာနိုင်သလို နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာဖို့ကိုလည်း အမြဲတစေတိုက်တွန်းနေတယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO ခေါင်းဆောင်တယောက်က အခုလိုထပ်လောင်းပြောပြပါတယ်။
“ကျွန်မတို့ကတော့ အစထဲက NCA မှာပါဝင်လက်မှတ်ရေးထိုးထားခဲ့တဲ့သူမို့ယခင်ကရော၊အခုရော NCA လမ်းကြောင်းအတိုင်းပဲဆက်သွားနေပါတယ်။အခြားသောနိုင်ငံရေးအစုအဖွဲ့ အဖွဲ့အစည်းတွေအသီးသီးကြားမှာလည်းနိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့ကိုလည်းဟိုးထဲကအမြဲတစေတိုက်တွန်းနေတာပါ”လို့ သူက VOM ကို ပြောပါတယ်။
အဲဒါအပြင် အခုထွက်ပေါ်လာတဲ့ ငွေဆောင် သဘောတူညီချက်ဟာ တကယ်ဖြစ်မြောက်လာနိုင်ချေရှိ၊မရှိဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရအုံးမယ်လို့လည်း နေပြည်တော်အသိုင်းအဝိုင်း၊နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က အခုလိုဆက်ပြီး ပြောပြခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်လွတ်မယ်လို့အခုအသံတွေထွက်နေတယ်ပေါ့။ဒီလိုအသံတွေထွက်နေတာကကြာပြီ၊ဒါကတကယ်တမ်းဖြစ်လာနိုင်မလား၊ဒေါ်အောင်ဆန်းစုကြည်လွတ်မယ်ဆိုတာကရောဘယ်လောက်အထိယုံကြည်ရမလဲ၊အခုငွေဆောင်သဘောတူညီချက်မှာပါဝင်တဲ့အချက်တွေကရောတကယ် တမ်းမှာဖြစ်လာနိုင်ချေရှိလား၊မရှိဘူးလားဆိုတာကိုလည်းဆက်လက်စောင့်ကြည့်ရအုံးမှာပါ”လို့ သူက ပြောပြပါတယ်။
ငွေဆောင်ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ (၈၈)မျိုး ဆက်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သူ ကိုမြအေးကတော့ မဇ္စျိမ သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ လက်ရှိတိုင်းပြည်ရဲ့ အကျပ်အတည်းကို ဘယ်လို ထွက်ပေါက်ရှာ ကြမလဲဆိုပြီး ငွေဆောင်မှာ စုဝေး တိုင်ပင် စည်းဝေး အဖြေရှာခဲ့ကြတာလို့ ဆိုထားပြီး ဒီဆွေးနွေးပွဲကနေရရှိလာတဲ့ သဘောတူညီချက်တွေကိုလည်း ဘက်အသီးသီးမှာရှိကြတဲ့သူတွေကိုပေးပို့ ပြောဆိုခဲ့ပြီးဖြစ်တယ်လို့ ဖြေကြားထားတာကိုလည်း တွေ့ရပါတယ်။
အခုထွက်ပေါ်နေတဲ့ ငွေဆောင်သဘောတူညီချက်နဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်သူ ဒေါက်တာမျိုးညွှန့်ကတော့”ဒီနေ့အချိန်အခါဟာ တွေ့ဆုံဆွေးနွေးရေးစကားပြောမယ်ဆိုရင် တချို့လူတွေက ဒီဟာကိုလက်မခံနိုင်တဲ့အခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်ပွဲကြီးတွေကို တွေ့ဆုံဆွေးနွေးရေးနဲ့သာအဆုံး သတ်ရမှာဖြစ်တယ်လို့ ပြောခဲ့ဘူးတာရှိပါတယ်။ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးခြင်းဟာ အခြားနည်းလမ်းဖြစ်တဲ့ နိုင်ငံရေးလုပ်ငန်းတွေကိုရပ်ခိုင်းတာ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်တို့ သိဖို့လိုပါတယ်”လို့ VOM ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါအပြင် အခုလွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့လည်း ဒေါက်တာမျိုးညွှန့်က အခုလို ဆက်လက်ပြောပြခဲ့ပါတယ်။
