ဆူးငှက်
၁၉၇၄ခုနှစ်၊ ကျွန်တော် ၁၀တန်းတွင် ၈၃လမ်း မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံအနီး တောင်ဘလူ ဗလီဝင်းထဲတွင် ဖွင့်လှစ်သော စေတနာ အခမဲ့ဘာသာစုံသင်တန်းသို့ စနေတနင်္ဂနွေတွင် တက်ဖြစ်သည်။ ထိုသင်တန်းကို အ.ထ.က ၁၉ ကျောင်းအုပ်ဆရာကြီး ဦးဘိုကြီးက ဦးဆောင်ဖွင့်လှစ်သည်။ မန္တလေး၏ နံမည်ကျော် ကျူရှင်ဆရာများက စေတနာနှင့် လာရောက် သင်ကြားပြသကြသည်။ ထိုဆရာများတွင် မြန်မာစာပြသည့်ဆရာက စာရေးဆရာလည်းဖြစ်သည်။ ထိုစဉ်က မန္တလေးက ထုတ်ဝေသည့် ဟံသာဝတီသတင်းစာတွင် ကလောင်ထက်သည့် စာရေးဆရာလည်း ဖြစ်ရုံမက အဟောအပြောလည်း ကောင်းလှသည်။ ဆရာက သူ့သင်ခန်းစာတွင် အထူးဦးစားပေးပြောတာက ဆရာတင်မိုး၏ ကဗျာများကို ထုတ်နှုတ် ပမာပြု ပို့ချခြင်း ဖြစ်သည်။
ဆရာတင်မိုး၏ ကဗျာများအနက် ထိုစဉ်က ထွက်တာ မကြာသေးသော ဆရာတင်မိုး၏ “စိမ်းလန်းသော အိပ်မက်” ကဗျာစာအုပ်မှ ဒေါက်တာ ဂျော်နီအမည်ရှိ ကဗျာကို တစ်ပိုဒ်ချင်း ရွတ်ကာ လူ့ဘုံလောကနှင့် ဆက်စပ် သိုင်းဝိုင်း ပို့ချခြင်းဖြစ်သည်။ လူ့ဘုံလောကကို သုံးသပ်ရာတွင်လည်း ဆရာက လူတန်းစားကို အခြေခံသည့် ဆိုရှယ်လစ်အမြင်ပဲပေါ့။ သို့သော် ကဗျာကို အသံနေအသံထား အဖြတ်အတောက် ကောင်းကောင်းနှင့် ရွတ်ဆိုသည်ကို ကြားရသည်ကပင် ကြက်သီးမွေးညင်း ထလောက်ပါ၏။
ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။
မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတေးရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တယ်။
ဟူသော ပထမအပိုဒ်ကို ရွတ်ဆိုပြီး ဂျော်နီဟု မှည့်လေ့မှည့်ထရှိသည့် လူတန်းစားအကြောင်း၊ အင်္ဂလိပ်နာမည် မှည့်ရသည့် မစ်ရှင်ကျောင်းများနှင့် ပညာရေး စံနစ်၊ မည်ကဲ့သို့ လူတန်းစားများသာ ထိုကျောင်းများတွင် တက်ရောက်နိုင်ကြသည် ဟူသော အချက်အလက်နှင့် စီးပွားရေးစံနစ်၊ အမ်စီဟုခေါ်သော ဆေးတက္ကသိုလ်အကြောင်း၊ မြန်မာပြည်က လက်ရှိ တေးတက္ကသိုလ်များ အကြောင်းနှင့် တက်ရောက်ခွင့်ရသူ တက်ရောက်ရန် တတ်နိုင်သူ လူတန်းစားများအကြောင်း၊ ဒစ်စတေးရှင်းဟူသည့် ဂုဏ်ထူးရမှတ်ကို ဘယ်လိုကျူရှင်မျိုးတွင် ဘယ်လောက် အကုန်ခံ၍ တက်ရောက်ရကြောင်း၊ အိုင်အယ်လ်အေ ဟူသည့် ဝေါဟာရနှင့် အချက်အလက်များကို ရှင်းပြ ဆိုတော့ ပထမအပိုဒ် စာကြောင်း ၅ ကြောင်းနှင့်ပင် စာသင်ချိန် ၄၅မိနစ်က ခဏလေးပဲ ထင်ရအောင် ဆွဲဆောင်နိုင်သည့် ပို့ချမှု ဖြစ်သည်။ နောက်တစ်ရက် ကဗျာ ဒုတိယအပိုဒ်ပေါ့။
မောနင်းကျူရှင်၊ နိုက်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနှင့် ပို့ခဲ့တယ်။
ရီဇတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။
