သပိတ်ကျင်းမှာ တရက်တည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပြီး ခုနစ်ယောက် သေဆုံး

စက်တင်ဘာ ၁၄ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ မနေ့ စက်တင်ဘာ ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက သတင်း ထုတ်ပြန်ထားပါတယ်။
မနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်နဲ့ ညနေ ၄ နာရီဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ်က ညောင်ပင်သာရွာ အပါအဝင် နေရာအနှံ့အပြားမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ညောင်ပင်သာရွာက ငါးယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကျောက်ဖျာကျေးရွာအနီးက နှစ်ယောက် သေဆုံးပြီး သုံးယောက် ‌ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“နေ့လယ်ပိုင်း ညောင်ပင်သာမှာ ဖြစ်တာက ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်ခံရတာပါ။ ညနေပိုင်း လေကြောင်းတိုက်ခိုက်တာကတော့ ၁၀ ကြိမ်လောက် ရှိမယ်။ နေရာအနှံ့ ဆိုသလို ဖြစ်သွားတာ။ အခု လေကြောင်းတိုက်ခိုက်မှု ဖြစ်တဲ့နေရာတွေက မန္တလေး – မြစ်ကြီးနား လမ်းမဘေးမှာရှိနေတဲ့ ကျေးရွာတွေပါ” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
နလအတပ်က ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဘေး သပိတ်ကျင်းမြို့ပေါ်ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်ပြီးနောက် အဆိုပါ မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလျက်ရှိတာမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း အဆိုပါမြို့နယ်က ကမ်းပါးနီကျေးရွာမှာ ဂျက်လေယာဥ်နဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စက်တင်ဘာ ၁၁ ရက်နေ့မှာပဲ သပိတ်ကျင်းနယ်၊ ဇရပ်ကွင်းကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နှစ်ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ကလည်း သပိတ်ကျင်း မြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ ခုနစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် စက်တင်ဘာ ၄ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးက တဲတွေပေါ် လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သပိတ်ကျင်းနယ်ဘက် လေကြောင်း တိုက်ခိုက်ခံရတာ၊ လက်နက်ကြီး ပစ်ခတ်ခံရတာက ရက်ဆက် ဆိုသလို ဖြစ်နေတယ်။ အတော်များနေပြီ။ စစ်ရှောင် ပြည်သူတွေလည်း အတော်အခက်အခဲ ဖြစ်နေကြပြီ။ လမ်းလယ်ကျစ်ရွာကိုတော့ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက နလအတပ်တွေ ပြန်သိမ်းထားတယ်။ ဇရပ်ကွင်းဘက်လည်း အခြေအနေဆိုးတယ်။ လက်နက်ကြီး ခဏခဏကျနေတာ။ ဒေသခံတွေကတော့ အကုန်လုံးနီးပါး စစ်ရှောင်ကုန်ကြပြီ။ တယောက်စ၊ နှစ်ယောက်စလောက်ပဲ ရွာတွေမှာ ကျန်ခဲ့တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ နလအတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ၇ မိုင် ချမ်းသာ ကျေးရွာအပြင် ဇရပ်ကွင်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ဘယ်ကို ရှောင်ရတာလဲဆိုတော့ တိုက်ပွဲမဖြစ်သေးတဲ့ ကျေးရွာတွေဘက် လှည့်ပတ် ရှောင်နေရတာပေါ့။ အဲဒီ ရှောင်နေတဲ့ရွာမှာ တိုက်ပွဲဖြစ်လာရင် မဖြစ်သေးတဲ့ နောက်တရွာ ထပ်ပြောင်းပေါ့။ အဲဒီလိုပဲ နေနေရတာပဲ။ အရင်ကတော့ ဇရပ်ကွင်းဘက် ရှောင်နေတာ။ ခု ဇရပ်ကွင်းနားမှာပါ တိုက်ပွဲဖြစ်လာတော့ နောက်တရွာ ထပ်ပြောင်းရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲကြောင့် သပိတ်ကျင်းမြို့နယ်က ပေသောင်ရွာ၊ ဂွေးပင်မှော်၊ ကဘဲ့ကြီး၊ ရွာမ၊ ၄ မိုင်ကံသာ၊ ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင်နဲ့ သပိတ်ကျင်းမြို့ပေါ်က ဒေသခံတွေ တိမ်း‌ရှောင်နေရတာ သုံးလဝန်းကျင် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဇရပ်ကွင်း၊ လမ်းလယ်ကျစ်နဲ့ ရွှေမွှေးချောင်း ရွာတွေကတော့ ပြီးခဲ့တဲ့ စက်တာဘာ ၄ ရက်နေ့မှ စတင်ကာ စစ်‌ရှောင်ခဲ့ရတာလို့ သိရပြီး လက်ရှိမှာ စစ်ရှောင်အရေအတွက် ၆၀၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကာ စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ နလအဘက်က တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Related posts

✕
VOM News

FREE
VIEW