ဇူလိုင် ၂၀၊ ၂၀၂၅
GG (VOM)
ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် ၇ နှစ်ချခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ၊ နိုင်ငံရေးအကျဥ်းသူ မ၀တ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ အင်းစိန်ထောင်တွင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
မဝတ်ရည်အောင် သေဆုံးသွားပြီဖြစ်ကြောင်းကို အင်းစိန်ထောင်တွင်း တာဝန်ရှိသူတွေက မိသားစုထံ အကြောင်းကြားမှုအရသိရှိရတာဖြစ်ပြီး သေဆုံးချိန်မှာ မဝတ်ရည်အောင်ဟာ အသက် ၂၅ နှစ်သာရှိသေးတယ်လို့သိရပါတယ်။
” နာရေးကတော့ လုပ်ဖြစ်မယ်လို့သိရတယ်။ အခုအလောင်းက အပြင်ဆေးရုံရောက်နေပြီပြောတယ်။ နောက်ဆုံးဆေးစစ်ချက်အဖြေကိုတော့ မိသားစုကမရသေးဘူး။” လို့ မိသားစုနဲ့နီးစပ်သူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကပြောပါတယ်။
မဝတ်ရည်အောင်က ပြီးခဲတဲ့ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးအဲဒီနောက်မှာ နိုင်ငံတော် အကြည်ညို ပျက်စေမှုဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇွန်လမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
၂၀၂၂ခုနှစ် ၊ ဧပြီလမှာ မဝတ်ရည်အောင်ကို အင်းစိန်ထောင်မှ ဒိုက်ဦးထောင်ကို ပြောင်းရွေ့ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်မှ ဒိုက်ဦးအကျဥ်းထောင် ကနေမှ အင်းစိန်ထောင်ကို ပြန်လည်ပြောင်းရွှေ့ခံခဲ့ရတယ်လို့ သိရပါတယ်။
မကြာသေးခင်ကမှ အင်းစိန်ထောင်ကနေလွတ်မြောက်လာတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တယောက်ကလည်း
“သေဆုံးကြောင်းကို ထောင်တွင်းကလှမ်းအကြောင်း ကြားလို့သိရတယ်။ ရောဂါဆိုတာထက် စစ်ကြောရေးကဒဏ်ရာဒဏ်ချက်တွေကြောင့်ဆိုတာမျိုးထုတ်ပြန်ထားတာ ရှိတယ်။ ခဏခဏမူးလဲတဲ့အခါမျိုးမှာ အရုပ်ကြိုးပြတ်ပစ်ကျလဲတာမျိုး ကျွန်တော်တို့အထဲရှိစဥ်ထဲက တလျှောက်လုံးကြားရတယ်။ အပြင်ဆေးရုံက ဆယ်ခါတခါလောက်မှထုတ်ကုတာမျိုးဖြစ်တယ်။ လောလောဆယ်သတင်းထုတ်ပြန်တာတော့ စစ်ကြောရေးနောက်ဆက်တွဲကြောင့် မေ့လဲတာ မူးတာခဏခဏဖြစ်တာပေါ့။” လို့ ပြောပါတယ်။
ဒိုက်ဦးအကျဥ်းထောင်မှ အင်းစိန်ထောင်ကို ပြန်ရွှေ့ပြောင်းပြီးနောက်ပိုင်းကတည်းက မဝတ်ရည်အောင်မှာ ကျန်းမာရေးအခြေအနေပိုဆိုးရွားလာပြီး မကြာခဏ သတိလစ်မေ့လဲကျတာတွေ ဖြစ်ပွားလာတာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှထုတ်ပြန်ထားမှုအရသိရပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ ကလည်း မွန်ပြည်နယ်၊ သထုံထောင်မှာ ထောင် ၆ နှစ်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဘီးလင်းမြို့နယ် NLD အလုပ်အမှုဆောင်ဖြစ်သူ ဦးပြည့်စုံအောင် ထောင်တွင်းမှာသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကာလအတွင်းမှာလည်း ဖမ်းဆီးခံရပြီး ထောင်တွင်းအကျဥ်းကျခံထားရစဥ် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား တွေရှိခဲ့သလို NLD ပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးတို့လည်း ထောင်ကျနေတုန်း ရောဂါကြောင့် ဆေးရုံတက်ကုစဥ် သေဆုံးမှုရှိခဲ့ပါတယ်။