ဇန်နဝါရီ၂၃-၂ဝ၂၅
Ms(VOM)
မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၁နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဟာ တနှစ်ကျော်အတွင်းမှာ အရေအတွက် ၅၅၇၁၁ ဦးရှိနေတာကို စီစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း လဝက စာရင်းတွေအရ သိရပါတယ်။
အဆိုပါ တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနက စီစစ်ဖော်ထုတ်တာတွေ ဆောင်ရွက်ရာမှာ အများစုဟာထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကို ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
မြန်မာပြည်ကို တရားမဝင်ဘဲ ဝင်ရောက်လာသူတွေအနေနဲ့ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို မြန်မာနိုင်ငံအတွင်း နေထိုင်ကာကျူးလွန်နေကြသူတွေအများစုဖြစ်တယ်လို့စစ်ဆေးတွေ့ရကာ နယ်စပ်ဒေသများဖြစ်တဲ့ လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ မြို့များနဲ့နယ်စပ်မြို့တွေကနေဖမ်းမိကြတာဖြစ်ကြောင်း သိရပါတယ်။
” တရားမဝင်ဘဲ မြန်မာကိုဝင်လာတဲ့ပြည်ပနိုင်ငံသားတွေအများဆုံးလုပ်တဲ့ Online လိမ်လည်မှု ဆိုတာ အခု နာမည်ကြီးနေတဲ့ ကျားဖြန့်လုပ်ငန်းအမျိုးအစားတွေပါ။ ငွေကိုလိမ်တာတွေအပြင် လူကိုအသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်စေတဲ့မကောင်းမှုလုပ်ငန်းတွေပေါ့။ အဲ့ဒီ့ကျားဖြန့် လုပ်ငန်းတွေက လူမှုကွန်ယက်အသုံးပြုမှုတွေကနေတဆင့် လိမ်လည်နေတာပါ။ ဂိမ်းပုံစံ၊စတော့ပုံစံ မျိုးတွေနဲ့ လိမ်လည်ကြတာပါ။ ပထမတော့သူတို့က ဂိမ်းစဆော့တာနဲ့ ငွေရသလို မက်လုံးတွေပေးထားပြီးနောက်မှ ကိုယ့်ပိုက်ဆံကိုလိမ်ယူတာမျိုးတွေအစုံပါပဲလို့ ကျားဖြန့်လုပ်ငန်းအကြောင်းသိရှိသူတယောက်က ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်အထိ ၁နှစ်ကျော်ကာလအတွင်း မြန်မာကိုတရားမဝင်ဝင်ရောက်လာသူ ပြည်ပနိုင်ငံသားတွေ အနေနဲ့တရုတ်နိုင်ငံမှ ၅၃၃၈၈ ယောက်၊ ထိုင်းနိုင်ငံမှ၆၄၈ ယောက်၊ ကိုရီးယားနိုင်ငံက ၂၀ ၊လာအို၂၂ ယောက်၊ ဗီယက်နမ်နိုင်ငံ ၁၁၄၉ ယောက်၊ ဖိလစ်ပိုင်နိုင်ငံသား ၁၉ ယောက်၊ မလေးရှားနိုင်ငံမှ ၁၄၂ ယောက်၊ ထိုင်ဝမ်မှ၂၁ ယောက်၊ စင်္ကာပူနိုင်ငံမှ ၂ယောက်၊ ပိုလန်နိုင်ငံမှ ၁ ယောက်၊ စပိန်နိုင်ငံမှ၁ ယောက်၊ ရုရှား နိုင်ငံမှ၁၃ ယောက်၊ အင်ဒိုနီးရှားနိုင်ငံမှ၃၈ ယောက်၊ ယူဂန်ဒါနိုင်ငံမှ၃ ယောက်၊ အီဂျစ်နိုင်ငံမှ၂ ယောက်၊ ကမ္ဘောဒီးယားနိုင်ငံမှ၃ ယောက်၊ အိန္ဒိယနိုင်ငံမှ ၉၆ ယောက်၊ မော်ရိုကိုနိုင်ငံမှ၁၃ ယောက်၊ အီသီယိုး ပီးယားနိုင်ငံမှ၂၉ ယောက်၊ နီပေါနိုင်ငံမှ ၂၆ယောက်၊ ပါကစ္စတန်နိုင်ငံမှ ၃ ယောက်၊ မြောက်အိုင်ယာ လန်နိုင်ငံမှ၂ ယောက်၊ ကာဇက်စတန်နိုင်ငံမှ၁ ယောက်၊ ကင်ညာနိုင်ငံမှ၂ ယောက်၊ သီရိလင်္ကာနိုင်ငံမှ၆၀ ယောက်၊ တောင်အာဖရိကနိုင်ငံမှ၁ ယောက်၊ ဟောင်ကောင်မှ၁ ယောက်၊ ဆီရီယာလီယွန်နိုင်ငံမှ ၂ ယောက်၊ ဂါနာနိုင်ငံမှ ၁ ယောက်၊ ဘူရွန်ဒီနိုင်ငံမှ ၁ ယောက်၊ တာ့ခ်မင်နစ္စတန်နိုင်ငံမှ၁ ယောက် စုစုပေါင်း ၅၅၇၁၁ ယောက် က ပြည်ပနိုင်ငံတွေကနေ မြန်မာကိုတရားမဝင် ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။
ယင်းပြည်ပမှ တရားမဝင် ဝင်ရောက်သူများကို အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီးတရားဥပဒေနဲ့အညီ စစ်ဆေးကာ သက်ဆိုင်ရာနိုင်ငံေတွဆီ ပြန်လည် လွှဲပြောင်းပေးလျက်ရှိနေတယ်လို့ သိရှိရပါတယ်။
Photo- Cj