ဖေဖော်ဝါရီ ၄၊ ၂၀၂၅
Shy V (VOM)
တရုတ် နိုင်ငံသား ကျောင်းသူ၊ ကျောင်းသား တွေ မြန်မာဘက်က ငွေလိမ်ဂိုဏ်းတွေဆီ ရောင်း ခံရတာ ပိုများလာတာတွေ့ရတယ်လို့ ကျားဖြန့် ငွေလိမ် ကုမ္ပဏီကနေ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။
“အခု ခေါ်လာတဲ့လူတွေဆို ကလေး ငယ်ငယ်လေးတွေကြီးပဲ။ အသက် ဆယ်နှစ်ကျော်၊ တွေကြီးပဲ။ ကျောင်းသူ၊ ကျောင်သားတွေကိုပဲ လိမ်ခေါ်လာပြီးတော့ နေ့ရော ညပါ ရိုက်နှက် နှိပ်စက်နေတာ ဘယ်သူက ခံနိုင်မှာလဲ။ ပိုက်ဆံ မလိမ်နိုင်လို့လေ။” လို့ ဝ ထိန်းချုပ် နယ်မြေရှိ ငွေလိမ် ကုမ္ပဏီ တခုကနေ လွတ်မြောက်လာတဲ့ မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။
အသက်ကြီးပိုင်း သူတွေက သိကုန်တော့ ကျောင်းသား လူငယ်တွေကို တလ တရုတ်ငွေ သိန်းချီရမယ်ဆိုပြီး လိမ်လည် ခေါ်လာလာကာ ငွေလိမ် ကုမ္ပဏီတွေဆီ ရောင်းစားလိုက်တာလို့ သူက ပြောပါတယ်။
“အခုက အသက်ကြီးပိုင်းတွေဆို သူတို့ လိမ်ခေါ်လို့ မရတော့ဘူးလေ။ တချို့ဆိုရင် အရမ်း ငယ်လို့ မခံနိုင်တော့ သူတို့ ဘာသာ သူတို့ သတ်သေသွားတဲ့ လူတွေလည်း ရှိတယ်။ မျိုးစုံရှိတယ်။ အိမ်သာဆေးတဲ့ ဆေးရည် သောက်ပြီး သေတဲ့ သူတွေလည်းရှိတယ်။” လို့ သူက ထပ်မံ ပြောပြပါတယ်။
ငွေလိမ် ကုမ္ပဏီတွေမှာ ရိုက်သတ်ခံရတဲ့ တရုတ်နိုင်ငံသားတွေ အများအပြားရှိပြီး ရိုက်သတ်ထားတဲ့ အလောင်းတွေကို စွန့်ပစ်ဖို့ ဒေသခံတွေဆီ ခွင့်တောင်း ရတာကြောင့် လူတွေ သိသွားကြတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
ငွေလိမ် ကုမ္ပဏီ ပိုင်ရှင်တွေကို ကာကွယ်ပေးတဲ့ အဖွဲ့အစည်း တွေလည်း ရှိနေပြီးအကာအကွယ် ပေးတဲ့ လူ တစ်ယောက်ကို တလ တရုတ်ယွမ် တသောင်းပေးရကာ ထမင်းဖိုးရော၊ နေရာငှားခ တွေရော ဆိုတော့ သူတို့ မကိုက်လေ ငွေမရှာနိုင်တဲ့သူတွေကို နှိပ်စက်လေပဲလို့ သူက ရှင်းပြပါတယ်။
နေ့တိုင်းနီးပါး လူတွေကို နှိပ်စက် သတ်ဖြတ်နေတာတွေ မြင်ခဲ့ရတော့ မကြည့်ရက်ခဲ့ဘူး၊ ကျားဖြန့် ငွေလိမ် လုပ်ငန်းတွေကို အကုန်လုံး ဖမ်းဆီး လိုက်စေချင်တယ်လို့ သူက ပြောပါတယ်။
“ဒီ ကျားဖြန့် ငွေလိမ် ကုမ္ပဏီတွေမှာက တရုတ် နိုင်ငံသားတွေ ပိုများတယ်။ ထားတာ ချင်းလည်း မတူဘူး။ တရုတ်နိုင်ငံသားတွေဆိုရင် သံဇာကာ အထပ်ထပ် ခတ်ထားတယ်။ ထောင်းသားတွေလိုပဲ။ ငွေ မလိမ်နိုင်ရင် သူတို့ ငှားထားတဲ့ အစောင့် ဝန်ထမ်းတွေကို ရိုက်ခိုင်းတယ်။ ကိုယ်သနားလို့ သူတို့ခိုင်းတဲ့ အတိုင်း မလုပ်ဘူး ဆိုရင် ကိုယ်ပါ ရိုက်ခံရတယ်” လို့ ငွေလိမ် ကုမ္ပဏီမှာ ထမင်းချက် အလုပ်လုပ်ဖူးတဲ့ လူငယ် တယောက်က ပြောပြပါတယ်။
ကုမ္ပဏီ ဝင်းအတွင်း ကုန်စုံဆိုင်၊ အလှပြင်ဆိုင်၊ ပြည့်တန်ဆာ၊ KTV, လောင်းကစားဝိုင်း၊ ဘီယာ ဘား တွေကအစ လိုေလသေး မရှိအောင် ထားပေးပြီး လုံးဝ အပြင်ထွက်လို့ မရအောင် ပိတ်ထားတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ တရုတ် – မြန်မာ နယ်စပ် မြို့တွေ အပြင် မြန်မာနိုင်ငံထဲက တချို့မြို့ကြီး ပြကြီးတွေဘက်ပါ ကျားဖြန့် ငွေလိမ်ကုမ္ပဏီတွေ ပျံ့နှံလာနေပြီလို့ ငွေလိမ်ကုမ္ပဏီ ကနေ လွတ်လာသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင် Mr. Wang Xing ဆိုသူလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ လဆန်းပိုင်းက မြဝတီမြို့ ရွှေကုက္ကိုလ် KK Park အခြေစိုက် ကျားဖျန့် အွန်လိုင်းငွေလိမ် ကုမ္ပဏီမှာ ရောင်းစားခံခဲ့ရတာ ဖြစ်ပါတယ်။