ဘားအံ သံလွင်တံတားကနေ ထိုင်းကုန်စည်တွေ ဖြတ်သန်းခွင့်မပြုဘဲ ဖမ်းဆီးနေ

စက်တင်ဘာ ၄ – ၂၀၂၅
SN (VOM)
ထိုင်းနိုင်ငံထုတ် ကုန်စည်တွေကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်တံတားကနေ ဖြတ်သန်းခွင့်မပြုဘဲ သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေက ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ကုန်ပစ္စည်း ၃၅ မျိုးကို ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ တင်ဆောင်ထားတဲ့ ယာဉ်တွေကို သံလွင်တံတားကနေ ဖြတ်သန်းခွင့် မပြုတော့သလို တခြား ကုန်တင်ယာဉ်တွေကိုလည်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဘားအံမြို့မှာ ဖြတ်သန်းခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
“ယိုးဒယား ထိုင်းထုတ်ကုန်ပစ္စည်းတွေ သံလွင်တံတား ကျော်ပြီး ဖြတ်လို့မရတော့ဘူး။ ပြည်တွင်းထုတ် ငရုတ်၊ ကြက်သွန် စားသောက်ကုန် ပစ္စည်းတွေကတော့ သွားလာလို့ရတယ်။ ထိုင်းထုတ်ပစ္စည်းတွေကတော့ နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်း ၃၅ မျိုး ပိတ်လိုက်ပြီးကတည်းက သံလွင်တံတား ကျော်လို့မရတော့တာ။ အဲဒီ ကြေညာချက် ထုတ်ပြီးကတည်းက ၁၀ ဘီးတွေရော၊ ခြောက်ဘီးတွေရော၊ တွဲကားတွေရော အစီးရေ ၂၀၀ ကျော်လောက်ရှိမယ်။ အကုန် သီရိကွင်းထဲမှာပဲ ထည့်ထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကုန်စည်တင် ယာဉ်တွေကို ဖမ်းဆီးပြီး ဘားအံမြို့ပတ်လမ်းဆုံရှိ ကရင်နှစ်ကူး (သီရိ) ကွင်းကို အရင်ဆုံး ပို့ဆောင်ကာ Duty ပါ၊ မပါ၊ တရားဝင် ကုန်စည် ဟုတ်၊ မဟုတ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ်တွေထဲက Duty နဲ့အတူ တရားမဝင်ကုန်စည် အနည်းငယ် တင်ဆောင်လာတဲ့ ယာဉ်တချို့ကတော့ ဒဏ်ငွေဆောင်ပြီး ထွက်ခွာခွင့်ရတယ်လို့ သိရပါတယ်။
“ကားတွေကတော့ သီရိကွင်းအပြည့်၊ သီရိကွင်း ပတ်ချာလည် အကုန် ရှိနေတာ။ ကုန်လှောင်ရုံတွေအထိ လိုက်စစ်နေတာ။ ကုန်ပါလာရင် စစ်တယ်။ ယိုးဒယားကုန်ဆို ဖမ်းပြီး သီရိကွင်းထဲ ထည့်လိုက်တယ်။ အခုလိုမျိုး တားနေတာတွေက အဆင်မပြေဘူး။ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) လက်ထက်ကလိုမျိုး မှောင်ခိုဈေးကွက် ပြန်ဖြစ်သွားနိုင်တယ်။ နောက်ဆုံးတော့ ပြည်သူလူထုပဲ ဒုက္ခရောက်မှာ” လို့ ကုန်သည်တယောက်က ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကစပြီး မြန်မာ – ထိုင်းနယ်စပ် အမှတ် (၂) တံတားကို မြန်မာဘက်ခြမ်းက ပိတ်လိုက်တာကြောင့် ထိုင်းကုန်စည်တင်ယာဉ် အစီးရေ ၆၀၀ ကျော် လက်ရှိအချိန်အထိ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
အခုလို မြန်မာဘက်ခြမ်းက မြန်မာ – ထိုင်းနယ်စပ် အမှတ် (၂) တံတားကို ပိတ်ပင်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်းနေတဲ့အတွက် အဆိုပါပြဿနာကို ဖြေရှင်းနိုင်ဖို့ မဲဆောက် – မြဝတီ လမ်းကြောင်းကနေ ကော့သောင်း – ရနောင်းလမ်းနဲ့ တာချီလိတ် – မယ်ဆိုင် လမ်းကြောင်းဘက်ကနေ ပြောင်းလဲတင်ပို့ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ မြန်မာဘက်မှ သွင်းကုန်လိုင်စင်နဲ့ ပတ်သက်ပြီး တင်းကြပ်ထားမှုတွေကို ပြန်လည် ဖြေလျော့ရေးအတွက် ညှိနှိုင်းမှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ တရားဝင် ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ကုန်သွယ်မှုလိုင်စင် လျှောက်ထားရာမှာ ကြန့်ကြာခြင်း၊ ငွေစာရင်းတင်ပြရမှုနဲ့ အခွန်အကောက်ခံမှု များလာခြင်း အပါအဝင် ကုန်သွယ်မှုရငွေကို နလအက သတ်မှတ်ထားတဲ့ ငွေလဲနှုန်းအတိုင်း လဲလှယ်နေရခြင်းတို့ဟာ စီးပွားရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ အစိုးရက အမေရိကန်ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီ၊ ဆန်၊ ဆီနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုတွေကို ရည်ညွှန်းဈေးတွေ သတ်မှတ်ခြင်းအပြင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့်လည်း သွင်းကုန်တွေကို ထိန်းချုပ်ခြင်းတွေ ပြုလုပ်နေသလို သွင်းကုန်လိုင်စင် လျှောက်ထားရာမှာလည်း မူဝါဒ သတ်မှတ်ချက်တွေကြောင့် လနဲ့ချီ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ (ပုံဟောင်း)

Related posts

✕
VOM News

FREE
VIEW