ဩဂုတ် ၂၈ – ၂၀၂၅
SN (VOM)
ခွင့်ပြုမိန့်ထက် ကျော်လွန်ပြီး အချိန်ပိုခေါ်ယူတဲ့ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်နဲ့ စက်မှုဇုန် ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သတိပေး ကြေညာထားပါတယ်။
ခွင့်ပြုထားတဲ့ အချိန်ပိုထက် ပိုပြီး အလုပ်ဆင်းခိုင်းနေတဲ့ စက်ရုံတွေ ရှိနေတယ်လို့ တိုင်ကြားမှုတွေ ရှိနေတာကြောင့် ကျူးလွန်တဲ့ စက်ရုံတွေကို ဥပဒေနဲ့အညီ စစ်ဆေး အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံမှ လုပ်သားတယောက်က “စစ်မယ်ဆိုရင်လည်း တကယ် ထိထိရောက်ရောက် လုပ်စေချင်တယ်။ အခု စက်ရုံတွေ အတော်များများက နားချိန် ခဏပဲပေးပြီး မတရား အလုပ်ခိုင်းချင်နေကြတာ။ ကျွန်မ အလုပ်ဆင်းနေတဲ့ စက်ရုံဆိုရင် သူတို့ဆင်းခိုင်းတဲ့ အချိန်ပိုမဆင်းရင် ရက်မှန်ကြေးထဲကနေ နှစ်သောင်းဖြတ်တယ်။
အချိန်ပိုသာ မဖြစ်မနေ ဆင်းခိုင်းတာ။ ဖယ်ရီကားလည်း မပေးဘူး။ လိုင်းကားခလည်း ပြန်မပေးဘူး” လို့ ပြောပါတယ်။
စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့စက်ရုံရှိ အလုပ်သမားတွေကို အချိန်ပို ခေါ်ယူနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနရဲ့ အချိန်ပိုခွင့်ပြုမိန့်ကို တောင်းခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ စည်းကြပ်နယ်မြေအတွင်းရှိ စက်မှုဇုန် (၁)၊ စက်မှုဇုန် (၂)၊ ဝါးတရာစက်မှုဇုန်၊ သာဓုကန်စက်မှုဇုန်နဲ့ စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ အချိန်ပို လုပ်ကိုင်နိုင်ဖို့အတွက် အချိန်ပိုခွင့်ပြုမိန့် တောင်းခံပြီး လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာ တချို့သော စက်ရုံ၊ အလုပ်ရုံတွေဟာ တနင်္လာနေ့ကနေ သောကြာနေ့အထိ အချိန်ပိုကို ခွင့်ပြုမိန့်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေရဲ့ တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးခဲ့တာမှာ အမှန်တကယ် ကျူးလွန် ခိုင်းစေနေတာတွေကို တွေ့ရှိရတယ်လို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ နောက်ထပ် အလုပ်သမား တယောက်က “တကယ်စစ်ပြီး တကယ် အရေးယူမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တချို့လူကြီးတွေက စက်ရုံကို လာပြီး ပြန်သွားတာပဲရှိတယ်။ ဘာမှ ဖြစ်မလာဘူး။ ကျွန်မ အခု အလုပ်လုပ်နေတဲ့ စက်ရုံမှာဆိုလည်း အချိန်ပိုခေါ်တာတွေ ရှိနေတာပဲ။ သူတို့ သတ်မှတ်ထားတဲ့ အထည် target မပြည့်ရင် တနင်္ဂနွေလို ပိတ်ရက်မျိုးမှာတောင် နေ့တဝက် အလုပ်သွားဆင်းပေးရတယ်။ ကိုယ်အထည်မပြည့်လို့ ဆင်းပေးရတာ ဖြစ်တဲ့အတွက် အဲဒီနေ့ အလုပ်ဆင်းတာနဲ့ ပတ်သက်လို့ ဘာအကျိုးခံစားခွင့်မှ မရှိဘူး” လို့ ပြောပါတယ်။
