ဆူးငှက်
အရိုးအိုးနှင့် အုတ်တိုက်
———————-
စိုင်ပြွန်ရိပ်သာဝင်းထဲမှာ ကျွန်တော်တို့ ကလေးအရွယ်က ဆော့ကစားရာနေရာတစ်ခုက ဝင်းအတွင်းရှိ ဓမ္မာရုံနှင့် စိုင်ပြွန်မင်းသားကြီး အရိုးအိုးဂူပြာသာဒ်ရှိရာ နေရာဖြစ်သည်။ သည်နေရာက ပေ ၈၀ × ပေ ၁၀၀ လောက်ရှိမှာပေါ့။ ယှဉ်လျှက်တည်ရှိနေသော ဓမ္မာရုံနှင့် အရိုးအိုးပြာသာဒ်ရှေ့မှာ ၄ပေခန့်မြင့်သည့် အုတ်ဝရံတာလေး ကာထားသည်။ ဝင်းထဲရှိသူတိုင်းက ဓမ္မာရုံကို အုတ်တိုက် ဟုခေါ်ကာ အရိုးအိုးပြသာဒ်ကို အရိုးအိုးဟုပဲ ခေါ်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ ကလေးများက အုတ်တိုက်ပေါ်သွားရအောင်ဟုဆိုကာ ထို အုတ်တိုက်ဝင်းထဲ တူတူပုန်းတမ်း ဆော့ကြ၊ အုတ်ဝရံတာလေးပေါ် တက်ကာပြေးကြ အုတ်တိုက်ထဲ အလယ်ခေါင်မှာ ကျွန်းတိုင်လုံးကြီးရှိလို့ တိုင်ဦးတမ်း ကစားကြသည်။
နွေခါလို ပူအိုက်သည့် ရာသီ၏ နေ့ခင်းများတွင်လည်း အုတ်တိုက်ထဲ အရိပ်ခိုကာ ရေလဲ ပုဆိုးလေးတွေခင်းပြီး အိပ်ကြသည်။ အိပ်ရာနိုးတော့ မလှမ်းမကမ်းမှာရှိသော ရေတွင်းကြီးမှာ ရေချိုးပြီးမှ အိမ်ပြန်ကြ တာပေါ့။ ရေတွင်းကြီးက ရှေးဟောင်းရေတွင်းကြီး ဖြစ်မည်။ ရေတွင်းအတွင်း နံရံမှာ စီထားတဲ့ အုတ်တွေက ရှေးအုတ်ကြီးတွေဖြစ်သည်။ ရေတွင်းအပေါ် တွင်းဘောင်ကတော့ နောက်မှပြုပြင်ထားလို့ ဘိလပ်မြေအင်္ဂတေနှင့် မာချောနေ၏။ ရေတွင်းရေက နွေအခါတွင် အေးစိမ့်နေပြီး ဆောင်းအခါတွင် ရေငွေ့လေးတွေပျံ၍ပင် နွေးနေသည်။ ရေတွင်းမှာ အုတ်တိူင်နှစ်တိုင်နှင့် သံပေါင်တင်ကာ စက်သီးများချိတ်ပြီး နှီးပုံး သံပုံးများကို ကြိုးရှည်တပ်ကာ လက်နှင့် ငင်ရသည်။
ိ
တွင်းရေနှင့် ကျုံးရေ
————————
ဝင်းထဲရှိသူများက ထိုရေတွင်းတွင် ရေချိုးကြပြီး တောင်ဘက် အဝင်ပေါက်အနီးက ရေတွင်းတွင် ဝင်းပိုင်ရှင်မိသားစုက ရေစုပ်စက်နှင့် တင်ပြီး အိမ်သုံးရေအဖြစ်သုံးသည်။ စိုင်ပြွန်ဝင်း၏ အနောက်ဝင်းပေါက်ဘေးမှာလည်း ကျုံးရေကန်ရှိသည်။ ထိုကျုံးရေကန်က ၁၉၅၀ခုနှစ်က မန္တလေးသင်္ကြန်ကို ငြိမ်းချမ်းရေးသင်္ကြန်ဟူ၍ နိုင်ငံတော်သင်္ကြန် ကျင်းပရန် မြို့လုံအနှံ့ ကျုံးရေက်တွေ တူးဖော်ပေးစဉ်က ကန်ဟုသိရသည်။ ထိုသင်္ကြန်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ နိုင်ငံခြားသံတမန်များ လာရောက်ရေကစားကြမှာမို့ မြူနီစီပယ်က မြို့အနှံ့ ရေပက်ကစားရန် ကျုံးရေများ ပိုက်လိုင်းဆင် ဖောက်သွယ်ပေးမည့် အစီအစဉ်ကို မြို့မိမြို့ဖများက မြို့လူထု အဆင်ပြေရေးအတွက် အမြဲတမ်း ကျုံးရေကန်များ ဖောက်သွယ်ပေးရန် တောင်းဆိုမှု၏ ရလာဒ်များဖြစ်သည်ဟု သိရ၏။ ထိုကျုံးရေပိုက်လိုင်းမှလည်း ကျုံးရေကို ဝင်းအတွင်း ဆက်သွယ်၍ သွယ်ယူထားပါသေးသည်။
ရေတွင်းချေးဆယ်ခြင်း
———————
ဝင်းအတွင်းရှိ ရေတွင်းကြီးများနှင့် ပတ်သက်၍ တစ်ခုမှတ်မိပါသေးသည်။ နှစ်စဉ် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ရောက်ချိန် နှစ်ဆန်းတစ်ရက်မတိုင်မီ သင်္ကြန် အတက်နေ့ရောက်တိုင်း ရေတွင်းကို ဝင်းသူဝင်းသားများက ရေတွင်းချေးဆယ်ပြီး လိုအပ်သည်များ ပြုပြင်ကြသည်။ သင်္ကြန်အတက်နေ့ရောက်လျှင် မလယ်ကြတော့ဘဲ လူစုကာ အုန်းဆံ ရေပုံးကြိုးအသစ်များနှင့် လူငယ်များက ရေတွင်းထဲဆင်းကာ တွင်းအတွင်း အောက်ခြေတွင် အနယ်ထိုင်နေသော ရွှံ့များ နွံများကို ရေပုံများတွင် ထည့်ပေးကြသည်။ ထိုရေပုံးများကို အပေါ်က ကြိုးများစက်သီးများနှင့် ဆွဲတင်ပြီး တစ်နေရာတွင် စုပုံရသည်။ ကြိုးဖြင့် ရေပုံကိုဆွဲတင်ရာတွင် ရွှံ့နှစ် နွံနှစ်များပါသောကြောင့် လေးလံသဖြင့် ရေပုံးကြိုးကို လူ၁၀ယောက်လောက်က ညာသံပေးကာ ဆွဲတင်ကြသည်။
ကြိုးကို ၁၀ယောက်က တန်းစီကိုင်ထားပြီး ခါးတောင်းမြောင်အောင်ကျိုက်ကာ ရေတွင်းကို ကျောပေးပြီး ပြေး၍ ဆွဲတင်ရလို့ ပျော်စရာကောင်းလှသည်။ ရေတွင်းထဲရှိ ရွှံ့နွံများကို ဆယ်ရာတွင် ရေတွင်းအောက်ခြေတွင် ခံထားသော ဘောင်အထိ ခပ်ယူဆယ်ကြရပြီး ဘောင်ထက် နက်သွားပါက ဘောင်ကျွံကာ တွင်းပြိုတတ်လို့ အတွေ့အကြုံရှိသော လူကြီးများက တွင်ပေါ်မှနေ၍ တွင်းအတွင်း ဆင်းကာ ဆယ်နေသော လူငယ်များကို ဘောင်တွေ့ပြီလားဟေ့၊ ဘောင်တွေ့ရင် ရပ်တော့ဟု သတိပေးရသည်။ ထိုရေတွင်းက ဝင်းအတွင်းရှိသူများသာမက ဝင်းအနောက်ဘက်က သဖန်းမျိုးများကပါ လာရောက်ရေချိုးကြလို့ ရေတွင်းချေးဆယ်လျှင် သူတို့လည်း ပါဝင်ကူညီကြသည်။
