ဖားကန့်မှာ စစ်ရေးတင်းမာလို့ ကျောင်းနဲ့မြို့နယ်ရုံးတွေ ယာယီပိတ်ပြီး ဒေသခံတွေ တိမ်းရှောင်နေကြ

စက်တင်ဘာ ၂၊၂၀၂၅
GG (VOM)
ဖားကန်မြို့ပေါ်မှာ စစ်ရေးတင်းမာလာတဲ့အခြေအနေတွေကြောင့် မြို့ပေါ်ရှိ စာသင်ကျောင်းတွေ ယာယီပိတ်လိုက်သလို မရှိကထောင်ရပ်ကွက်ရှိ ဒေသခံအချို့လည်း နေရာရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံဆီက သိရပါတယ်။
ကျောင်းတွေကို စက်တင်ဘာ ၂ ရက်နေ့မှစပြီး စက်တင်ဘာလ ၇ ရက်နေ့အထိ အခြေအနေအရ ယာယီပိတ်ထားမှာဖြစ်သလို မြို့နယ်ရုံးကိုလည်းပိတ်ထားမယ်ဆိုပြီး ကျောင်းဘက်က အသိပေးထားပါတယ်။
” ဒီနေ့မနက်က စပြီးကျောင်းတွေပိတ်လိုက်တယ်သိရတယ်။ကျောင်းတွေကိုတော့ ခဏပိတ်ထားဖို့ တပ်ဘက်က ပြောတာလို့သိရတယ်။တိုက်ပွဲကပိုပြင်းထန်လာမယ့်အခြေအနေရှိတော့ ခုလိုကြိုသတိပေးတာ တော်သေးတာပေါ့။ မရှိကထောင်ရပ်ကွက်က တိုက်ပွဲနဲ့နီးတဲ့အခြမ်းကသူတွေလည်းရွှေ့နေကြတယ်။ရပ်ကွက်ကနေရှောင် ကြဖို့ သတင်းတွေကလည်းထွက်နေတယ်။ဘယ်အဖွဲ့ကဘယ်လိုပြောလဲတော့သေချာမသိကြဘူး။” လို့ ဖားကန့် မြို့ခံကပြောပါတယ်။
လက်ရှိမှာတော့ မရှိကထောင်ရပ်ကွက်ရှိ ရေအေးချောင်းဘက်နေထိုင်သူအချို့က နေရာရွှေ့ပြောင်းပြီး ရှောင်ကြသူတွေရှိပြီး အချို့ကတော့ ဇေယျယျုံဘုန်းကြီးကျောင်းနဲ့သီလရှင်ကုန်းမှာ ခတ္တနေထိုင်နေကြတယ်လို့သိရပါတယ်။
” ရေအေးချောင်းမှာနေပါတယ်။တိုက်ပွဲပစ်ခတ်တဲ့နေရာနဲ့နီးနေရာကသူတွေသူတို့ဘာသာရွှေ့နေကြတာပါ။ဘယ်အဖွဲ့ကမှ ရွှေ့ပြောင်းခိုင်းတာမျိုးမရှိသေးဘူး။မရှောင်တဲ့သူတွေလည်းရှိပါတယ်။ ” လို့ ရပ်ကွက်ဒေသခံကပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ဖားကန့်မြို့အတွင်းမှာ စစ် အင်အားတိုးမြှင့်ချထားပြီး ရှောင်တခင်စစ်ဆေးတာ ၊ စစ်ဆေးမှုတင်းကြပ်လာသလို အဖမ်းအဆီးလည်းရှိလာတဲ့အပြင် KIA နဲ့ စစ်တပ်အကြားတိုက်ပွဲကလည်း ပြင်းထန်လာပြီး ပစ်ခတ်မှုတွေ အချိန်တိုင်းရှိနေတာကြောင့် စစ်ရေးအခြေအနေပိုပြီးတင်းမာလာနိုင်တဲ့အတွက် ဒေသခံတွေကစိုးရိမ်ပြီး ရှောင်သူရှိလာတာဖြစ်တယ်လို့သိရပါတယ်။
ရွေးကောက်ပွဲမတိုင်မီ စစ်တပ်က ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အားတိုးမြှင့်ပြီး မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေပါ ထပ်မံအသုံးပြုလာနိုင်တာကြောင့်လည်း ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ညပိုင်းကလည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ ရှမ်းရှမ်းစားသောက်ဆိုင် အနီးကို လက်နက်ကြီးကျရောက်ပေါက်ကွဲကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဩဂုတ် ၃၀ ရက်နေ့ကလည်း ဖားကန့် ၊ မှော်စီစာ ၊ရွှေညောင်ပင်ဆီဆိုင်အနီးမှာလက်နက်ကြီးကျလို့ လူ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို မနကျေးရွာထဲကိုလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသားတယောက်သေဆုံးကာသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဩဂုတ် ၂၆ ရက်ညကလည်း ဖားကန့် မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာ နဲ့ လုံးခင်းကျေးရွာအုပ်စု ဆွတ်အိန်ယာန်(အလယ်စခန်း)ဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကိုရင်နှစ်ပါးနဲ့ လူ ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW