ရန်ကုန်၊ ဧပြီ ၂၁
TGH (vom)
မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်ထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီ ၅ ခုဝင်ရောက်လာတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။
” အာမခံလုပ်ငန်းကို လမ်းဖွင့်ပေးမယ်ဆိုတာက အသက်အာမခံကို ပိုပြီးတော့ တိုးတက်စေချင်တာနဲ့ နိုင်ငံတကာအလေ့အကျင့် ပိုပြီးရစေချင်တာကြောင့်ပါ။နိုင်ငံခြားအာမခံလုပ်ကိုင်ခွင့်ကိုလဲ အားလုံးခွင့်ပြုထားပြီးသားဖြစ်ပါတယ်။
နိုင်ငံတကာအာမခံကုမ္ပဏီတွေဝင်ရောက်လာပြီဆိုရင် မြန်မာနိုင်ငံရဲ့အာမခံလုပ်ငန်းကလည်း ခေတ်တစ်ခုလောက်ပြန်ရောက်လာမယ်၊ လူတိုင်းအတွက် အာမခံ အကာအကွယ်က ပိုပြီး
တော့ ရနိုင်လိမ့်မယ်” လို့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က အတွင်းရေးမှူး ဦးဇော်နိုင်ကပြောပါတယ်။
နိုင်ငံခြား အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမယ့် ကုမ္ပဏီ တွေက AIA Company Limited ၊ Chubb Tempest Reinsurance Limited ၊ Dal-lChi Life Insurance Company Limited ၊ Manufacturers Life Insurance Company နဲ့ Prudential Hong Kong Limited ပဲဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေက အသက်အာမခံလုပ်ငန်း အဆိုပြုလျှောက်လွှာပါ လိုင်စင်စိစစ်အကဲဖြတ်ခြင်းလုပ်ငန်း အကဲဖြတ်စံနှုန်းတွေအရ ကိုက်ညီမှုရှိတယ်လို့ သိရပါတယ်။ကုမ္ပဏီတွေအနေနဲ့ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လိုင်စင်အကြိုလုပ်ငန်းစဉ်တွေကို မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သောကုမ္ပဏီလုပ်ငန်း စတင်ချိန်မှာလည်း အသက်အာမခံလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် လိုအပ်တဲ့ ကိစ္စတွေ ကို ဖြည့်ဆည်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
အာမခံလုပ်ငန်း ဆောင်ရွက်တဲ့အခါ အကန့်အသတ်ရှိခြင်း၊ ငွေအင်အား ပြည့်စုံမှုမရှိခြင်း၊ အာမခံလုပ်ငန်းပညာ နားလည်တဲ့ ဝန်ထမ်းနည်းပါးခြင်း၊ နည်းပညာမရှိခြင်း စတဲ့ အခက်အခဲတချို ရှိနေတယ်လို့သိရပါတယ်။
လက်ရှိအာမခံဈေးကွက်မှာ မြန်မာ့ အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ စုစုပေါင်း ၁၂ ခုကနေ အာမခံလုပ်ငန်းအမျိုးအစားပေါင်း ၁၃မျိုးကို ဝန်ဆောင်မှုပေးနေပါတယ်။
#voiceofmyanmar #မြန်မာ့အာမခံ #နိုင်ငံခြားကုမ္ပဏီ #ရင်းနှီးမြှုပ်နှံမှု