ဇန်နဝါရီ ၂၂ – ၂၀၂၅
KKO(VOM)
ချောင်းသာကမ်းခြေက ဟိုတယ်တွေကိုဆက်လက်ဖွင့်လှစ်ထားပေမယ့် ရွှေသောင်ယံတကြောက တိုက်ပွဲတွေကြောင့်လက်ရှိကာလ မှာ ခရီးသွားဧည့်သည်တွေ မရှိသလောက်နည်းပါးနေတယ်လို့ ချောင်းသာဒေသခံတွေထံကနေ သိရပါတယ်။
“ဧည့်သည်ကမရှိသလောက်နည်းသွားပြီ၊အတော်လေးပါးသွားပြီ။အခုဘောမိတို့ဘက်မှာဖြစ်တဲ့သတင်းတွေကြောင့် ချောင်းသာကိုဧည့်သည်တွေမလာကြတော့ဘူး။ဟိုတယ်တွေကတော့ မပိတ်ဘူး၊ ပိတ်လို့လည်း မရဘူးလေ။အခုတိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ ဘောမိနဲ့ ချောင်းသာက အတော်လေးလှမ်းပါ သေးတယ်။သူကကြားမှာ မြစ်နှစ်ခုလောက်ဖြတ်ရသေးတယ်။ကုန်းလမ်းကဆိုရင်သူက ဘောမိကနေ ဒီဘက်ကိုလာဖို့ ဆိုင်ကယ်လမ်းပဲရှိမယ်။မြစ်ရှိတဲ့နေရာတွေဆို ဆိုင်ကယ်ကိုလှေပေါ်တင်ပြီး ကူးပေါ့။ရေလမ်းကဆိုရင်တော့တိုက်ရိုက်လာလို့ရတယ်။အခုဘောမိဘက်မှာလည်းအသံတွေကြားနေရတော့ ချောင်းသာဘက်က တချို့ရှောင်တဲ့သူတွေလည်းရှောင်၊ ပစ္စည်းရွှေ့တဲ့သူတွေလည်းရွှေ့ပေါ့၊ ဒါလေးတွေတော့ရှိတယ်၊ တွေ့ရတယ်။မဖြစ်သော် လည်းကြိုတင်ပြင်ဆင်ကြတဲ့သဘောပါ။ ခရီးသွားဧည့်သည်တွေကတော့ မရှိကြတော့ဘူး၊မလာကြတော့ဘူး” လို့ ချောင်းသာကမ်းခြေဒေသခံ တယောက်က VOM ကို ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ ယခုချိန်ခါမှာ လာရောက်လည်ပတ်ဖို့မသင့်လျှော်ဘူးဆိုတဲ့ အသိပေးနှိုးဆော်မှုတွေလည်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြမှုအရ ချောင်းသာကမ်းခြေမှာ ခရီးသွားဧည့်သည်တွေမရှိသလောက်နည်းပါးသွားပြီး ခရီးသွားဝင်ရောက်မှုတွေမရှိသော်လည်း ဟိုတယ်တွေကိုတော့ ဆက်လက်ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။
“လမ်းကတော့ မပိတ်ထားဘူး။ပုသိမ်-ချောင်းသာလမ်းက ယနေ့အထိဖွင့်ထားတုန်းပဲ။ခရီးသည်တင်ကားက ရွှေနဂါး Express ကား လိုင်းတော့ပြေးတာတွေ့တယ်။ကျန်တဲ့ ကားလိုင်းတွေတော့ သိပ်မတွေ့ရဘူး။မထွက်ကြတော့ဘူး။မြို့အဝင်မှာတော့စစ်ဆေးရေးဂိတ်နှစ်ခုလောက်ရှိတယ်။ဒါကလည်းချောင်းသာဘက်လာလို့ရှိရင် ကားမှန်လေးချပြီး ဘယ်သွားမလဲ ဒီလောက်ပဲမေးတာပါ။ချောင်းသာမှာတအား တင်းတင်းကြပ်ကြပ်စစ်တာမျိုးတော့မကြားမိသေးဘူး။ငွေဆောင်ကမ်းခြေဘက်လည်းတူတူပဲ၊အခုဧည့်သည်တွေသိပ်မရှိဘူးပြောတယ်၊ပါးတယ်ပြောတယ်။ငွေဆောင်ကျသူက နဂိုထဲက ကမ်းခြေကကျယ်တယ်လေ၊ချောင်းသာက အခုအထိတော့လုံခြုံရေးကောင်းနေသေးတယ်လို့ ပြောရင်ရပါတယ်”လို့ ချောင်းသာဒေသခံတယောက်က ထပ်လောင်း ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်ရုံးပိတ်ရက်ကာလနဲ့ ဒီဇင်ဘာ ခရီးသွားရာသီကာလတွေမှာ ဧရာဝတီတိုင်းက ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေကို ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်တွေစံချိန်တင်ဝင်ရောက်ခဲ့တယ်လို့လည်း ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
“အခုအထိ ကျွန်တော်တို့ကြားသိရသလောက် ချောင်းသာကမ်းခြေက ဟိုတယ်တွေကို ပိတ်ဖို့ ညွှန်ကြားထားတာမျိုးမရှိသေးဘူး။ကားလည်းပိတ်ထားတာမျိုးမရှိသေးဘူး”လို့ ချောင်းသာဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
အဲဒါအပြင် လက်ရှိငွေဆောင်ကမ်းခြေဒေသသို့ ခရီးသွားဝင်ရောက်မှုနဲ့ ပတ်သက်လို့လည်း ငွေဆောင်ဒေသခံတယောက်က အခုလို ဆက်ပြီး ပြောပြပါတယ်။