ထိုနေ့တွင် အိမ်ရှိလူကုန် ရေတွင်းချေးဆယ်ရာ ရောက်နေကြလို့ ထမင်းဟင်း မချက်နိုင်သောအခါ ဒေါင်းရိုးထိပ် ဦးကြင်ရွှေ ခေါက်ဆွဲကြော်တွေ ဝယ်ပြီး ဇလုံကြီးများထဲထည့်ကာ ဝိုင်းစားကြသည်။ များသောအားဖြင့် ခေါက်ဆွဲကြော်အလှူကို ဝင်းပိုင်ရှင် ဦးလှသောင် ဒေါ်ခင်ဝင်းကြည် မိသားစုက လှူဒါန်းပါသည်။ တစ်နှစ်တလေမှာတော့ ဦးလေးသောင် မမကြည်တို့က လက်ဖက်တွေ သုတ်ပြီးပေးတာမို့ ထမင်းအိုးကြီးတစ်လုံး အပြေးအလွှားတယ်ကာ လက်ဖက်သုတ်နှင့် ထမင်းကို ပျော်ပျော်ပါးပါး စားကြသည်။ ရေတွင်းချေးဆယ်ပြီးလျှင် ရေတွင်းပေါ် သန်ရှင်းရေးလုပ်ကြ၊ သမံတလင်းအပေါက်အပြဲတွေကို ဘိလပ်မြေအင်္ဂတေနှင့် ဖာကြ၊ ရေဆိုးကန်ကိုလည်း ပြန်ဖော်ကာ ကန်သင်းမြှင့်ကြ၊ တွင်းဘောင်တိုင်နှင့် တန်းတွေ ဆေးသုတ်ကြနှင့် ညနေမိုးချုပ်မှ လက်စသတ်နိုင်ကြသည်။
နီနီလေးလည်း ဇိမ်ပဲ၊ ဝါဝါလေးလည်း ဇိမ်ပဲ
——————————————-
သင်္ကြန်နှင့် ရေတွင်းချေးဆယ်တာနှင့် ပတ်သက်ပြီး ကျွန်တော်ငယ်ငယ်က အထပ်တလန့် တစ်ခုဖြစ်ခဲ့တာ မှတ်မိပါသေးသည်။ ထိုနှစ်သင်္ကြန်တွင် အကြိုနေ့ကတည်းက ဆွေမျိုးတစ်စု လူငယ်တွေ သင်္ကြန်လည်ကြသည်။ ထိုစဉ်က သင်္ကြန်လည်သည်မှာ ကားဖြင့် လည်သူက တတ်နိုင်သူများသာဖြစ်သည်။ အများစုက ခြေကျင်လည်ကြသည်။ ဆွေမျိုးတွေ သင်္ကြန်လည်ကြတော့ မုံရွာက အမျိုး တက္ကသိုလ်ကျောင်းသားအစ်ကိုကြီးက ဦးဆောင်ပြီး သူ့နှမအရင်းတွေ အပါအဝင် ဝင်းထဲက နှမဝမ်းကွဲတွေ ညီဝမ်းကွဲတွေ ပါဝင်သည်။ အရွယ်ကောင်း အပျို အချောအလှလေးတွေကို အုပ်ထိန်းသူ အစ်ကိုအမျိုးသား ၃ယောက်က ဦးဆောင်ပြီး သင်္ကြန်ကို ခြေကျင်လည်ကြသည်။ လည်လို့မှ ကျောက်သွေးတန်း ဗဟိုမဏ္ဍပ်က နဂါးမယ်အကူး ဂျစ်ကားတစ်စီးက အပျိုချောတွေ အနား ပွတ်ဆွဲကာ သားပြောမယားပြော နောက်ပြောင်တော့ မခံရပ်နိုင်သည့် မောင်တစ်ယောက်က ဂျစ်ကားပေါ်က လူတွေကို လှမ်းဆဲသည်။
သည်တင် ကားပေါ်ကလူရမ်းကားများက အရက်လည်းမူးနေကြတော့ ကားရပ်ပြီး ဆင်းလာကာ ရန်ပြုသည်။ အပျိုချောတွေကို အုပ်ထိန်းသည့် အစ်ကိုကြီးက တောင်းပန်သော်လည်း မရဘဲ ထိုးကြိတ် စော်ကားတော့၏။ မတရားမှုကို မြင်နေရသော ရပ်ကွက်ခံက မခံရပ်နိုင်လို့ ရဲကိုတိုင်သောအခါ လူရမ်းကား ဂျစ်ကား အဖမ်းခံရပြီး အထိုးအကြိတ်ခံရသည့် ညီအစ်ကို