ဝါရှင်တန်၊ စက်တင်ဘာ-၆-၂၀၂၅
ရတီ(VOM)
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က ဟွန်ဒိုင်းစက်ရုံမှာ လူ ၅၀၀ နီးပါးကို လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒါဟာ သမ္မတ ထရန့်ရဲ့ ဒုတိယသက်တမ်းအတွင်း အကြီးဆုံး လုပ်ငန်းခွင်စစ်ဆေး ဖမ်းဆီးမှုဖြစ်ပါတယ်။
ဧက ၃၀၀၀ ကျယ်တဲ့ ဒီစက်ရုံမှာ ဖမ်းဆီးခံရသူ အများစုဟာ ကိုရီးယားနိုင်ငံသားတွေ့ဖြစ်ပြီး လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ အဲဒီစက်ရုံကို ပြီးခဲ့တဲ့ တနှစ်က လည်ပတ်ခဲ့တာပါ။ တောင်ကိုရီးယားအစိုးရကတော့ ဒီဖြစ်စဏ်အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားဖို့ အမေရိကန်ကို တိုက်တွန်းခဲ့ပါတယ်။
ပြည်တွင်းလုံခြုံရေးဌာနကတော့ တရားမဝင် အလုပ်ခန့်ထားမှုတွေနဲ့ အခြားသော စွပ်စွဲချက်တွေကြောင့် ရှာဖွေရေးလုပ်ခဲ့တယ်လို့ ပြောပါတယ်။
“ဒါဟာ လပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ မှုခင်းစုံစမ်းရေးဖြစ်ပြီး သက်သေအထောက်အထားတွေ စုဆောင်းခဲ့တာ၊ မေးမြန်းခဲ့တာ၊ စာရွက်စာတမ်းတွေ စုဆောင်းခဲ့တာတွေပါဝင်ပြီး တရားရုံးရဲ့ ရှာဖွေရေးဝန်ခံကို ရယူဖို့အတွက် ဒီသက်သေအထောက်အထားတွေကို တင်ပြခဲ့တာပါ” လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ အမိမြေလုံခြုံရေးဌာနရဲ့ သမိုင်းမှာ တစနေရာထဲ အကောင်အထည်ဖော်တဲ့ အကြီးဆုံးလုပ်ဆောင်ချက်ဖြစ်တယ် လို့ သူက ဆိုပါတယ်။ ဒီစစ်ဆေးမှုဟာ သမ္မတ ထရန့်ရဲ့ အဓိကဦးစားပေးချက် နှစ်ခုဖြစ်တဲ့ အမေရိကန်ပြည်တွင်းမှာ ကုန်ထုတ်လုပ်မှုတိုးချဲ့ခြင်းနဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကြား ဖိအားတစ်ခုဖြစ်စေနိုင်ပါတယ်။
သမ္မတ ထရန့်ကတော့ “သူတို့ဟာ တရားမဝင်နေထိုင်သူတွေဖြစ်ပြီး တာဝန်ရှိသူတွေက သူ့အလုပ်ကို လုပ်နေတာ” လို့ ပြောပါတယ်။ ဒီအလုပ်သမားတွေဟာ ဘိုင်ဒင်လက်ထက်က ရောက်လာကြတာဖြစ်ပြီး တရားမဝင်တွေလို့လည်း ဆိုပါတယ်။
လက်ရှိ စီးနှင်းမှုအတွင်း တရားမဝင်နေထိုင်သူ သို့မဟုတ် တရားမဝင်အလုပ်လုပ်နေသူ ၄၇၅ ယောက်ခန့်ကို ဖမ်းဆီးထားပြီး ဂျော်ဂျီယာပြည်နယ် ဖော့စတွန် မှာရှိတဲ့ ထိန်းသိမ်းရေး စခန်းမှာ သူတို့ကို ထိန်းသိမ်းထားပြီး နောက်ဘယ်ကိုပို့မလဲဆိုတာကို အေဂျင်စီက ဆုံးဖြတ်သည်အထိ ထားမယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ၃၀၀ ဟာ ကိုရီးယားနိုင်ငံသားတွေဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။ အခြေအနေကို နီးကပ်စွာ စောင့်ကြည့်နေပြီး တိကျတဲ့ အခြေအနေတွေကို နားလည်ဖို့ ကြိုးစားနေတယ် လို့ ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဆိုပါတယ်။
Ref:BBC
Photo:Getty Images
