သူတို့အိမ် အခန်း – ၇

ဆူးငှက်

 

မိုးမင်းလွန်ကဲ
——————-

 

 

မနေ့ည (၂၀၂၂ခု စက်တင်ဘာ ၅ ရက်နေ့ည) သန်းခေါင်ကျော်က မန္တလေးမှာ မိုးတွေရွာသည်။ အရင်ရက်တွေက ကျောကော့အောင် ပူထားလို့ မိုးကလည်း ရွာနိုင်ရန်ကောဟု အပြစ်တင်ကြတာကြောင့် ကိုရွှေမိုးက အညှိုးနှင့် ရွာချလေသလား အောက်မေ့ရသည်။ သည်းကြီးမည်းကြီး။ အရင်ရက်တွေက ပူတာအိုက်တာရော မီးပျက်တာရောမို့ ဒီည မိုးသည်းသည်းမှာ အိပ်ရေးဝချေသေးတော့မည်။ ဤသို့ အကောင်းမြင်မိပါ၏။ တကယ့် အဖြစ်က ဤသို့မဟုတ်။ နာရီဝက်လောက် ဒုန်းစိုင်း ကဆုန်ပေါက်ရွာလိုက်တာနှင့် မိုးရေတွေက အိမ်ထဲ လှိမ့်ဝင်လာလိုက်တာ အိပ်ရာအောက်ထိ ရောက်ပါပကော။

အရင်က သည်ရပ်ကွက်လေးမှာ ခြံဝင်းကျယ်ကြီးတွေနှင့် ထိုခြံကြီးတွေထဲမှာ ငါးကန်ကြီးတွေရှိသည်။ မိုးဘယ်လောက်ရွာရွာ မိုးရေတွေက ခြံဝင်းထဲ ငါးကန်တွေထဲ ငုတ်လျှိုးသွားလို့ အိမ်ထဲ လမ်းပေါ် ရေမတင်။ အခုတော့ ခြံဝင်းကျယ်ကြီးတွေက ပေ ၆၀×ပေ၈၀ အကွက်၊ ပေ ၄၀× ပေ ၆၀ အကွက်တွေ အသွင်ပြောင်းသွားပြီး ၂ထပ်ခွဲ ၃ထပ် အဆောက်အအုံတွေ ဖြစ်ကုန်သည့်အပြင် စံနစ်ကျသည့် ရေဆိုးထုတ်စံနစ် မရှိသည့်အတွက် မိုးသည်းတိုင်း နိမ့်သည့်အိမ်ထဲ ရေဝင်တော့သည်။

ထုံးစံအတိုင်း အစောဆုံးရောက်သည့် အိမ်က နိမ့်ကုန်တာပဲလေ။ ကျွန်တော်က ၁၉၉၉ခုနှစ်က သည်နေရာ ရောက်သည်။ လယ်မြေကို မြေအထပ်ထပ်ဖို့သည်။ အနည်းဆုံး ၂ပေ ထုလောက် မြေဖို့ပြီးမှ အဆောက်အဦး ဆောက်သည်။ အဆောက်အဦးကလည်း ၈ လက်မမြင့်သည့် အုတ်ခင်းလမ်းပေါ်မှ လှေကား၃ထစ် တက်ရသည့် အမြင့် ဖြစ်သည်။

အခုတော့ လမ်းဖို့လိုက် အိမ်ဝိုင်းဖို့လိုက်နှင့် အုတ်လမ်းလည်းမရှိတော့ လှေကား၃ထစ်ထဲ မြေအောက် ရောက်သွားပြီ။ အိမ်ဝိုင်းထဲ မြေထပ်ထည့်ဖို့ မိုင်ကုန်ပြီ။ သည်အခြေအနေမှာ မိုးသည်းသည့် ရေချိန်ကို ဝိုင်းမြေက မတားဆီးနိုင်တော့ အိမ်ရှေ့မြောင်းကတဆင့် ရေပြင်ညီ အိမ်ဝိုင်းထဲ၊ ထို့ထက် သာလွန်မိုးသည်းတော့ အိမ်ထဲ အခန်းထဲ အိပ်ရာအောက်ထိပေါ့။ ဒါတောင် အိပ်ခန်းတွေ စာကြည့်ခန်းတွေကို မနှစ်က ၆ လက်မစီ မြှင့်ထားသေးသည်။