နှင့် အစအပြောင်ခံ နှမများပါ ရဲစခန်းကခေါ်ပြီး သက်သေခံခိုင်းသည်။ မောင်နှမတတွေ ရဲစခန်းကအပြန် ဆက်ပြီးလည်း မလည်ချင်တော့၍ အိမ်သို့ ပြန်လာကြ၏။ လမ်းတွင် အစ်ကိုကြီးက ဦးဆောင်ပြီး ဒီကိစ္စကို အိမ်ကလူကြီးတွေ အသိမပေးကြဖို့ တင်းတင်းကြပ်ကြပ်သတိပေးကာ အိမ်ထဲဝင် ဘာမှ မဖြစ်သလို အိပ်ကြတော့သည်။ အထိုးအကြိတ်ခံရသည့် တစ်ယောက် နှုတ်ခမ်းပေါက်သည်ကိုပင် မတော်တဆ ခိုက်မိလို့ဟု ပြောထားသည်။ မကြာပါချေ ထိုသတင်းက မန္တလေးထုတ် သတင်းစာတွင် ပါလာ၏။ သို့သော် သင်္ကြန်တွင်းမို့ လူကြီးတွေက သတင်းစာကို သတိမထားမိကြ။
ဤသို့ဖြင့် သင်္ကြန်အတက်နေ့ တစ်ဝင်းလုံးနှင့် ဝင်းအနောက်ဘက်က အမျိုးတွေမကျန် ရေတွင်းချေး ဆယ်နေရာတွင် တစ်စုတည်း ရှိနေစဉ် ယိုးဒယားဂတ်က ရဲက အရပ်ဝတ်နှင့် လိပ်စာရှာကာ ရောက်လာပြီး ရန်ဖြစ်သည့် နေ့က ပါဝင်သူ မောင်နှမအားလုံး စစ်ချက်ယူဖို့ ရဲစခန်းလိုက်ခဲ့ကြရန် လာရောက် အကြောင်းကြားတော့ ရေတွင်းချေးဆယ်လက်စက မောင်နှမတတွေ လူကြီးတွေ မသိအောင် တစ်ယောက်ပြီးတစ်ယောက် ကိုယ်ရောင်ဖျောက်က ရဲစခန်းသို့ သွားကြသည်။ ထိုဖြစ်စဉ်ကို ရိပ်စားမိသော ဝင်းရှင် ဦးလှသောင်က အဘကိုခေါ်၍ “ ဦးပေါလူ ခင်ဗျားသမီး ခင်ဗျားတူတွေ တူမတွေ တစ်ခုခုဖြစ်လာကြပုံပဲဗျ။ ရဲစခန်းက လာခေါ်ပုံပဲ။ လိုက်သွားကြဦးစို့ဗျ” ဟု လာပြောမှ ရေတွင်းချေးဆယ်နေတာ တို့လိုတန်းလန်းရပ်ကြကာ တထိပ်တလန့်နှင့် ယိုးဒယားဂတ်တဲသို့ ဦးလှသောင်ကားနှင့် လိုက်ကြသည်။
ရဲစခန်းတွင် အချုပ်ခန်းထဲက လူလွန်မသားတွေက တောင်းပန်မှုကြောင့် အစ်ကိုကြီးဦးဆောင်ပြီး သဘောထားကြီးကာ ကျေအေးလက်မှတ်ထိုးပေးလိုက်လို့ အမှုက ပြီးသွားသည်။ ရဲစခန်းက ပြန်လာသော မောင်နှမတတွေကို မီးသတ်အကွေ့လမ်းမှာပင် တွေ့ရလို့ သက်ပြင်းချကြရသည်။ ထိုအဖြစ်အပျက်က ငိုအားထက် ရယ်အားသန်စေတာမို့ မောင်နှမတတွေ အကြောင်းသင့်တိုင်း ရယ်ပွဲဖွဲ့စရာ ဖြစ်နေတာ ယခုတိုင်ဖြစ်သည်။
အပူရှောင် တောင်စောင်းတန်း
———————————