“ဒီလိုအချိန်ရောက်လာရင် ဒီလိုသတင်းမျိုးဟာထွက်နေကြပဲဖြစ်ပါတယ်။ အဲဒီတော့ဖြစ်လာမှပဲကျွန်တော်ပြောချင်ပါတယ်။အဓိက ကတော့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ စေတနာရှိရှိနဲ့ လုပ်ဆောင်လာတယ်ဆိုရင်တော့ အဲဒီအပိုင်းကိုတော့ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဘဲနဲ့ လူထုသဘောထားအမြင်မှာအသာစီးရနေပေမယ့်၊ဒါကနိုင်ငံရေးလှည့်စားမှုဆိုရင်တော့ကျွန် တော်တို့ အဲလိုလုပ်ရပ်တွေကရိုးနေပြီလို့ပဲ ပြောချင်ပါတယ်”လို့ ဒေါက်တာမျိုးညွှန့်က ဆက်ပြီးပြောပြခဲ့ပါတယ်။
အဲဒါအပြင် နိုင်ငံရေးလုပ်တဲ့အခါမှာ ရိုးသားမှုက အင်မတန်အရေးကြီးတယ်လို့လည်း ဒေါက်တာမျိုးညွှန့် က ပြောကြားခဲ့ပါသေးတယ်။
“ကျွန်တော်ပြောချင်တာကတော့ ဒီနိုင်ငံရေးလုပ်တဲ့အခါမှာရိုးသားမှုကအင်မတန်အရေးကြီးပါတယ်။ ရိုးရိုးသားသားနဲ့ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်နဲ့လုပ်မယ်၊ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် ကိုယ့်အဖွဲ့အစည်းအတွက်ပဲ အမြဲတမ်းခေါင်းထဲမှာထည့်ပြီးလုပ်နေရင် ဒါနိုင်ငံရေးလုပ်တယ်လို့ချည်းပဲ မခေါ်သင့်ပါဘူး”လို့ ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။
ဒါအပြင် ယခုထွက်ပေါ်နေတဲ့ နိုင်ငံရေးအစုအဖွဲ့တွေပါဝင်ဆွေးနွေးကြတဲ့ ရလဒ်ဆိုတဲ့ ငွေဆောင်သဘောတူညီချက်(၇)ချက်ဟာ တကယ်တမ်းအလုပ်ဖြစ်လာနိုင်ချေ ရှိ၊မရှိဆိုတာက ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးကို လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
Related posts
-
အပစ်ရပ်ပထမအဆင့်မှာ လွှတ်ပေးမယ့် အစ္စရေးဓါးစာခံစာရင်း ဟားမတ်စ်တို့ ထုတ်ပြန်လာ
ဂါဇာစီးတီး၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)ဂါဇာစစ်ပွဲအဆုံးသတ်ရေး အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဓါးစာခံတွေ လွှတ်ပေးဖို့ဆန္ဒရှိကြောင်း ဟားမတ်စ်ထိပ်တန်း တာဝန်ရှိသူတယောက်က... -
အလှအပရေးရာ ဆေးခန်းမှာ အမျိုးသမီးတယောက် သေဆုံး အလောင်းဖျောက်ဖျက်ခံရမှု စုံစမ်းစစ်ဆေးနေ
ဇန်နဝါရီ ၆ – ၂ဝ၂၅ KKO(VOM) အလှအပရေးရာဆေးခန်းတခုရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရပြီး အလောင်းကို ရန်ကုန်မြို့ပြင်တနေရာမှာဖျောက်ဖျက်ခံခဲ့ရတဲ့... -
ဘလင်ကင် တောင်ကိုရီးယားရောက်နေချိန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်ခတ်
ဆိုးလ်၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)မြောက်ကိုရီးယားဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစင်းကို ဒီနေ့မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က...