အခု အခန်းတွေကလည်း ထပ်မြှင့်ဖို့ အဆင်မပြေတော့။ အိမ်လုံးကြီး တစ်ခုလုံး မြှင့်ပါမှ။ သို့သော် သည်ကပ်ဘေး ပတ်ချာလည်မှာ အလုပ်မရှိ အကိုင်မရှိမို့ စားဖို့မှ အနိုင်နိုင်၊ အုတ်ခဲတစ်လုံးဖိုးမှပင် မတတ်နိုင်။ မနေ့ညက သန်းခေါင်ကျော် နာရီပြန်တစ်ချက်တီးလောက် ကတည်းက အိမ်ခန်းထဲ ဝင်လာသော မိုးရေတွေကို ခပ်ထုတ်ရင်း ငယ်ဘဝ၏ မိုးသည်းညများကို သတိရနေမိတော့သည်။

 

 

ငယ်စဉ်ဘ၀ မိုးသည်းည
————————

ကျွန်တော် ၃နှစ်သားလောက်က စိုင်ပြွန်ဝင်းထဲရှိ အိမ်ကလေးမှာ ကျွန်တော် ပြောခဲ့သလို ၃ပင်၂ခန်း မြေစိုက် အိမ်လေး။ သည်အိမ်မကိုပဲ ရှေ့မှာ ၁ခန်းထပ်ထုတ်ကာ ခေါင်ချိုး ထပ်မိုးထားသည်။ အိမ်ကလေးက မျှောတိုင်တွေထူကာ ပကာသားထက် နည်းနည်းထူသော သစ်သားများဖြင့် ခြင်းကြားလုံးပြီး ဝါးကပ်မိုး ဝါးထရံဖြစ်သည်။ အိမ်မနှင့် ရှေ့အခန်းခေါင်ချိုးကြားတွင် ငံပြာရည်ပုံးခွံ သွပ်ပြားများကို ဖြန့်ကာ ဆက်ထားသည့် သွပ်ရေတလျှောက်ရှိသည်။ ရေတလျှောက်က အိမ်မှာ အဘ လက်ဖြစ်မို့ သံဖြူဆရာလို အဆက်တွေမှာ ဂဟေမတို့နိုင်။ ပုံးခွံသွပ်ပြားစ ၂ဘက်ကို ခေါက်၍ တေဆက်ဆက်ထားပြီး ပွဲညက်နှင့် ဖာထားသည်။

မိုးတွေသည်းရင်ဖြင့် ထိုရေတလျှောက်က မိုးမလုံတော့။ အဆက်တွေနေရာက ရေတွေ စိမ့်ကျတော့သည်။ ထိုရေကျသည့်နေရာ၏ အောက်မှာ ခွက်လွတ် ဒန်အိုးလွတ်တွေ ခံရသေးတာပေါ့။ ရှေ့စောင်းတဲ ထိုရေတလျှောက်အောက် ခုတင်ကြီးပေါ်မှာ အဘ အမေနှင့် ကျွန်တော်အိပ်ကြသည်။ အတွင်း အိမ်မမှာက အစ်မ အပျိုပေါက်က တစ်ခန်းနှင့် ဒုတိယအစ်မ အိမ်ထောင်သည်တို့က တစ်ခန်းနေရာယူထားသည်။ ပြောကြစို့ဆိုလျှင် ညပိုင်း မိုးသည်းလျှင်ဖြင့် ကျွန်တော်တို့ သားအမိသားအဖ ၃ယောက် မအိပ်ရတော့။ ရေတလျှောက်အောက် ခွက်လေးတွေ ဇလုံလေးတွေ ဒန်အိုးတွေ ပြည့်တာနှင့် ရေလဲသွန်ရင်း ငုတ်တုတ်မိုးလင်း ရသည်။ သည်အခါ အဘက အမေ့ကို ကျွန်တော့အား ထိုင်လျှက် ပွေ့ချီသိပ်ပြီး တစ်မှေးမှေးစေသည်။

 

 

