ဇန်နဝါရီ ၃ – ၂၀၂၅
SS (VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ မြို့အထွက်လမ်းတွေ ပိတ်ထားတဲ့အတွက် ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီနေရာ သုံးနေရာမှာဆိုရင် ကားအစီးရေ လေး၊ ငါးရာလောက် ရှိမှာပေါ့။ နယ်ကားလေးတွေပေါ့။ သုံးဘီးတို့၊ လိုက်ထရပ်တို့ အဲဒီလိုကားလေးတွေပါ။ ရေစကြို၊ ပေါက်၊ မြိုင် အဲဒီဘက်က ကားလေးတွေပါ။ နှစ်ရက်ရှိပြီ ပိတ်မိနေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ မြို့ရှောင်လမ်း၊ စက်မှုဇုန်၊ ဧရာဝတီတံတားတွေကို နစက က ပိတ်ထားပြီး လုံခြုံရေးတင်းကြပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ပခုက္ကူမြို့မှာ လွပ်လပ်ရေးနေ့ အခမ်းအနားတွေ ပြုလုပ်မှာ ဖြစ်တဲ့အတွက် လမ်းခဏ ပိတ်ထားတာပါ။ အခမ်းအနားပြီးသွားရင်တော့ လမ်းတွေပြန်ဖွင့်ပေးမှာပါ” လို့ ပြောပါတယ်။
အခုလို အထွက်လမ်းတွေ ပိတ်ထားတဲ့အတွက် ခရီးသည်တွေ၊ ကုန်စည်တွေ၊ ဆေးထိုးရမယ့် ကလေးသူငယ်တွေ အကုန် ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။
“အခုလိုပိတ်ထားတော့ နယ်ဘက်ကကားတွေလည်း အဝင်မရှိဘူး။ ကုန်စည်ပြတ်တောက်သွားတယ်ပေါ့။ အခုက အဝင်ကိုလက်ခံတယ်။ အထွက် လက်မခံဘူး။ အထွက်မရတော့ လူတွေက မလာတော့ဘူးလေ။ နယ်ဘက်က သီးနှံကုန်တွေရော ဘာမှမလာတော့ဘူး။ မနေ့က သံဃာကားတွေတော့ ထွက်ခွင့်ပေးတယ်။ ကျန်တဲ့ကားတွေတော့ ထွက်ခွင့်မပေးဘူး” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ အခြေအနေကြောင့် လမ်းခရီးမှာ ပိတ်မိနေတဲ့ ခရီးသည်တွေဟာ နေရေးထိုင်ရေး၊ စားရေးသောက်ရေးအတွက် အခက်တွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။
“အခု တချို့ကတော့ နီးစပ်ရာတွေ၊ ဘုန်းကြီးကျောင်းတွေ သွားအိပ်ကြတယ်။ အသိမရှိတဲ့သူတွေကတော့ ဂိတ်နားလေးတွေ အိပ်ကြတယ်။ မနေ့ညက ဖြစ်စဉ်ပေါ့။ ဧရာဝတီတံတား တောင်ဘက်မှာ ညအိပ်ကြရတာ။ စားရေးသောက်ရေး အခက်အခဲကတော့ ရှိတာပေါ့။ အခုက နယ်ကလာတဲ့သူ အတော်များများက တောင်သူတွေများတယ်။ နောက် ဈေးဝယ်၊ ဆေးခန်းပြပေါ့။ အဲဒီလိုလူတွေများတယ်” လို့ သူက ပြောပါတယ်။
ပခုက္ကူမြို့မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့က ပခုက္ကူ စက်မှုဇုန် (၁) လမ်းမှာ နစက ကားတစီး တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သလို ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း မြို့ရှောင်လမ်းမှာ နစက ကားတစီး တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
အပစ်ရပ်ပထမအဆင့်မှာ လွှတ်ပေးမယ့် အစ္စရေးဓါးစာခံစာရင်း ဟားမတ်စ်တို့ ထုတ်ပြန်လာ
ဂါဇာစီးတီး၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)ဂါဇာစစ်ပွဲအဆုံးသတ်ရေး အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဓါးစာခံတွေ လွှတ်ပေးဖို့ဆန္ဒရှိကြောင်း ဟားမတ်စ်ထိပ်တန်း တာဝန်ရှိသူတယောက်က... -
အလှအပရေးရာ ဆေးခန်းမှာ အမျိုးသမီးတယောက် သေဆုံး အလောင်းဖျောက်ဖျက်ခံရမှု စုံစမ်းစစ်ဆေးနေ
ဇန်နဝါရီ ၆ – ၂ဝ၂၅ KKO(VOM) အလှအပရေးရာဆေးခန်းတခုရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရပြီး အလောင်းကို ရန်ကုန်မြို့ပြင်တနေရာမှာဖျောက်ဖျက်ခံခဲ့ရတဲ့... -
ဘလင်ကင် တောင်ကိုရီးယားရောက်နေချိန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်ခတ်
ဆိုးလ်၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)မြောက်ကိုရီးယားဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစင်းကို ဒီနေ့မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က...