ဆူးငှက်
စာအုပ်မှာ ၁၉၆၄ ခု၊ မေလက ပထမအကြိမ်၊ ထိုနှစ် စက်တင်ဘာလမှာ ဒုတိယအကြိမ်၊ ၁၉၆၇ ဇူလိုင်လမှာ တတိယအကြိမ်ဖြင့် အကြိမ်များစွာ၊ အုပ်ရေများစွာ ထုတ်ဝေပြီးသော်လည်း ယခု(၁၉၇၄၀န်းကျင်)မှ ဖတ်ရှုမိကာ အသိအမြင်တွေ နောက်ကျရမှုအပေါ်လည်း မချိတင်ကဲ ဖြစ်နေရ၏။ ကျွန်တော် မွေးဖွားကြီးပြင်းရာ ရပ်ဝန်းမှာ သာမန်လက်လုပ်လက်စား ဝန်းကျင်ဖြစ်သည်။ သေစာရှင်စာမျှသာ ဖတ် တတ်သော အဝန်းအဝိုင်းမှာ တစ်ဦးစ နှစ်ဦးစသာ စာနှင့်ပေနှင့် နီးစပ်သည်။ ခုံမင်သည်။ မြတ်နိုးသည်။ ထို့ကြောင့် လက်လုပ်လက်စား မိဘနှစ်ပါးက မွေးဖွားသော ကျွန်တော်သည် ကံကောင်းထောက်မစွာဖြင့်၊ ထို … စာနှင့်ပေနှင့် နီးစပ်သည့် တစ်ဦးစနှစ်ဦးစနှင့် ဒုလ္လဘ တရားပမား တိုက်ဆိုင်ကြုံတွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း စာအုပ်မြင်လျှင် ဥပက္ခာမပြုနိုင်ဘဲ ကောက်ကိုင်ကြည့်လေ့ရှိရာမှ ယခု ကဲ့သို့ ရတနာရွှေအိုးနှင့် တွေ့ရခြင်းဖြစ်၏။
ကျွန်တော် … စက်ဆရာ အိပ်ရာပေါ်က စာအုပ်ကို စွဲလမ်းနှစ်ခြိုက်သွားတော့သည်။ ကျောင်းက ပြန်လာတာနှင့် လွယ်အိတ် ကလေးကို ထရံမှာ ချိတ်ပြီး အင်္ကျီမျှပင် မလဲနိုင်ဘဲ စက်ဆရာ့အိမ်သို့ ပြေးသည်။ အိပ်ရာပေါ် ဝင်လှဲပြီး ဖတ်လက်စ စာအုပ်ကို ဖတ်သည်။ စက်ဆရာကလည်း ထိုစာအုပ်ထဲက သီချင်းတွေကို အင်္ကျီပုံညှပ်ရင်း၊ စက်ချုပ်ရင်း ဟစ်သည်။
“တော … မြိုင်ခြေ … လမ်း၊ ရဂုံတန်း … ကမူ
ဘဲကြားရိုင်လို့ ထူထူ အသားထိအောင် နေမခသူ …
အင်းလျားရေ မချိုး …ဘဲ၊ ဆတန်ဖိုး တိုး … လို့ ဖြူ …
ဆရာတင် နန်းတော်ရှေ့က အတွေ့မှန်တာ အဟုတ်ကိုရေးသူ …”
… ဟုဆိုလျှင် အရင်က စာအုပ်ကိုလှန်ပြီး ထိုသီချင်းကို စာသားနှင့်တိုက်ကာ လိုက်ဆိုဖြစ်သည်။ အခုတော့ သီချင်းထက် စာအုပ်ပါ အကြောင်းအရာတွေကို ပို၍ စိတ်ဝင်စားမိ၏။ အခုလည်း ကြည် …
“ဆရာတင် ရေးသည့် သီချင်းကလေးများတွင် အကြောင်းရှိ၍ ရေးစပ်သည်များ၊ သီချင်းတွင် နောက်ခံအကြောင်းအရာကလေး များ ရှိကြသည်တို့ တော်တော်များပါသည်။ ဥပမာ “ကြံကြံဖန်ဖန် ရန်ကုန်သူ” သီချင်းဆိုပါလျှင် ဆရာတင်က ရွှေဘိုသူတွေ ကျေနပ်စေရန် သီချင်းနှင့်ချော့သည့် တေးဖြစ်ပါသည်။
“ထပါနော်၊ မရာကျော်ရယ်၊ ဂဟေဆက်လို့၊ ရွှေကြက်ယက် ဘုရားဖူးရင်း၊ စစ်ကိုင်းတံတားကူးမယ့်ပြင်” ဟူသော စစ်ကိုင်း တံတား သီချင်းတွင် “ရွှေဘိုသူများကို အခြားသူများက အထင်သေးမည်ဆိုလျှင်လည်း သေးစေနိုင်သည်” ဆိုသော စာတစ်ပိုဒ် ပါပါသည်။ ထိုစာပိုဒ်ကို … ရွှေဘိုသူများက သူတို့ကို နှိမ်ကူးသည်ဟု သဘောရသည့်အတွက် ဆရာတင်နှင့် တွေ့ပြီး ရွှေဘိုသူတွေကို ဒီလောက် မနှိမ်ပါနှင့် ဆရာဟု ပြောလာကြသည်။ ထို့ကြောင့် ဆရာတင်က ရွှေဘိုသူတွေ ကျေနပ်ပါစေကြောင်းအတွက် “မေပျိုဖြူရယ်လေ၊ ရွှေဘို သူလောက် ယဉ်တာ ကမ္ဘာမရှိသူ” ဟူ၍ ရွှေဘိုသူများကို ပြန်ချော့သည်” ဟူသော စာပိုဒ်က အဖိုးတန်လှသည်။
အိမ်ရှေ့ လက်ဖက်ကြမ်းဝိုင်းမှာဖြစ်စေ …၊ ရပ်ကွက်တီးဝိုင်းတီးလုံး တိုက်ရာမှာဖြစ်စေ … “ကြံကြံဖန်ဖန် ရန်ကုန်သူ” သီချင်းနှင့် ပတ်သက်လျှင်ဖြင့် ကျွန်တော်က ထိုအကြောင်းအရာကို အားပါးတရ ပြောပြလို့ ဖြစ်ပြီ။
သီချင်းရေးသူ၊ သီချင်းဆိုသူ၊ ဆိုင်းတီးသူ၊ ဇာတ်ကသူ၊ အငြိမ့်ကသူ …၊ ရုပ်သေးကြိုးဆွဲ၊ ရုပ်သေးအဆိုတော် … စသည်ဖြင့် လူပုဂ္ဂိုလ်များ အထ္ထုပ္ပတ်၊ ထိုထို သီချင်း၊ တီးလုံးတီးကွက်၊ ကကြိုးကကွက်များ၏ ဗျုပ္ပတ်များနှင့်ပတ်သက်၍ ဇာတ်လမ်းသဘော၊ ဖြစ်စဉ် သဘောမျှ လေ့လာဖတ်ရှုရရုံမက … သုခုမ ဘာသာရပ်နှင့်ပတ်သက်၍ နက်နက်နဲနဲ တွေးတောကာ မမှီ့တမှီ ဉာဏ်ဖြင့် လိုက်လံမှတ်သား ကာ အသိသစ်၊ အမြင်သစ်တိုးရသော အကြောင်းအရာတွေကြောင့်လည်း အသိဉာဏ်တိုးရသည်။
ကျွန်တော်တို့ ပါးစပ်ဖျားနှင့် နားတွင် အမြဲယဉ်ပါးကာ နှုတ်က မချတမ်း ရွတ်ဆိုမိနေသော “ငွေစန်းရောင် … မြူးယှက် ကူးလျက်၊ ကြည်နူးအေးမြသီတာရေ အေးမြသီတာရေ …” ဟူသော ထပ်တရာလန်း သီချင်း၊ “ညချမ်းချိန်ခါဝယ် …၊ တူနွှဲနှစ်ဖြာမောင်မယ် … ကြည် စယ်လွန်တာ၊ ဖိုးရွှေလက မိုးတိမ်ဝမှ သရော်သည်နှယ် …” ဟူသော ချစ်တာပဓာန သီချင်း၊ “သြော် … သူ့ခေတ်နဲ့သူတော့ သူတွင်ကျယ် …၊ သူတို့ကိုလည်း ပြိုင်ဖို့ မလိုဘူးထင်တယ်…” အစရှိသော နှစ်ယောက်ထဲသီချင်း၊ “လူချွန်လူကောင်းများကို ပေါင်းစုအားတွင်၊ မြို့မ မိတ်ဆွေတွေကို ကြည်ညိုစွာ မြင်လိုက်ချင် …” ဟူသော လူချွန်လူကောင်း သီချင်း …၊ စသော သီချင်းများကို ရေးသားစပ်ဆိုခဲ့သူ ဆရာ မြို့မငြိမ်းနှင့်ပတ်သက်၍ ထိုစာအုပ်ထဲတွင် နင့်နင့်နဲနဲ အပေါ်လွင်ဆုံးဖြစ်အောင် ရေးသားထားတာ သတိပြုမိသည်။ ဘယ်အချိန်ဖတ်ဖတ် မရိုး …၊ ဖတ်တိုင်းလည်း “ရသ” တစ်မျိုးမျိုး ခံစားရသည်။ ထိုထက်မက … သေချာစွာ ဖတ်ရှုပြန်တော့ စဉ်းစားတွေးတောရသည့် အသိ များဆီ တံခါးဖွင့်ကာ ဆွဲခေါ်သွားသည့် အကြောင်းအရာများကိုလည်း ဆရာမြို့မငြိမ်းစာမျက်နှာများမှာ တနင့်တပိုး တွေ့ရ၏။
“ဆရာငြိမ်းသည် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတများနှင့် ရင်ပေါင်တန်းနိုင်ရေးကိုသာ အမြဲတမ်း စိတ်ကူးလုပ်ဆောင်ရင်းက အခြေ အနေ၏ တောင်းဆိုချက်အရ သီချင်းများကို ကူးစပ်ပေးခြင်းဖြစ်လေသည်။ သူ့တစ်သက်တာ၌ သူ့ဉာဏ်စွမ်းရှိသမျှ၊ သူ့ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းသွားခြင်းသည် မြန်မာ့ဂီတဝိုင်းကြီး ဖွဲ့ရေးဖြစ်သည်။ မြန်မာသီချင်းများကို ရေးစပ်သွားခြင်းသည် သွားရင်းဟန်လွဲ လုပ်ဆောင် သွားမှုများသာ ဖြစ်သည်။”
“ဆရာငြိမ်းက သီချင်းတစ်ပုဒ်ကို ရေး၍သာ ရေးပေးခဲ့သည်။ သူလုပ်ချင်သည်က ဤအလုပ်မဟုတ်၊ မလွှဲမကင်းသာ၍ အမြင် မတော်၍ ဝင်ရေးပေးခြင်းမျိုး ဖြစ်သောကြောင့် ထိုသီချင်းအတွက် သီချင်းရေးခရရေးဆိုသော ပြဿနာမှာ ဆရာငြိမ်းအဖို့ အလွန်ကျဲသည့် ကိစ္စ ဖြစ်ပေသည်။ ဆရာ့သီချင်းအများစုသည် ရေးခတစ်ပြားတစ်ချပ်မှ မရဘဲ ရေးပေးရသည့် သီချင်းတွေ ဖြစ်လေသည်။”
“ဆရာငြိမ်းရေးခဲ့သည့် သီချင်းကလေးတွေသည် မြန်မာ့ဂီတဤ ကာလအကြာကြီး တည်တံ့နိုင်သည့် သတ္တိများရှိသည်ဟူ၍ ဆိုခဲ့ သည်။ သီချင်းတစ်ပုဒ်၌ (၁) ရေးဖွဲ့သည့်အကြောင်းအရာနှင့် အတွေးအခေါ်၊ (၂) ရွေးချယ်သီကုံးသည့် စကားလုံး၊ (၃) တေးသီချင်း၏ အသွားအလိုက်နှင့် တီးကွက်ဟူ၍ ၃ပိုင်း ရှိပေသည်။ ဤ၃ပိုင်းစလုံးတွင် ကြာရှည်စွာ တည်တံ့နိုင်သည့် အရည်အသွေးပါရှိမှ သီချင်းတစ် ပုဒ်သည် နှစ်ကာလကြာညောင်းအောင် လူတွေက မြတ်နိုးခုံမင်စွာ သီဆိုနိုင်ပေသည်။
