ရခိုင်နဲ့ မလေးရှားပို့မယ့် ကျပ် ၂၅၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ကျူးလွန်သူ ၁၃ ယောက်နဲ့အတူ ရန်ကုန်မှာဖမ်းမိ

ဩဂုတ် ၂၃၊ ၂၀၂၅
GG(VOM)
ရခိုင်ပြည်နယ်နဲ့ မလေးရှားရေပိုင်နက်ကို ပို့ဆောင်မယ့် ကျပ် ၂၅၇ ဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁၈၉၉ ကီလိုတို့ကို ရန်ကုန်ရှိ ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar မှသိရပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်းကို ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အိုက်စ်(မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁၈၉၉ ကီလိုတို့ကိုတော့ ကွမ်းခြံကုန်းမြို့နယ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ကျူးလွန်သူ ၁၃ ယောက်ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိမှုတွေနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တယောက်က ” သတင်းရလို့ ရှာဖွေစစ်ဆေးတာကများပါတယ်။ဂိတ်တွေမှာကတော့ နေ့တိုင်းစစ်ဆေးမှုကရှိပါတယ်။တရားမဝင်ပစ္စည်းသယ်ယူတာမရှိဖို့လည်းစစ်ရတယ်။မူးယစ်ဆေးနဲ့ပတ်သက်ရင် သတင်းရလို့ ဖမ်းမိတာပိုများပါတယ်။ ” လို့ ပြောပါတယ် ။
ဩဂုတ် ၅ ရက်နေ့မှာ သတင်းအရ ရှာဖွေ စစ်ဆေးရာကနေ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးနှင့် ငါးကန်လမ်းထောင့်မှာ အောင်လင်းနဲ့သောင်းထဖ်န်းဆိုသူတို့ မောင်းလာတဲ့ကားနှစ်စီးပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ သိန်း ဖမ်းဆီးရမိခဲ့ပြီး၊ ညပိုင်းမှာတော့ ထွန်းသိန်းဆိုသူကို ရွှေပြည်သာ မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိဂိုထောင်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊ TOYOTA RUSH ယာဉ်တစ်စီးတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဩဂုတ်လ ၅ ရက်နေ့ ည ၉ နာရီခွဲမှာပဲ စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ မောင်သိန်းချေနဲ့ ကျော်စွာဝင်း(မှော်ဘီ)တို့ကို မှော်ဘီမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင် ရာမှာအသုံးပြုခဲ့တဲ့ PORTER II ကား၊ ISUZU MAX ကားတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းမှာတော့ စိတ်ပြောင်းဆေးဝါးတွေကို မလေးရှား ရေပိုင်နက်နဲ့ ရခိုင်ပြည်နယ်တို့ကို တာဝန်ခံ သယ်ဆောင်ပေးသူ ကျော်စွာဝင်း(ကွမ်းခြံကုန်း)နဲ့ ပူးပေါင်းပါဝင်သူ စိုးပိုင်ဝင်းဆိုသူတို့ကို ထားဝယ်မြို့မှာ TOYOTA SUCCEED မော်တော်ယာဉ်နဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ ဩဂုတ်လ ၁၁ ရက်နေ့ မနက်စောပိုင်းမှာ မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူဖြစ်တဲ့ ညီညီစိုးခန့် ကို ကွမ်းခြံကုန်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး သူရဲ့ထွက်ဆိုချက်အရ မလေးရှားရေပိုင်နက်ကို ပို့ဆောင်ဖို့ အတွက် သိုဝှက်ထားတဲ့ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁၈၉၉ ကီလိုကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့မှာတော့ မလေးရှား ရေပိုင်နက်ကို မူးယစ်ဆေးပို့ဖို့အတွက် ဝယ်ယူထားတဲ့ စက်လှေနဲ့အတူ နောက်ထပ် ကျော်စိုးခိုင်ဆိုသူကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဖမ်းမိထားသူရဲ့ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၄ ရက်မှာ အောင်ကျော်(ခ)အောင်ကျော်စိုး၊ ရာကျော်(ခ)ကိုရှိုင်း နဲ့ ကျော်စိန်အောင်(ခ)ကျော်ကြီးဆိုသူတို့ကို အိုက်စ် ၅၆၁၄ ဒသမ ၂ ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့ရတယ်လို့သိရပါတယ်။ ဩဂုတ် ၁၅ ရက်မှာတော့ ဆက်စပ်ကျူးလွန်သူ မင်းချစ်အောင်ဆိုသူကို တောင်ဒဂုံမြို့နယ်မှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ယခုဖမ်းဆီးရမိတဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့မှာ ပြည်ပကို ပင်လယ်ရေကြောင်းအသုံးပြုပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်းဆေးဝါး သယ်ဆောင် ရောင်းဝယ်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့တဲ့အတွက် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ဖမ်းဆီးရမိခြင်းမရှိသေးသူတွေလည်းရှိနေတာကြောင့် အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
အရင် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်မှာ ကျူးလွန်သူတွေကို ၄၈ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၁၈၇၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း နဲ့ TOYOTA DYNA မော်တော်ယာဉ် ၁ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၅ ခုနှစ် မေ ၃၁ ရက်အထိ တနှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ ကျပ် ၉၇၂ ဒသမ ၄၆၁ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW