သင်းပင်းတွေ မကွဲပြဲကြဖို့

ဆူးငှက်

လွန်ခဲ့သော ၁၉၉၆ခုနှစ် မေလ ၁၁ရက်နေ့က မန္တလေးမလွန်ရပ်မှာရှိတဲ့ ပရိယတ္တိသာသနဟိတအသင်းကြီးရဲ့ သာသနာ့ဗိမာန်တော်ကြီးမှာ အသင်းတော်ကြီး အနှစ်၁၀၀ပြည့် ပွဲတော်အတွက် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများထံက သြဝါဒခံယူပွဲ ကျင်းပတယ်။ ဝါဆိုဆရာတော်ကြီး၊ မြတောင်ဆရာတော်ကြီး၊ ဗန်းမော်ဆရာတော်ကြီးစတဲ့ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြတယ်။

ဒီပွဲမှာသတင်းစာဆရာ၊ စာရေးဆရာမကြီး ဒေါ်ဒေါ်လူထုဒေါ်အမာလည်း တက်ရောက်ပြီး ဆရာတော်ကြီးများကို လျှောက်ထားတဲ့ အခါ ထူးထူးခြားခြားမှတ်မိတဲ့ အချက်လေးရှိတယ်။ ဒေါ်ဒေါ်က ပရိယတ္တိသာသနဟိတ အသင်းကြီးရှိလို့ ဆဋ္ဌသင်္ဂါယနာတင်နိုင်တာ၊ အထူးသဖြင့် ဒီအသင်းကြီးလို၊ မလွန်ဈေးဆန်လှူအသင်းကြီးလို သက်တမ်း၁၀၀တိုင် ခိုင်ခိုင်မာမာတည်တံ့နေတာ မန္တလေးမြို့အတွက် ဂုဏ်ယူစရာဖြစ်တယ်။ နှစ်၁၀၀တိုင် ငွေရေးကြေးရေးအရှုပ်အထွေး၊ လူမှုရေးအရှုပ်အထွေး။ ရာထူးရာခံအရှုပ်အထွေးမရှိခဲ့ပါဘူးဆိုတဲ့ အချက်ပါ။ ဒေါ်ဒေါ်လျောက်ထားတဲ့ အချက်ကို ဆရာတော်ကြီးများက သဘောကျတယ်။ “ပရိယတ္တိသည် ဗုဒ္ဓမည်၊ စွမ်းရည်သာသနာ”ဆိုပြီးသာဓုခေါ်ကြတယ်။
ဒေါ်ဒေါ်ပြောမှပဲ သတိထားမိတယ်။ ဟုတ်တာပေါ့ မန္တလေးမှာ အနှစ်ရာပြည့်ကျော်၊ ရာပြည့် စတဲ့ အသင်းတွေ အတော်များများရှိပါကလား။ အဲဒီ ၁၉၉၆ခုနှစ် ကာလက မလွန်ဈေးဆန်လှူအသင်းကြီးက အနှစ်၁၀၀ပြည့်ပြီ။ ပရိယတ္တိသာသနဟိတ အသင်းကြီးက ၉၆နှစ်ပြည့်ပြီ။ မိတ္တအရုဏ်တော်အသင်းကြီးက ၈၁နှစ်ပြည့်ပြီ။ သူရဲတပ် အရုဏ်တော် အသင်းကြီးက ၇၆နှစ်ရှိပြီ။ အုတ်ကလေးအသင်းလို့ခေါ်တဲ့ ရတနာပုံ ဗုဒ္ဓဘောဇနိယ ဥဿဟ အသင်းက ၇၃နှစ်ရှိပြီ။ မြို့မတူရိယာအသင်းက ၇၁နှစ်ရှိပြီ။ ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်းက ၆၆နှစ်ရှိပြီ။ အခု ၂၀၂၅ခုမှာ မလွန်ဆန်လှူအသင်းက ၁၂၆နှစ်၊ ပရိယတ္တိ သာသန ဟိတ အသင်းက ၁၂၂နှစ်၊ မိတ္တ အရုဏ်တော်အသင်းကြီးက ၁၁၇နှစ်။ သူရဲတပ်အရုဏ်တော် အသင်းကြီးက ၁၀၂နှစ်၊ အုတ်ကလေးအသင်းလို့ခေါ်တဲ့ ရတနာပုံ ဗုဒ္ဓဘောဇနိယဥဿဟအသင်းက ၉၉နှစ်၊ မြို့မတူရိယာအသင်းက နှစ်၁၀၀၊ ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းက ၉၂နှစ်ရှိပြီ။

