မေ ၂ ၊၂၀၂၅
SP(VOM)
ပြီခဲ့တဲ့ ဧပြီ ၂၅ ရက်က မန္တလေး မဟာအောင်မြေ မြို့နယ်မှာနေထိုင်တဲ့ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က မနေ့ မေ ၁ရက်မှာ ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ် ။
” အငြိမ်းစား ပါမောက္ခ ဒေါက်တာထွေးထွေး ကို သတ်ဖြတ် လုယက် ထွက်ပြေးသွားသူကို မနေ့က မနက်ပိုင်းမှာ ရှမ်းပြည်နယ် ဟဲဟိုးမြို့မှာ ဖမ်းဆီးရမိတယ် ၊သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတာဖြစ်တယ် ” လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့သူမှာ စိုင်းထွန်းနော (ခ)ကိုစိုင်း အသက် ၂၅ နှစ် ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့၀င် တယောက်ပြောတာက ” ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာ မန္တလေး ၊ ပုသိမ်ကြီးမြို့နယ် ၊ရေထွက်ကျေးရွာ မြောင်းဘောင်အနီးက လယ်ကွက်ထဲမှာ လူနေထိုင်ခြင်းမရှိတဲ့ တထပ်တိုက်တလုံးရှိတယ် အဲ့ဒီတိုက်ထဲမှာ အမျိုးသမီးတယောက် ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သေဆုံးပုပ်ပွနေတယ်လို့ ကနဦး သတင်းရတယ် ၊အဲ့ဒါကြောင့် သွားရောက်စစ်ဆေးတဲ့အခါ သေဆုံးနေသူဟာ ဧပြီ ၂၅ ရက်နေ့က ပျောက်ဆုံးနေတဲ့ ငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေး ဆိုတာ သိရတယ်” လို့ပြောပါတယ်။
ပြစ်မှုကျူးလွန်သူဟာ မန္တလေး မဟာအောင်မြေမြို့နယ်မှာနေတဲ့ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေးဆီ သွားရောက်ပြီး အိမ်၀န်းခြံမြေ လိုက်လံပြသပေးမယ်လို့ ပြောဆိုပြီးနောက် သတ်ဖြတ်လုယက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ပြစ်မှုကျူးလွန်ခဲ့သူဟာ အငြိမ်းစား ပါမောက္ခကို သတ်ဖြတ်ပြီးနောက် လက်၀တ်လက်စား ရွှေတွေနဲ့ ပိုက်ဆံအပြင် အိမ်၀န်းခြံမြေ စာချုပ်စာတမ်းတွေကိုပါ ယူဆောင်ပြီး မိသားစု ထွက်ပြေး တိမ်းရှောင်းနေရင် ရှမ်းပြည်နယ် ဟဲဟိုးမြို့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