နွေအခါ ရာသီဥတုပူတိုင်း ဝင်းထဲက ဓမ္မာရုံထဲ သွားကာ အရိပ်ခိုကြရသည် ဟု ကျွန်တော်ပြောခဲ့သည်။ ထိုသို့သွားကြမည် ဆိုလျှင် အုတ်တိုက်ပေါ် သွာမယ်ဟေ့ဟု ဟစ်ကာ လူစုကြသည်။ အလားတူပင် နွေအခါ၌ “ ဘုရားထဲသွာကြမယ် ဟေ့” ဟု လည်း လူစုတတ်ကြသည်။ ဒါက အိမ်တော်ရာ ဘုရားအတွင်း တောင်စောင်းတန်းကြီးထဲသို့ အရိပ်ခိုသွားကြခြင်းဖြစ်သည်။ တောင်စောင်းတန်းကြီးက အုတ်တိုင် အုတ်မိုး အုတ်ထုထည်ကောင်းသော စောင်းတန်းကြီးမို့ အပူဒဏ်ကို ကာကွယ်နိုင်၏။ ထို့ပြင် စောင်းတန်းဘေး တဘက်တချက်မှာ ဧရာမ ညောင်ပင်ကြီးတွေ ရှိုလို့ ပိုပြီး အေးမြသည်။ အောက်ကလည်း အင်္ဂတေသမံတလင်းမဟုတ်ဘဲ သဘာဝကျောက်ပြားကြီးတွေ ဖြစ်သည်။ ထိုကျောက်ပြားကြီးတွေ၏ အထိအတွေ့ကိုက မြေနေသည်။
အိမ်တော်ရာ တောင်စောင်းတန်းကြီးက သက္ကရာဇ် ၁၂၈၅ခု သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်နေ့က လှူဒါန်းခဲ့သောကြောင့် ယခုအခါ နှစ်၁၀၀ တင်းတင်းပြည့်ရန် လပိုင်းသာ လိုတော့သည်။ တောင်စောင်းတန်း ကြီးတွင် မျက်နှာကျက် ရွှေဇဝါယွန်းလက်ရာများမှာ အကောင်းပကတိနီးပါး ကျန်ပါသေးသည်။ အုတ်တိုင် အုတ်ခုံး ထုထည်ကောင်းနှင့် တောင်စောင်းတန်း၏ ဗိသုကာက ရိုးရှင်း ခံ့ညားလှသည်။ တောင်စောင်းတန်း သံတံခါး အဝင်စ၏ အနောက်ဘက်မှာ ယခုအခါ ဖျက်သိမ်းလိုက်သော ဘုတလင် သစ်သားဇရပ်ကြီး ရှိပြီး ဇရပ်၏ မြောက်ဘက်မှာ ငါးကြီး အာနန္ဒာစေတီရှိသည်။ စကြဝဠာပုံစံကို ဖော်ကြူးသော ငါးကြီးအာနန္ဒာစေတီတော်ကြီးကလည်း တာဝတိ ံသာမှ စူဠာမုနိ စေတီတော်၊ နတ်ဘုံနတ်နန်းပြာသာဒ်၊ ငါးကြီးအာနန္ဒာ ရစ်ပတ်ထားသော မြင့်မိုရ်တောင်၊ ဘုရားရှင် နတ်ဗြဟ္မာများခြံရံကာ လူ့ပြည်ဆင်းဟန် တို့ကို အချိုးကျ ပေါင်းစပ်ထားသည့် ထူးခြားသည့် ရှေးဟောင်းမြန်မာမှု လက်ရာဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ထိုစေတီက ပြိုပျက်လုဖြစ်ကာ ခြုံတွေ ပိတ်ဖုံးလု ဖြစ်နေ၏။
စောင်းတန်းဝဲယာ ဆော့စရာ
—————————
ဘုတလင်ဇရပ်နှင့် စောင်းတန်းကြီးကြားတွင် ညောင်ပင်ကြီးတစ်ပင် ရှိသလို စောင်းတန်းအရှေ့ဘက် ခုနစ်နေ့ခုနစ်နာမ် ဇရပ်ကြားတွင်လည်း ညောင်ပင်ကြီးတစ်ပင်ရှိသည်။ စောင်းတန်းကြီး အရှေ့ဘက် ခုနစ်နေ့ ခုနစ်နာမ်ဘုရားနှင့် တံတိုင်းကြားတွင် ခြင်းဝိုင်းနေရာရှိကာ ညနေတွင် ခြင်းအဖွဲ့များ လာရောက် ခတ်ကစားကြသည်။ တောင်စောင်းတန်းကြီးတွင် အပူရှောင်ကြရာတွင် အိမ်ရှိလူကုန် ဖျာလေး ပုဆိုးဟောင်းလေးများနှင့် ခင်းကာနားကြပြီး လူကြီးတွေက အလုပ်ရှိလို့ အိမ်ပြန်ကြသော်လည်း ကျွန်တော်တို့ ကလေးတွေက မပြန်ကြသေးဘဲ မျောက်ရှုံးအောင် ဆော့ကြသည်။ အရွယ်ကြီးကြီး ကလေးတွေက ညောင်ပင်ကြီးတွေကတဆင့် စောင်းတန်းခေါင်မိုးပေါ်တက်ကာ အုတ်သမံတလင်းခင်း ခေါင်မိုးပြန့်ကြီးပေါ် ပြေးကြသည်။ တချို့က ခြုံတွေကြားကနေ ငါးကြီးအနန္ဒာစေတီပေါ် တက်ကြသည်။ တချို့က အနောက်နားက နောင်တော်ကြီး စေတီကြား တူတူပုန်းတမ်း ကစားကြသည်။ တချို့က အရှေ့နား ကျိုက်ထီးရိုးစေတီ ကျောက်တောင်ပေါ် ကုပ်ကပ်တက်နေကြသည်။
မိန်းကလေးတွေက ခြင်းဝိုင်းတလင်းမှာ ဇယ်တောက်တမ်း ဖန်ခုန်တမ်း ဆော့ကြသည်။ နွေကာလ နေ့လယ်နေ့ခင်းတွင် တောင်စောင်းတန်းကြီး ၌ လူစုံလို့ ဆီးယိုသည်၊ မုန့်လက်ဆောင်းသည်၊ သရက်ကင်သည် ကာလစပါးယိုသည် စသည့် ဈေးသည်များလည်းစုံသည်။ ကျွန်တော်ကတော့ စောင်းတန်းကြီးပေါတက်လည်း မဆော့ဝံ့ ဘုရားပေါ်လည်း မတက်ဝံ့၊ သူများတွေ ဆော့နေချိန် စောင်းတန်းကြီး၏ အရှေ့ဘက် ဇရပ်နီအတွင်းက နိပတ်ပန်းချီကားတွေကို သွားမော့နေသည်။ ငယ်စဉ်ကတော့ ထိုနိပတ်ပန်းချီကားတွေက ဘာအကြောင်းအရာတွေမှန်း မသိခဲ့။ စစ်တိုက်ခိုက်နေသည့်မြင်ကွင်းတွေက ပီပြင်လှလို့ မကြာခဏကြည့်ခြင်း ဖြစ်သည်။ နောက် အရွယ်ရောက်မှ လေ့လာသောအခါ ဗောဓိကုန်းရပ် ပန်းချီဆရာအေး၏ ဒုဋ္ဌဂါမဏိဇာတ်တော် ပန်းချီကား၁၂ချပ်နှင့် ဓမ္မာရုံရေစက်သွန်းချပုံ ပန်းချီကား၂ချပ်တို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပန်းချီကားများမှာ သက္ကရာဇ် ၁၂၈၁ခုနှစ်က ရေးဆွဲခဲ့သောကြောင့် ယခုအခါ နှစ်ပေါင်း၁၀၀ကျော်ပေပြီ။
အုတ်တိုက်ပေါ်က သီလပွဲ
————————-
ကလေးဘဝက ပျော်စရာကောင်းသည့် နေ့ရက်များအနက် အခုထိ အမှတ်ရဆဲမှာ ဝင်းထဲရှိ အုတ်တိုက် ဓမ္မာရုံ၏ ဝါတွင်းသီလပွဲများ ဖြစ်သည်။ စိုင်ပြွန်ရိပ်သာဝင်၏ တနင်္ဂနွေထောင့် စိုင်ပြွန်မင်းသားကြီး အရိုးအိုးဂူပြာသာဒ်နှင့် ယှဉ်လျှက် အုတ်တိုက်ဓမ္မာရုံကြီးကို ၁၃၁၄ခုနှစ် တည်ထားကိုးကွယ်တော်မူသော ဘုရားကျောင်းတော်။ ပဲကုန်သည် ဦးပိုက် ချစ်ချစ် သား မောင်လှသောင်တို့ ကောင်းမှု နတ်လူသာဓုခေါ်စေသော် ဟု ကမ္ပည်းထိုးကာ လှူဒါန်းထားသည်။ အဆိုပါ အုတ်တိုက်တွင် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း အုတ်တိုက်ဒကာ ဦးလှသောင် ဒေါ်ခင်ဝင်းကြည် မိသားစုက သီလပွဲကို တာဝန်ယူလှူဒါန်းကာ ဝင်းအတွင်းနှင့် ရပ်ကွက်အတွင်းက သီလ လာယူကြသည်။