ဇာတာခြင်းလေးနှင့် ဘုရားစင်
—————————–

ထိုခုတင်ကြီးရှိသော အခန်း၏ တောင်ဘက် မြင့်မိုရ်အောက်မှာ ဘုရားစင်ရှိပြီး မော်လမြိုင်ဦးရွှေကျေး ဆေးတိုက်က မေတ္တာလက်ဆောင် ပေးသော ပန်းချီဦးငွေကိုင်၏ ဓမ္မစကြာဟောခန်း ဘုရားပုံ ကို မှန်ဘောင်သွင်းကာ စဉ့်ညောင်ရေအိုးတွင် သပြေပန်းထိုး၍ ပူဇော်ထားသည်။ ထိုဘုရားစင်ပေါ်မှာ အဘ၏ တရားစာအုပ် ကျောက်ကာ ဆွမ်းတော်တင် ၃ချောင်းထောက်ဗျပ်နှင့် မိသားစု၏ ဇာတာတွေ စုထည့်ထားသည့် ဝါးဇာတာခြင်းလေး ရှိသည်။ ဘုရားစင်အောက်မှာတော့ ခုတင်အစွန်းအထိ ဝါးကပ်ထရံအတိုကို ဇလီသပ်ကာ ကပ်ရိုက်ထားသည်။ ခုတင်၏ မျက်နှာစာ ရှေ့စောင်းအစွယ် အမိုးအောက် တန်းမှာ ဂုံနီဖျင်စတွေ စပ်ချုပ်ထားသည့် လိုက်ကာစကြီးကို လိတ် တင်ထားသည်။ ထို ဂုံနီ လိုက်ကာစက ဇာတ်တွေထဲက ကားလိတ်လို ကြိုးဆွဲ၍ လိတ်တင် လိတ် ချ လုပ်နိုင်သည်။ ဒါလည်း အဘ လက်ဖြစ်ပေါ့။

ညရောက်လို့ ခုတင်ပေါ် ၃ယောက်အိပ် ခြင်ထောင် ထောင်ပြီးပြီဆိုလျှင် ဘုရားစင်အရှေ့ဘက်တိုင်မှာ ချည်ထားသော ကြိုးစကို ဖြုတ်ပြီး ဂုံနီ ကားလိတ် လိုက်ကာကို ချရသည်။ ဂုံနီလိုက်ကာ အောက်မှာ ဝါးလုံးကို ကပ်ချုပ်ထားပြီး ဝါးလးုံ အစွန်းတွင် ချည်ကြိုးကို ရစ်ချည်၍ အပေါ်တန်းတွင် သံစက်သီးလေးနှင့် လျှိုထားသော ကြိုးကိုဆွဲလိုက်လျှင် ဝါးလုံးတွင်ပတ်ထားသည့် ကြိုးက ဝါးလုံးနှင့် လိုက်ကာစကို လိတ်၍ အပေါ်တက်သည်။ လိုက်ကာပိတ်ချင်တော့ ကြိုးကို ဖြည်ချလိုက်လျှင် ကြိုးက ဝါးလုံးကို အထပ်ထပ်ရစ်ရင်း လိုက်ကာ ကျလာသည်။ ကျွန်တော်က ညတိုင်လျှင် ကိုယ်တိုင် လိုက်ကာ ပိတ်ရမှ ကျေနပ်သလို မနက်လင်းလို့ အိပ်ရာ သိမ်းလျှင်လည်း လိုက်ကာကို ကြိုးဆွဲပြီး ကိုယ်တိုင်မ တင်ရမှ ကျေနပ်သည်။

 

မနက်စောစော လမ်းလျှောက်ရင်း ရောက်လာသူ
———————————————-

အဘ၏ ဂုံနီအိတ်စ လိုက်ကာက တင်ရ ချရများတော့ အလယ်ခေါင် အဆက်နေရာမှာ ချုပ်ရိုးပြေကာ ဟနေသည်။ ထိုဟနေသည့် အပေါက်ကနေ နေမြင့်အောင် အိပ်တတ်သည့် ကျွန်တော့်ကို မနက်စောစောတိုင်း ချောင်းကြည့်ပြီး စ ပြောင်ကာ နှိုးတတ်သူ တစ်ဦးရှိပါသည်။ သူ့ကို ကျွန်တော်တို့က ဦးကြီးလှတင်ဟု ခေါ်ကြသည်။ ဦးကြီးလှတင်က အရင်က ယခုစိုင်ပြွန်ဝင်းထဲမှာ နေခဲ့ပြီး တစ်ရွာထဲ အတူနေ ဒေါ်ဒေါ်လုံးနှင့် အိမ်ထောင်ကျကာ စိုင်ပြွန်ဝင်းထဲမှာပင် သားသမီး ၃ယောက် မွေးဖွားပြီး ယခုနေသည့် ရေစက်ရုံ (ဗဟိုမီးသတ်) နားက အိမ်ကို ပြောင်းသွားတာဟု သိရသည်။ ဦးကြီးလှတင်က ဓာတ်ပုံဆရာကြီးဖြစ်သည်။