“မြန်မာတီးဝိုင်းသည် နှစ် ၁၀၀ ကာလအတွင်း၌ တစ်စုံတရာ ထူးထူးခြားခြား ပြောင်းလဲလာမှုဟူ၍ မရှိသလောက် ရှိနေသေး သော်လည်း သူများနိုင်ငံကြီးများတွင်ကား တေးဂီတအရာ၌ ပြောင်းလဲပြုပြင်ချက်ကြီးတွေ အများကြီး ဖြစ်ပေါ်လျက်ရှိကြပေပြီ။ ဤအဖြစ်ကို ဆရာငြိမ်းက ကောင်းစွာ အသိအမှတ်ပြုလျက် မြန်မာ့ဟန်၊ မြန်မာမှု၊ မြန်မာ့အတွေးအခေါ်များ အပြည့်ပါသည့် မြန်မာ့သီချင်းပီပီ မည်မည် များကို ရှေးနှင့်ခေတ် ပေါင်းကူးပေးပြီး ခေတ်နှင့်လျော်ညီစွာ စီကုံးရေးဖွဲ့ခဲ့လေသည်။”
“ဆရာငြိမ်းသည် မြန်မာစကား၊ မြန်မာဝေါဟာရကို အဟုတ်ပိုင်သူ၊ အဟုတ်ဂရုစိုက်သူ ဖြစ်သည်။ ထို့ကြောင့်လည်း သူရေးထား သည့် သီချင်းစာသားကို အလွဲလွဲအချော်ချော် သီဆိုလျှင် သူက သည်းမခံနိုင်။ ဆရာငြိမ်းက သူတစ်လုံးစီ ရွေး၍ သီကုံးထားသည်များကို သေသေချာချာ မကျက်မှတ်ဘဲ ထင်ရာရမ်း၍ ဆိုလျှင်ဖြစ်စေ၊ ဘာမှန်းမသိ၍ ပီပြင်အောင် မဆိုလျှင် ဖြစ်စေ၊ မကြိုက်ပေ။ ယခု ဆရာ့ သီချင်းဟု ဆိုပြီး သေသေချာချာ မရှာဖွေဘဲ ပေါက်တတ်ကရ လုပ်နေကြသည်များကို ဆရာသိလျှင် ဘယ်ကလောက်များ မခံမရပ်နိုင် ဖြစ်နေမည် မသိပေ”
အထက်ပါအချက်များကား … ထိုစာအုပ်ထဲမှတစ်ဆင့် နက်နဲသော အတွေးအခေါ်များဆီ ဆွဲခေါ်ယူသွားစေသည့် လမ်းပြတံခါး ပေါက်များပဲ ဖြစ်သည်။ ဒါက နမူနာအကျဉ်းမျှဖြစ်သည်။ ဒီလို စဉ်းစားတွေးတောဖွယ် အချက်အလက်များ ထိုစာအုပ်တွင် အများအပြား ပါဝင်သည်။
ထို့ကြောင့် ကျွန်တော်သည် စက်ဆရာ အိပ်ရာနံဘေးက အဖုံးပြုတ်နေသော စာအုပ်ကြီးအပေါ် တရှိုက်မတ်မတ် စွဲမက်ရခြင်း သည် သီချင်းစာသား ဖတ်ရှုရုံမျှမကတော့ဘဲ နက်နဲကျယ်ဝန်းလှသည့် သုခုမနယ်အတွင်း စမ်းဝင် တိုးထိရသလိုမို့ ရင်တလှပ်လှပ်နှင့် ပျော်စရာကောင်းလှ၏။ ကျွန်တော်က ကျောင်းမှအပြန် အဝတ်အစားမှမလဲ၊ ရေမျှ မချိုးနိုင်ဘဲ စာအုပ်ဆီ ရောက်နေ၍ အမေ၏ ဆူပူမှုကို ကြားနေရတော့ … စက်ဆရာက ထိုစာအုပ်ကို ကျွန်တော့်အား အပိုင်ပေးလိုက်တော့၏။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း …။
(ဆက်ရန်)
ဆူးငှက်