ဒါအပြင် တနင်္လာနေ့ကနေ သောကြာနေ့အထိ ကြားရက်တွေမှာ အစိုးရ ရုံးပိတ်ရက်တွေ ရှိနေတယ် ဆိုရင်လည်း အဲဒီ ရုံးပိတ်ရက် တရက် နားရဖို့အတွက် တနင်္ဂနွေနေ့လို ပိတ်ရက်မျိုးမှာ ကြိုတင် အလုပ်သွားဆင်းပေးရတာလည်း ရှိတယ်လို့ သူက ပြောပါတယ်။
လက်ရှိ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရဲ့ အသိပေး အကြောင်းကြားစာမှာတော့ တချို့သော စက်ရုံ၊ အလုပ်ရုံတွေဟာ စနေနေ့မှာလည်း ခွင့်ပြုမိန့်ထက်ကျော်လွန်ပြီး အချိန်ပိုကို ညနေ ၆ နာရီခွဲကနေ ၇ နာရီအထိ အောလင်း/ အောနိုက် အထိခိုင်းစေနေတာတွေကိုပါ စစ်ဆေးတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ စက်မှုဇုန် လုပ်ငန်းရှင်တယောက်က “ဒါကတော့ စက်ရုံတွေတိုင်း မဟုတ်ပါဘူး။ တခါတလေ သင်္ဘောရောက်မယ့် အချိန်လေးတွေ ရှိလာတဲ့အခါကျရင်တော့ မဖြစ်မနေခေါ်ရတဲ့ အခါမျိုးတွေ ရှိတာပေါ့။ ညရေးညတာ ပြန်ရတဲ့အခါမှာလည်း အလုပ်သမားတွေအတွက် အန္တရာယ်ရှိတာ ဆိုတော့ နှစ်ဖက် ညှိပြီးတော့ လုပ်ကြတာပေါ့။ အခု တော်တော်များများ စက်ရုံတွေကတော့ အချိန်ပိုခေါ်တာ သိပ်မရှိပါဘူး။ ဘာလို့လဲဆို ဒီလနဲ့ ရှေ့လ နှစ်လက အော်ဒါနည်းတဲ့အချိန်၊ တနှစ်မှာ တခါကြုံတဲ့အချိန်ပေါ့။ အဲဒီလိုလေးတော့ ရှိတယ်” လို့ ပြောပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် အော်ဒါများစွာ ရရှိဖို့ဟာ အရေးကြီးပြီး သတ်မှတ်ရက်အတွင်း အော်ဒါအပြီးအပ်နိုင်ဖို့ကိုလည်း ကြိုးစား လုပ်ဆောင်ရတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
“စက်ရုံ၊ အလုပ်ရုံ၊ CMP စက်ရုံတွေရဲ့ သဘာဝက အော်ဒါက အသက်ပဲလေ။ အော်ဒါမရှိရင် ဘာမှ လုပ်လို့မရတော့ဘူးလေ။ အဲဒီတော့ အော်ဒါတခု ရပြီဆိုရင် အော်ဒါ အပ်တဲ့သူကလည်း သူထောက်ပံ့ရမယ့် အထည်အလိပ်တို့၊ ခြည်တို့၊ အပ်ကအစပေါ့၊ ပြီးတော့ တံဆိပ်အစုံကို သတ်မှတ်ရက်အတွင်းမှာ ရောက်ကိုရောက်အောင် ပို့ပေးရတယ်။ စက်ရုံကလည်း ဥပမာ အထည်ရေ တသန်း အော်ဒါယူထားပြီ၊ အဲဒါကို သုံးလအတွင်းမှာ အပြီး ပေးရမယ်ဆိုရင် အပြီးကိုအပ်ရတယ်။ မအပ်နိုင်လို့ရှိရင် အလျော်အစားရှိတာပေါ့။ မအပ်နိုင်လို့ရှိရင် ပထမအဆင့်အနေနဲ့ အိုဗာတိုင်ကိစ္စတွေ ရှုပ်ရှက်ခတ်လာတာပေါ့။ အော်ဒါအမီ လုပ်နိုင်ပြီ ဆိုရင်လည်း အဲဒီစက်ရုံက ခရက်ဒစ်လည်း ရတယ်။ အော်ဒါလည်း မပြတ်တော့ဘူးပေါ့” လို့ သူက ပြောပါတယ်။
စက်ရုံတရုံအတွက် အလုပ်ရှင်၊ အလုပ်သမား ပြေလည်ရေးဟာ အရေးကြီးပြီး စက်ရုံတရုံ ဖွင့်နိုင်ဖို့ ငွေကြေးရှိရုံနဲ့မရဘဲ အဖက်ဖက်ကလည်း ပြည့်စုံနေဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ဥပဒေတွေ ဘယ်လိုပင် ဖြစ်စေကာမူ အလုပ်ရှင်နဲ့ အလုပ်သမား အားလုံး ပြေလည်မယ် ဆိုရင်တော့ လက်ရှိ အငြင်းပွားစရာ ကိစ္စရပ်တွေ ရှိလာနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
Photo – CJ
