ဇန်နဝါရီ ၂၇ – ၂၀၂၅
GG (VOM)
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့မှာ ဒီနေ့ဇန်နဝါရီ၂၇ ရက်နေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီး တယောက်သေကာ နှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။
မွန်းလွဲ ၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးတလုံးကြဲချတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ဗုံးက ကျောက်မဲမြို့ ရပ်ကွက် ၂ ကံ့ကော်လမ်းထဲကိုကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေအပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“၂ နာရီ ၁၅ မိနစ်လောက်မှာလေယာဥ်နဲ့ဗုံးကြဲသွားတာပါ။ ဗုံးကကျောက်မဲ မေတ္တာမွန်ခန်းမဘေးလမ်း၊ဒန်းလေ့ာလေထိုးကျွတ်ဖာဘေးကျတယ်။အိမ်နီကြီးပေါ်လဲကျတယ်။ မြမာလာတည်းခိုခန်း အိမ်ခေါင်မိုးတွေပွင့်ကုန်တယ်။ အနီးနားအိမ်အကုန်ထိတယ်။ ညစျေးခင်းတဲ့သူတွေ လူစည်ကား ဝရုန်းသုန်းကားပြေးရတယ်။ သေတဲ့အမျိုးသားက ခေါင်းတခြားကိုယ်တခြားပါ။” လို့ ဒေသခံကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူက အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူကအမျိုးသမီးနှစ်ယောက်ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးဝါးကုသမှုပေးနေတယ်လို့သိရပါတယ်။
ကျောက်မဲမြို့လေကြောင်းတိုက်ခံရမှုမှန်ကြောင်းနဲ့ထိခိုက်မှုအခြေအနေကို ထပ်မံဖော်ပြမယ်ဆိုပြီး TNLA ကတော့သတင်းထုတ်ထားပါတယ်။ နစက ဘက်ကတော့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့သတင်းထုတ်ပြန်မှုမတွေ့ရှိရသေးပါဘူး။
ဇန်နဝါရီလ ၂၅ ရက်နေ့ ကလည်း ကျောက်မဲမြို့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူနှစ်ယောက်သေဆုံးကာ လူ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်ကလည်း TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဥ်မှာ လူဆယ်ယောက်သေပြီး ထိခိုက်ဒဏ်ရာရတာေတွ ရှိခဲ့သလို နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။