ဝါဝင်တော့မည့် ဝါဆိုလပြည့်မတိုင်မီ ဝင်းသူဝင်းသားများက အုတ်တိုက်ကို ရေဆေး သန့်ရှင်းရေးလုပ် ဘုရားကျောင်ဆောင်ကို ရေသပ္ပာယ်ကြသည်။ ဝါဆိုလပြည့်နေ့ မနက် ဝင်းပေါက်က အရုဏ်တော်အသင်းတွေ ဘုရားကြီးက ဆွမ်းကြီးကပ်လှူအပြန် ကြေးစည်သံတဝေေ၀၊ မောင်းသံတဒူဒူနှင့် အပြန်လမ်းဖြတ်သွားတာ ကြည့်ပြီးတာနှင့် အဘက ကျွန်တော့်ကိုခေါ်ကာ အုတ်တိုက်ပေါ်သွားသည်။ ဦးလေးသောင်တူမ မကောင်းကြည်နှင့် ဦးလေးသောင် အဒေါ် ကြီးတော်သျှောင်တို့က အမှိုက်လှဲကျင်း ဘုရားပန်းအသစ်လဲနေကြ၏။ အဘက အုတ်တိုက်ပေါ် ဘုရားခန်းဘေးတဖက်တချက်က ကျွန်းတံခါးရွက် ခေါက်ဖွင့် ဗီဒိုကိုဖွင့်ကာ ယွန်းကန်တော့ပွဲ လင်ပန်းနှင့်အတူ ဘုန်းကြီးနေရာထိုင်အခင်းနှင့် သင်ဖြူးဖျာလိတ်များ ထုတ်သည်။
ထို့နောက် ကြေးစည်နှင့် ထမ်းပိုး ကြေးစည်ထု တင်းပုတ်တို့ကိုလည်း ထုတ်သည်။ ကန်တော့ပွဲတွင် အသင့်ရောက်နေသော အုန်းသီးငှက်ပျောသီးထည့် လင်ပန်းများတွင် လှူဖွယ်များထည့် ဘုန်းကြီးတရားပလ္လင်အောက်တွင် ကတ္တီပါအနီကွပ် သင်ဖြူးအကောင်းစားခင်း တရားပလ္လင်ပေါ် ကတ္တီပါနေရာထိုင်ခင်း၊ ထို့နောက် ကျန်ရိုးရိုးသင်ဖြူးတွေကို အုတ်တိုက်အတွင်း နေရာမလတ်ခင်းသည်။ ဒီအလုပ်ကို အဘက အမြဲကုသိုလ်ယူကာ ကျွန်တော်က ကူရ၏။ ထို့နောက် အုတ်တိုက် အတက်လှေကာ၏ တောင်ဘက်က ဝရံတာနှင့် ရှေ့က တံတိုင်းလေးပေါ်ခွကာ ထမ်းပိုးကို တင်ကာ ကြေးစည်ကြီးချိတ်သည်။
အုတ်တိုက်ပေါ်အားလုံးပြင်ဆင်ပြီးတော့ ကျွနိတော်တို့ သားအဖ အိမ်ပြန်အဝတ်အစားလဲ ၊ ကြီးတော်သျှောင်နှင့် မကောင်းကြည်လည်း မီးဖိုခန်းထဲ ပြန်ဝင်ကာ ဘုရားဆွမ်းတော်နှင့် ဥပုသ်သည်များဧည့်ခံမည့် လက်ဖက်တွေကို ပုစွန်ခြောက် ဒိန်ညင်းသီး နိုင်းချင်းနှင့် သုတ်တော့သည်။ မနက်ဂနာရီကျော်တာနှင့် အုတ်တိုက်ပေါ် ဥပုသ်သည်တွေ ရောက်လာကြပြီ။ ဓာတ်နန်းရပ်က ဦးလေးသောင်၏ ဆွေမျိုးများက