“ငွေဆောင်ဘက်လည်းခရီးသွားတွေဆင်းနေကြတယ်ဆိုပေမယ့် ချောင်းသာကိစ္စတွေကြောင့် ပါးသွားတာပေါ့၊ဒါပေမယ့် ချောင်းသာထက်စာရင် ငွေဆောင်ဘက်မှာ ခရီးသွားတွေရှိ နေသေးတယ်။လက်ရှိဒီမှာလည်း ခရီးသွားတွေရှိနေသလို ဆင်းလာကြတာတွေလည်းရှိပါတယ်။ဒါပေမဲ့ အခုအွန်လိုင်းသတင်းတွေကြောင့်သာ ခရီးသွားတွေကကြောက်ပြီး လာတာနည်းနည်း လေးတန့်သွားတဲ့သဘောပါ။ငွေဆောင်မှာလည်း ဟိုတယ်တွေမပိတ်ပါဘူး။ဖွင့်ပါတယ်။ ကားလမ်းလည်း ပိတ်ထားတာမျိုးမရှိပါဘူး။လိုင်းကားတွေလည်းငွေဆောင်ဘက်ကိုဆွဲနေသေးတယ်။အခုတိုက်ပွဲတွေဖြစ်တဲ့ ဘောမိနဲ့ ငွေဆောင်ဆိုတာက အတော်ဝေးပါတယ်။ဘောမိနဲ့ ချောင်းသာဆိုရင်တောင် သူကကြားထဲမှာရွာကြီးတွေရှိနေသေးတယ်။အဲဒီရွာကြီးတွေ ရွာလေးတွေဖြတ်ပြီးမှ ချောင်းသာ၊ချောင်းသာပြီးမှ ဒီဘက်ငွေဆောင်ကိုရောက်မှာပါ။ငွေဆောင်ကမ်းခြေရဲ့ လက်ရှိအခြေအနေက ကောင်းပါတယ်။ခရီးသွားဧည့်သည်ကတော့ အခုကာလမှာ အနည်းအများတော့ ကွာသွားတာပေါ့”လို့ ငွေဆောင်ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်ကပြောပြခဲ့ပါတယ်။
ဒေသတွင်းသတင်းတွေအရ ယခုဇန်နဝါရီ ၁၈ ရက်၊နေ့လည်ပိုင်းမှစလို့ ရွှေသောင်ယံတကြောမှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်သံ တွေကို ဇန်ဝါရီ ၂ဝ ရက်နေ့အထိ ကြားခဲ့ရတာမျိုးမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
သို့သော်လည်း ရွှေသောင်ယံတကြောက တိုက်ပွဲတွေကြောင့် ဘောမိ၊ ဂျိတ်လက်၊ တောင်နီမော်၊ မီးလောင်ချိုင်၊ ဝက်သေ၊ သဲကျင်း၊ ပိုးလောင်း၊ ကျူတော၊ သပေါ့ကန်၊ သဲကုန်း၊ အုန်းချောင်း၊ ခရင်ချောင်း၊ ချိုင်လယ်နဲ့ မကျီး၊ ကျောက်တလုံး အစရှိတဲ့ ကျေးရွာတွေကနေ စစ်ရှောင်သူတွေကတော့ အများအပြားရှိနေတယ်လို့ သိရပါတယ်။
ဒေသခံတွေပြောပြမှုအရတော့ စစ်ရှောင်လာသူတွေဟာ ယခင်ရက် ပိုင်းထက် ပိုမိုများပြားလာကာ စစ်မရှောင်ပဲ ရပ်ရွာထဲကျန်ခဲ့တဲ့သူများမှအပ ကျန်သူတော်တော်များများကရှောင်တိမ်းကုန်ကြသလို ချောင်းသာကမ်းခြေမှာလည်း လာရောက်လည်ပတ်သူရေကူးကစားနေသူတွေ မတွေ့ရ မမြင်ရသလောက်ဖြစ်သွားတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ရွှေသောင်ယံတကြောသို့ အရေးတကြီးအကြောင်းကိစ္စမရှိဘဲလတ်တလော မသွားသင့်သေးဘူးလို့ ဒေသခံတွေရဲ့အသိပေးထားမှုတွေကိုလည်း တွေ့ရပါတယ်။
ဒါအပြင် အခု ၂၀၂၅ ခုနှစ်မှာ ဧရာဝတီတိုင်းဟာ အရေးကြီးတဲ့စစ်မျက်နှာပြင်ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ မှာထုတ်ပြောဆိုထားတာကိုတွေ့ရပါတယ်။
ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်က ပွိုင့် (၃၆၉)ကုန်းနဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အပိုင် ချင်းစုရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော် (အေအေ)ကလည်း ယမန်နေ့တုန်းက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
ဒါကြောင့်မို့ ရခိုင်ဘက်ကတိုက်ပွဲတွေဟာ ဧရာဝတီတိုင်းဘက်ကို ဆက်လက် ကူးစက်လာမလားဆိုပြီး ဧရာဝတီတိုင်းဒေသခံအများအပြားက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
Photo – CJ
ပုံစာ – လက်ရှိချောင်းသာကမ်းခြေ မြင်ကွင်းများ။