ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ STUM အဖွဲ့ဝင် ၁၀ ယောက်ကို တရားရုံးသုံးခုမှာ ချုပ်ရက်ရမန်ပေး

ဩဂုတ် ၉၊ ၂၀၂၅
GG(VOM)
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ သမီး မခြူးခြူးသွယ် အပါအဝင် STUM အဖွဲ့ဝင် ၁၀ ယောက်ကို တရားရုံးသုံးခုမှာ ချုပ်ရက်ရမန်ပေးလိုက်တယ်လို့သိရပါတယ်။
” ဒီရက်ပိုင်းထဲမှာပဲ ချုပ်ရက်ရမန်ပေးလိုက်တယ်သိရတယ်။ အခြေအနေက ရုံးချိန်းထုတ်မှပဲ သေချာသိရမယ်။ ” လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူကပြောပါတယ်။
အဆိုပါ ၁၀ ယောက်လုံးကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) တို့နဲ့ သီးခြားစီ အမှုစွဲဆိုကာ ရွှေပြည်သာမြို့နယ်တရားရုံ၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး နဲ့ အင်းစိန် မြို့နယ်တရားရုံး တို့မှာ ဩဂုတ် ၇ ရက်က ချုပ်ရမန်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်မျိုးမျိုးအေးနဲ့ သမီးအပါအဝင် ရှစ်ယောက်ကို ယခုလ ဩဂုတ် ၂၀ ရက်နေ့ ရွှေပြည်သာ မြို့နယ်တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး ကျန်နှစ်​ယောက်ကိုတော့ ဩဂုတ် ၁၄ ရက်နေ့မှာ အင်းစိန်တရားရုံးနဲ့ မြောက်ဥက္ကလာပတရားရုံးမှာရုံးထုတ်မှာဖြစ်တယ်လို့ STUM ဘက်ကသိရပါတယ်။
” ခြေချုပ်ခံဝန်နဲ့တဲ့ ။ရွှေပြည်သာရုံးချိန်က ၂၀ ရက်နေ့ပါ။ကျန်းမာရေးအခြေအနေကတော့အတိကျမမေးရသေးဘူး။လောလောဆယ် အင်းစိန်ရောက်ပြီလို့ကြားတယ်။ ” လို့ STUM မှ အဖွဲ့ဝင်တယောက်ကပြောပါတယ်။
STUM မှ ဖမ်းဆီးခံခဲ့ရသူတွေက STUM အဖွဲ့ဦးဆောင်သူ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေး၊ သမီးဖြစ်သူ မခြူး (ခ) မသင်းထက်စံ ၊ စုမြတ်နွယ် ၊မြင့်မြင့်ခိုင်၊ သီဟ၊ ဇော်ထိုက်၊ ကျော်သက်နိုင်၊ ဇော်ဆန်းနိုင်၊ ဟေမာန်ဦး နဲ့ ဂျွန်တူးမောင် နဲ့ ဖြိုးလွင်ဆိုသူတို့ဖြစ်ကြောင်း ၊ ဖြိုးလွင်ကတော့ ရုံးထုတ်တဲ့စာရင်းမှာ ပါဝင်လာခြင်းမရှိဘူးလို့သိရပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကိုတော့ ဇူလိုင် ၂၅ ရက်နေ့ညပိုင်းမှာ ရွှေပြည်သာ၊နဝရတ်လမ်းရှိ နေအိမ်မှာ လာရောက်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သမီးဖြစ်သူ မခြူးသွယ်အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကိုတော့ ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ကြောင်း STUM ထုတ်ပြန်မှုအရသိရပါတယ်။

Related posts

✕
VOM News

FREE
VIEW