ဝီရိယကောင်းစွာ အစောကြီး ရောက်နှင့်နေသည်။ ခဏနေတော့ ဝင်းပေါက်က ကျောင်းအစ်မကြီး ဒေါ်ငွေမှီနှင့် သမီးများ မြေးများ ရောက်ကြပြီ။ ဝင်းအနောက်ဘက်က ဒေါ်သန်းတင် ဒေါ်အေး ညီအစ်မ၊ ဦးကြီးကောင်းရင် ဦးကြီးစာဗျော မိသားစုနှင့် ဝင်းထဲက အိမ်စေ့ မိသားစုအစုံ ရောက်ပါပြီ။ မကောင်းကြည်တို့ ဧည့်ခံသော လက်ဖက်သုတ်ကို တစ်ယောက်တစ်ဇွန်း လက်မလည်အောင် သုံးဆောင်ကြရင်း ရပ်ရေးရွာရေး ဆွေရေးမျိုးရေး စကားဖောင်ဖွဲ့ကြတော့၏။
ငွေဒင်္ဂါးတစ်ကျပ်စေ့ အသစ်
————————–
မကြာပါချေ၊ ဦးလေးသောင်၏ ဃ/ ၅၃၄၇ အော်စတင် အညိုရောင်ကားလေးနှင့် မိုးကောင်းတိုက်က သီလပေးကိုယ်တော် ဦးဇင်းထီကို ပင့်လာပြီ။ ကားလေးက အုတ်တိုက်လှေကားအတက်တွင် ရပ်သည်နှင့် ဒေါ်ခင်ဝင်းကြည်၏ သားနှင့် သမီးတို့ မောင်ညီမတို့ မိသားစုပါ ဦးဇင်းထီနောက်က ကန်တော့ကာ လိုက်ပါသည်။ ကျွန်တော်တို့ ကလေးတွေကတော့ ကျွန်တော်တို့က မမကြည်ဟု ခေါ်သော ဒေါ်ခင်းဝင်းကြည်နောက်က လိုက်ပါလာသည့် မမကောင်းကြည်လက်ထဲက ငွေဖလားကြီးကိုပဲ ခါးဆန့်ကာ လှမ်းကြည့်မိသည်။ ဤသို့ဖြင့် ဘုရားကန်တော့ သီလယူ ရေစက်ချ အမျှအတမ်းဝေအပြီး ကြေးစည်ကို တဝေေ၀ ထုကာ ဝင်းထဲရှိ လူငယ်များက ဘုန်းကြီးကန်တော့ပွဲကို ကျောင်းသို့ လိုက်ပို့ဖို့ ပြင်ဆင်ကြ၏။
သည်အချိန် မကောင်းကြည်က ငွေဖလားကြီးပိုက်ကာ ဥပုသ်သည်များကို ရွှေရောင်ပတ် နဂါးဆေးလိတ် နှင့်အတူ ကျပ်ပြားအကြွေစေ့ အသစ်များကို လူကြီးတစ်ယောက် ၃စေ့(၃ကျပ်)၊ ကလေးတစ်ယောက် ၁စေ့ (၁ကျပ်) ဝေသည်။ ဦးဇင်းထီက ဦးလေးသောင်တို့ အမျိုးမို့ ဝါဝင်အစ ဝါဆိုလပြည့်မှာ သီလပွဲပင့်လေ့ရှိသည်။ နောက်ဥပုသ်တွေမှာ ဒက္ခိဏဝန်တိုက်က ကိုယ်တော်တွေ အလှည့် ကျမှာပေါ့။ ဦးဇင်းထီ ပြန်ကြွသွားသော်လည်း မမကြည်တို့နှင့် အရပ်ထဲက မိတ်ဆွေတွေက စကားစမည်ပြောကြသည်။ ခဏနေမှ အများစုက နောက်ထပ် ဘုန်းကြီးကျောင်းသီလပွဲတွေ သွားကြရမှာမို့ လူစုခွဲကြတော့သည်။ ကျွန်တော်တို့ ကလေးတွေကတော့ အုတ်တိုက်ပေါ် သင်ဖြူးခင်း ကြေးစည်ချိတ် စသည့် လူရာဝင်အလုပ်တွေ လုပ်ကိုင်ရသလို လက်ဖက်သုတ်တွေ အဝစား၊ ကျပ်စေ့ အသစ်တွေ ရလို့ ဝင်းထဲက နောက်တစ်ပတ်ဥပုသ် သီလပွဲကို မျှော်နေမိပါ၏။
ဆူးငှက်