အမေရိကန် ကာဒီနယ် ရောဘတ်ပရက်ဗော့စ် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရ

ဗာတီကန်၊ မေ-၉-၂၀၂၅
ရတီ(VOM)
အမေရိကန် ကာဒီနယ် ရောဘတ်ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း ဗာတီကန်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
သူဟာ အမေရိကတိုက်က ပထမဆုံးရွေးချယ်ခံလိုက်ရတဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ဆိုတဲ့ အမည်ကို ခံယူမှာဖြစ်ပါတယ်။ အသက် ၆၉ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက အားလုံး ငြိမ်းချမ်းကြပါစေလို့ စိန့်ပီတာရင်ပြင်မှာ စုဝေးနေကြသူတွေကို ဗာတီကန် လသာဆောင်ကနေ ပြောကြားခဲ့ပါတယ်။
ချီကာဂိုနွယ်ဖွား ရောဘတ်ပရက်ဗော့စ်ဟာ ပြုပြင်ပြောင်းလဲရေးသမားတယောက်အဖြစ် ရှုမြင်ရပြီး ပီရူးမှာ ခရစ်ယာဉ်သာသနာပြုအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ် ဘုန်းတော်ကြီးဖြစ်လာပါတယ်။
ပုပ်ရဟန်းမင်းကြီး လီယို-၁၄ အဖြစ် ခန့်အပ်ခံရမှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားကြပြီး အမေရိကန်ပုပ်ရဟန်းမင်းကြီး ထွက်ပေါ်လာခြင်းအတွက် အလွန်ဂုဏ်ယူတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးကို ရွေးချယ်တင်မြှောက်ရာမှာ မဲအရေအတွက် ဘယ်လောက်ရရှိခဲ့တယ်ဆိုတာ ရှင်းလင်းစွာ မသိရပေမယ့် လျှို့ဝှက်မဲပေးရွေးချယ်မှု နှစ်ရက်မြောက်နေ့မှာ ရွေးချယ်နိုင်ခဲ့ပါတယ်။ ရွေးချယ်တင်မြှောက်မှုဆိုင်ရာ အသေးစိတ်တွေကို ကာဒီနယ်တွေက ထာ၀ရ လျှို့ဝှက်ထားရမှာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်နိုင်ဖို့ အနည်းဆုံး မဲသုံးပုံနှစ်ပုံရရှိဖို့ လိုအပ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးအသစ်ဟာ ရွေးချယ်ပွဲပြီးနောက် တပတ်အတွင်း ကျမ်းသစ္စာကျိန်ဆိုပွဲ ပြုလုပ်လေ့ရှိပြီး ကမ္ဘာတဝန်းက နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်လေ့ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးအဖြစ် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကတော့ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
Ref:CNA
Photo:AP/Reuters

Related posts

✕
VOM News

FREE
VIEW