ဒီအသင်းကြီးတွေ အခုလိုသက်တော်ရှည်ခဲ့တာ အသင်း စတင်တည်ထောင်စဉ်ကတည်းက တိကျတဲ့ မူဝါဒ၊ စံနစ်ကျတဲ့ စည်းမျဉ်းစည်းကမ်းဖွဲ့စည်းပုံများအပြင် အပရိဟာနိကတရား ၇ပါးလို၊ နာယကဂုဏ် ၆ပါးလို ပြည့်စုံညီညွတ်လို့လည်း ဖြစ်ပါတယ်။ အထူးသဖြင့် သမာသမတ်ကျပြီးအမြော်အမြင်ကြီးပညာတတ် နာယကကြီးမျာနှင့် သြဇာကြီးတဲ့ မြို့မိမြို့ဖများက ကြီးကြပ် လမ်းညွှန်နိုင်ခဲ့လို့လည်းဖြစ်ပါတယ်။

ဥပမာဆိုရင် အပရိဟာနိယတရား ၇ပါးမှာ “ကာလပတ်လုံးမပြတ် စည်းဝေးတိုင်ပင်ရမယ်” ဆိုတဲ့ အချက်မျိုးဟာ အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပြီး “အစည်း အဝေးမရှိခဲ့ဘူးဆိုရင် ဒါဟာအသက်သေခြင်းသဘောမို့၊ အရေးတကြီး အချက်ဖြစ်တယ်။ နောက်.. စည်းဝေးရာမှာလည်း ညီညီညွတ်ညွတ်ရှိရမယ်။ အသင်းရဲ့ ချမှတ်ထားတဲ့ ရည်ရွယ်ချက်ဘောင်ထဲက သွားမယ့်လမ်းကြောင်း၊ လုပ်နည်းလုပ် ဟန်အတွက်ပဲသူ့အမြင်၊ကိုယ့်အမြင်ကျေလည်စွာ နှီးနှောဆွေးနွေးရမယ်။ “ညီညီညွတ်ညွတ်”ဆိုတဲ့စကားလုံးမှာဘယ်အထိအဓိပ်္ပာယ်သက်ရောက်သလဲဆိုရင် အစည်းအဝေး ရုပ်သိမ်းပြီးလို့ အစည်းအဝေးခန်းမထဲ က ထွက်ခွာကြရင်ကိုပဲညီညီညွတ်ညွတ် တစ်ယောက် မကျန် ထွက်ခွာကြရမှာတဲ့ …။ လူအချို့က ထွက် ခွာကြမယ်။ လူအချို့ကကျန်ရစ်ခဲ့မယ်ဆိုတာမျိုး လုံး၀ မဖြစ်ပါစေနဲ့တဲ့…။ ထွက်ခွာကြတဲ့ လူတွေကကျန် ရစ်သူတွေဆီငဲ့စောင်းကြည့်ပြီး “သူတို့ကငါတို့မပါဘဲ၊ ငါတို့မသိရှိဘဲဘာများဆက်တိုင်ပင်ကြ၊ ဘာများဆက် လုပ်ကြမှာပါလိမ့်” ဆိုပြီး သံသယဝင်လာသတဲ့။ ဒီလို သံသယဝင်ကတည်းက မညီမညွတ်ဖြစ်ဖို့ အစ ပျိုးသွားနိုင်ပါသတဲ့။

နောက်ရှိသေးတယ်။ အစည်းအဝေးက အများသဘောတူချမှတ်ဆုံးဖြတ်ထားတာ။ ဒါမှမဟုတ် ဥပဒေပြုလုပ်ထားတာကို ဆက်လက်လိုက်နာရမယ်။ မလိုက်နာလို့ မရဘူး။ မလိုက်နာရင် လူကြီးလူကောင်းကျင့်ဝတ်နဲ့မညီဘူး။ တစ်သက်လုံး အဖွဲ့အစည်းနဲ့ ပတ်သက်ရင် စိတ်မချရသူဖြစ်သွားတာသေချာတယ်။ ဒီလိုပဲ အများသဘောတူ ဆုံးဖြတ်ချက် ချမထားသေးတာ။ ဥပဒေပြုမထားသေးတာကိုသဘောတူဆုံးဖြတ် ထားသယောင်၊ ဥပဒေပြုထားသယောင် မဆောင်ရွက် မလုပ်ကိုင်ရပါဘူးတဲ့ …။

နောက် … လူအိုတွေကို စောင့်ရှောက်ရသတဲ့။.. ကိုယ့်အဖွဲ့ အစည်း၊ ကိုယ့်အစုအဝေးအတွင်း ရှေ့က စေတနာနဲ့ သစ်္စာမဖောက်ဆောင်ရွက်ခဲ့ပြီး ဇရာကြောင့် အိုမင်းမစွမ်းလို့ မလုပ်နိုင်၊ မကိုင်နိုင်သူ သက်ကြီးရွယ်အိုများကို ပစ်ပယ်မထားကြပါနဲ့။ စောင့်ရှောက်ကြပါလို့ သဘောပေါက်ပါတယ်။ ဘာလို့လဲဆိုတော့ အဖွဲ့ အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုမှာ အဲဒီသက်ကြီးရွယ်အိုများဆီက “အတွေ့အကြုံ”ဆိုတဲ့ အဖိုးတန်အရာတွေ ရနိုင်လို့ပါပဲ။ “ဒီအဖိုးကြီး အောက်သွားပါပြီ၊ သူ့ခေတ် မဟုတ်တော့ဘူး။ သူဘာလုပ်နိုင်မှာမို့လဲ” လို့ သဘောမထားဘဲ စောင့်ရှောက် ကူညီပြီးရနိုင်တဲ့အနှစ်ကိုယူ ကြပါဆိုတဲ့အချက်မို့ စဉ်းစားကြည့်ရင် လေးလေးနက် နက်ရှိလှပါတယ်။

အပရိဟာနိယတရားထဲက နောက်ထပ်အချက်က အမျိုးသမီးတွေကို အနိုင်အထက်ယူတာ။ သိမ်းပိုက် တာ၊ နှိပ်စက်တာမလုပ်ပါနဲ့တဲ့ …။ မလုပ်ဖို့ တားမြစ်တာလို့ ယူဆ နိုင်ပေမယ့် … ဒီ့ထက် လေးနက်တဲ့ သဘောနဲ့ ပြောရရင် ကိုယ်နှင့်သဘောမတူလို့၊ ဒါမှမဟုတ် အမျိုးသမီးဆိုပြီးအရိုးစွဲခေါက်ရိုးကျိုးအသိနဲ့ နှိမ့်ချမမြင်ဖို့၊ မဖယ်ရှားဖို့၊ ဒါမျှမက ကိုယ်နှင့် သဘောထားမတူတာနှင့် ဝိုင်းကျဉ် ဖို့၊ နှိပ်ကွပ်ဖို့မလုပ်ကြရန်အထိသဘောပေါက်ထားကြရပါမယ်။ အမျိုးသမီးတွေကို နေရာပေးပါ။ တန်းတူရည်တူဆက်ဆံပါ။ ပူးပေါင်းလက်တွဲဆောင်ရွက်ပါလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ဒီတရားထဲမှာပဲ …မြို့စောင့်နတ်၊ ရွာစောင့်နတ် တွေကိုအရိုအသေပြုရမယ်။ အလေးအမြတ်ပြုရမယ်၊ တင်သရမယ်၊ ပါဠိတော်မှာနတ်ကျွန်း၊ ကောင်းမြတ် သောအထိမ်းအမှတ် အဆောက်အဦစတာတွေလည်း “စေတီ” လို့ သုံးတယ်။ အဲဒီစေတီတွေလည်းစောင့်ရှောက်ရမယ်တဲ့ ..။ မြန်မာပညာရှိကြီးရွှေပြည်ဦးဘတင်ကလွတ်လပ်ရေးကျောက်တိုင်ကဲ့သို့ တိုင်းပြည် နဲ့ လူမျိုးနဲ့ချီပြီးကောင်းမြတ်မှုအထိမ်းအမှတ်ကိုပင် လျှင် စေတီထိုက်တယ်လို့ မိန့်ကြားရေးသားဖူးပါတယ်။ ဒီတော့ စဉ်းစားရင် … တိုင်းပြည်နဲ့လူမျိုးနဲ့ချီပြီးကောင်းမြတ်တဲ့ အထိမ်းအမှတ်၊ ဗိမာန်စတာတွေ အထိစောင့်ရှောက်ရမယ်။ အလေးအမြတ်ပြုရမယ် လို့ သဘောပေါက်ရပါမယ်။စိမ်းရောင်စိုအနေနဲ့ လုပ်ငန်းသဘောအရမိမိသွားရောက်တဲ့ ကျေးရွာနယ်မြေကကိုးကွယ်တဲ့ ဘာသာရဲ့ သာသနိကအဆောက်အအုံတွေ၊ ဓလေ့ထုံးစံတွေကိုလေးစားရမယ်၊ ကန္တကောစမလုပ်ရဘူး။

အပရိယာနိယတရားရဲ့ နောက်ဆုံးအချက်မှာကိုယ့်အသင်းကိုယ့်အဖွဲ့အတွင်းလူကောင်းတွေ၊ လူတော်တွေ ပူးပေါင်း ပါဝင်လာ အောင် ကြိုးစားပါ။ ရှိပြီးသားလူကောင်းတွေ၊ လူတော်တွေလည်းကိုယ့်ဆီမှာပျော်အောင် ထားပါ၊ စိတ်မပျက်အောင် စည်းရုံးပါလို့ ဆိုပါတယ်။

ဘာပဲပြောပြော ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းကိုထောင့်စေ့အောင် သေချာရေးဆွဲကြပါ။ ဒီဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းကိုလည်း အတိအကျလိုက်နာကြပါ။ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းကအသင်းနဲ့ မအပ်စပ် အဆင်မပြေရင်လည်း အများသဘောတူ ချက်ချင်းပြင်ကြပါ။

သင်းပင်းတွေ မကွဲမပြဲကြဘဲ အဓွန့်ရှည်ပါစေ။

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #သင်းပင်းတွေမကွဲပြဲကြဖို့

Related posts

Leave a Comment

VOM News

FREE
VIEW