ဒီအပိုဒ်မှာလည်း ဆရာက နေ့ကျူရှင် ညကျူရှင်ကို အိမ်ကကားနဲ့ အပို့အကြိုလုပ် ငွေလမ်းခင်းပြီး သင်ကြတဲ့ ဂျော်နီတို့လို လူတန်းစားအကြောင်း၊ စာမေးပွဲနဲ့ပဲ ဘဝကို ဆုံးဖြတ်စေတာကြောင့် စာမေးပွဲ အမှတ်ကောင်းဖို့ မေးခွန်းပေါက်နိုင်တဲ့ နေရာမှန်သမျှ အနံ့ခံ ငွေနဲ့ပေါက်ပြီး လိုက်ကြပုံ၊ ဒီလောက် သုံးပြီး လုပ်ကိုင်ထားတော့ အောင်စာရင်းထွက်တော့ ခေါင်းမော့ ရင်ကော့ နိုင်တာပေါ့တဲ့။ ဒါကြောင့် အမှတ်ကောင်းတာသေချာပြီမို့ ဆေးကျောင်းကို တက်ခွင့်လည်းရ တက်နိုင်တဲ့ တတ်နိုင်မှုလည်းရှိတဲ့ သူတို့အလွှာ၊ စသည်ဖြင့် တစ်ချိန်ကုန်အောင် ပြောလိုက်တာ တဝါးဝါးနဲ့ ရယ်ကြရ၊ အံ့သြကြနဲ့ပေါ့။ ဒီတော့ ဆရာချင်းတွင်းချစ်သွေးရဲ့ မြန်မာစာ အချိန်က ကျောင်းစာသာမက ပြင်ပဗဟုသုတ တွေလည်း အများကြီးရစေခဲ့သည်။ ဆရာတင်မိုး၏ ကဗျာကလည်း အထေ့အငေါ့ အလှောင်အပြောင် လေးများနှင့် ပညာရေးစံနစ်နှင့် လူတန်းစားအလွှာ၏ အနိမ့်အမြင့်ကိုလည်း စကားလုံးပြောင်မြောက်စွာ ရေးဖွဲ့ထားခြင်းမို့ ကဗျာရွတ်လိုက်တိုင်း ကြက်သီးထဖွယ် ဖြစ်ပါ၏။
ထို့အတူ ကဗျာတွင် နောက်ထပ် ဇာတ်ကောင် တစ်ဦးကို ဒီလို မိတ်ဆက်ခဲ့သည်။
အမ်စီတက်တော့
ဆိမ်းဗက်ချ်က၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး အသွေးဖြူဖြူ
နှုတ်ခမ်းထူသနဲ့။ အမူပိုပို၊ အဖိုအရှိုက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။
မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆန်သနဲ့။
ဟန်ပန်သွက်သွက် လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။
ဒီဇာတ်ကောင် နာမည်က မော်လီတဲ့။ သူကလည်း သူ့ဒက်ဒီနဲ့ မာမီက အမ်စီသွားပါ ဆိုလို့သာ တက်ရတာ ဝါသနာမပါဘဲ တက်ရလို့ စိတ်ကုန်လိုက်တာတဲ့။ ဒါကြောင့် ရုပ်ရှင်ကြည့်လိုက် သူ့မွေးနေ့ ကိုယ့်မွေးနေ့ တက်လိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက် ကော်ရစ်ဒါမှာ ရည်းစားနဲ့တွေ့လိုက်၊ လူခြေတိတ်ရင် တိတ်သလို ရည်းစားနဲ့ ပလူးလိုက်၊ အင်းလျားကန်ဘောင် အတူသွားပြီး စိတ်လွတ်လက်လွတ် နှစ်ကိုယ်ယှဉ်တွဲ ပျော်မြူးကြတာ တစ်ညနေမှာတော့ ရီဝေရီဝေနဲ့ အိမ်အပြန် ထွေခဲ့ပါသတဲ့။ ဒီလိုနဲ့..
သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက် လည်လိုက် ဖားခွဲလိုက်နှင့်
အမြိုက်အရသာ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။
ထို့နောက် –
‘ဒေါက်တာဂျော်နီ ၊ အမ်ဘီဘီအက်စ် နှင့်
‘ဒေါက်တာ မော်လီ ၊ အမ်ဘီဘီအက်စ်’ ဟု
ပြောင်လက် ကြေးပြား၊ အထင်းသားဝယ်
ကားနှင့် တိုက်နှင့် မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။…. တဲ့။
ဆရာတင်မိုးက သူ့ကဗျာကို ဒီလိုထေ့လုံးနဲ့ နိဂုံးချုပ်လိုက်ပါလေရော။
အို… အလုပ်သမား၊ လယ်သမား
ပြည်သူများတို့
ဂျော်နီတို့ လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။ ။ ဟူလို။
ထိုမြန်မာစာပြသည့် ဆရာက စာရေးဆရာ ချင်းတွင်းချစ်သွေး ဖြစ်သည်။
ဆူးငှက်
