မတ် ၁၇၊ ၂၀၂၅
Shy V(VOM)
TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ အကောက်အခွန် တွေကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အခွန်ဆောင်ရတယ်။ လမ်းဘေး ကွမ်းယာဆိုင်တွေရော ဟင်သီးဟင်းရွက် ကုန်စိမ်း ရောင်းတဲ့ သူတွေပါ အကုန်လုံး ဆောင်ရပါတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လမ်းဘေး ကွမ်းယာဆိုင်တောင်မှာ တနှစ်စာ အခွန် တသိန်းခွဲ ဆောင်ရတယ်လို့ သူက ပြောပါတယ်။ အခွန်မဆောင်ရင် ဈေးရောင်းခွင့် မပြုတဲ့ အပြင် အခွန် လာကောက်တာ မပေးရင် အချုပ်ထဲမှာ ထည့်မယ် ဆိုပြီး ဖိအားပေး ခြိမ်းခြောက်တယ် လို့ သူက ပြောပါတယ်။
ပိုက်ဆံရှိတဲ့ သူတွေက ဆိုင်ရာ ပိုင်ရာ ပေါင်းပြီး လုပ်စားနေကြပေမယ့် ဒေသခံတွေက အခက်အခဲတော့ ကြုံနေကြရတယ်လို့ နောက်ထပ် အမျိုးသမီး တယောက်က ပြောပါတယ်။
“အရင်တုန်းက ဇကာနဲ့ ပေါက်ပြားကိုင်ပြီး ချောင်းထဲ ဝင်ရင် ကျောက်ရှာလို့ရတယ်။ အခုက ဇကာ၊ ပေါက်ပြား ကို ကိုင်ခွင့် မရှိတာ။ ဇကာ၊ ပေါက်ပြား ကိုင်တာနဲ့ သုံးသောင်း ဆောင်ရတယ်။ ဘာတောင်မှ နားမလည်တဲ့ ကလေး နှစ်လ သုံးလ ပဲ ရှိသေးတဲ့ ကလေးပိုးပြီးသွားကြည့်တာ အဲဒီ ကလေး အတွက်ပါ တစ်သောင်း ဆောင်ခဲ့ရတယ်ရှင့်။” လို့ သူက ပြောပါတယ်။
ပိုက်ဆံရှိတဲ့ သူတွေရော ပိုက်ဆံ မရှိတဲ့ သူတွေရော မိုးကုတ်ထဲမှာ အခက်အခဲ အများကြီး ရှိတယ် ဆိုပေမယ့် လက်ရှိ လက်လုပ် လက်စား သမားတွေပဲ ပို ဒုက္ခ ရောက်တယ်လို့ သူက ပြောပါတယ်။
ကျောက်ကျင်းတွေမှာလည်း အစုစားတွေ မပေးတော့ဘူးလို့ သူက ပြောပါတယ်။
“သူတို့ စည်းကမ်းမရှိဘူး။ သူတို့ သတ်မှတ်ကြေးက ၁၀၀ ကို ၃၀ ရာခိုင်နှုန်းပေါ့နော်။ ဒါပေမယ့် ကျောက်တွေ တအားထွက်တဲ့ အချိန် ကျတော့ ၁၀၀ ကို သူတို့ ၇၀ ရာခိုင်နှုန်း ယူ ပြီးမှ ၃၀ ရာခိုင်နှုန်းကို လုပ်တဲ့ လူတွေကို ပြန်ပေးတယ်။ အဲလိုမျိုးတွေပေါ့နော်။ စည်းကမ်း မလုပ်နိုင်ဘူး။ သူ လုပ်ချင်သလို လုပ်တာ။” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
တကယ်လို့ နေရာ ကျောက်ထွက် လာပြီဆိုရင် လုပ်ငန်း လိုင်စင် ကတ် လုပ်ထားပေမယ့် သူတို့ အဖွဲ့ အစည်းတွေလာပြီး အဲဒီ ကျင်းကို ပြန်သိမ်းတာရှိသလို အသိမ်း မခံတဲ့ ကျင်းတွေ ကျတော့လည်း ၁၀၀ ကို ၃၀ ရာခိုင်နှုန်းကို ကျင်းသမားကိုပေးပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို သူတို့ ယူသွားတယ် လို့ သူကပြောပါတယ်။
လုပ်ငန်းမှန်သမျှ လိုင်စင် လုပ်ရပြီး တသိန်းခွဲကနေ သိန်း တရာ အထိ လုပ်ငန်းပေါ်မူတည်ပြီး ကပးရတယ်လို့ သူက ပြောပါတယ်။
ကျောက်တွေလည်း အလွန်အကျွံ တူးဖော်လာနေပြီး အရင်က တားမြစ်ထားတဲ့ နေရာပါ တူးဖော်လာကာ ဂေါက်ကွင်းပါ တဝက်လောက်ထိ ကုန်ပြီလို့ သူက ပြောပါတယ်။
မိုးကုတ်ဒေသမှာက ကျောက်တူးဖော်နေတာက TNLA နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေ အပါမဝင် MNDAA, ဝ နဲ့ တရုတ် ကုမ္ပဏီ တွေက အဓိက တူးဖော်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