မန္တလေး၏ ကနဦး ဓာတ်ပုံတိုက်ဖြစ်သော မက်တာဓာတ်ပုံတိုက်တွင် ဓာတ်ပုံပညာသင်ခဲ့ပြီး ယခု ရေစက်ရုံကြီး အရှေ့ဘက် ၈၂ လမ်းပေါ်၌ လှဂုဏ်ရည် ဓာတ်ပုံတိုက် အမည်ဖြင့် ဖွင့်လှစ်ထားသည်။ ဦးကြီးလှတင်က ထိုရေစက်ရုံနား အိမ်ကနေ မနက်တိုင်းလမ်းလျှောက်ရင်း ဝင်းထဲ ရောက်လာသည်။ ဝင်းထဲရောက်တာနှင့် အဘနှင့် ရေနွေးကြမ်းသောက်ကာ စကားပြောသည်။ ဦးကြီးလှတင်က စာဖတ်သည်။ အိမ်မှာ မန္တလေးမြို့ထုတ် သတင်းစာ ရန်ကုန်မြို့ထုတ် သတင်းစာများ လပေးယူကာ ဖတ်သည်။ ဓားတန်းဦးသန့် ၏ ရိုက်ကူးပြီးဖလင်များကို ဦးကြီးက ဆေးပေး ပုံကူးပေးရသည်။

 

 

သီချင်း မရပါ၊ ဒါပေမယ့် ဝေဇယန္တာ
————————————-

ဦးကြီးက အနုပညာရှင်များနှင့်လည်း ရင်းနှီးသလို မြို့မျက်နှာဖုံး သူဌေးကုန်သည် ပွဲစားများနှင့်လည်း သိကျွမ်းလို့ နားကြီးမျက်စိကြီးသည်။ ဦးကြီးက စာဖတ်သည့်အပြင် သီချင်းတွေလည်း ဝါသနာပါလို့ သီချင်းပေါင်းစုံရသည်။ အထူးသဖြင့် မြို့မသီချင်းတွေကို စုံစုံလင်လင်ရသည့်အပြင် ရုပ်ရှင်ဇာတ်ကားအသီးသီးက အဖွင့်သီချင်း ဇာတ်ဝင် သီချင်းများကိုလည်း အသံတိတ်ခေတ်ကအစ မှတ်မိသည်။ စကားစပ်ရလျှင် ဦးကြီး၏ သားသမီးများကလည်း သီချင်းဂီတ ဝါသနာအိုးများဖြစ်သည်။ ညီအစ်ကို မောင်နှမ ၆ယောက်စလုံး သီချင်းတွေအတော်များများ ရကြသလို အတန်အသင့် လည်း တီးတတ်မှုတ်တတ်သည်။

၁၉၉၉ခုနှစ် ၂၀၀၀ခုနှစ် ဝန်းကျင်ကာလ စာရေးဆရာကြီးပါရဂူ၏ စာအုပ်၁၀၀ပြည့် အထိမ်းအမှတ်နှင့် ဆရာပါရဂူ ဂါရဝပြုပွဲကို ထန်းရိပ်ညို ဦးမျိုးခင်က ပုဂံတွင် ကျင်းပတော့ ပုဂံညချမ်းတွင် ပုဂံပါဝါဟော်တယ် မြက်ခင်းပြင်၌ ဂီတဆည်းဆာလေး ပွဲခင်းဖြစ်သည်။ မြို့ခံ စန္ဒရားကိုပေါက်၏ တီးဝိုင်းနှင့် ပါလာကြသော ဧည့်သည်တွေ အလှည့်ကျ သီချင်းသီဆိုကြသည်။ ဆရာ ကြည်မင်း၊ ဆရာသန်းစိုးနိုင်၊ ဆရာညိုထွန်းလူ၊ ဆရာနေဝင်းမြင့်၊ ဆရာသိုက်ထွန်းသက် ဆရာမမဝင့်(မြစ်ငယ်)၊ ကျွန်တော် ဆူးငှက် စသည်ဖြင့်ပေါ့။

ဒီလိုနှင့် အထူးဧည့်သည် ဓာတ်ပုံပညာရှင် ဦးကျော်ဝင်း(လှဂုဏ်ရည်) အလှည့်ကျတော့ သီချင်းတွေ မရပါဘူး ဟုငြင်းသည်။ အားလုံးက တောင်းဆိုကြတော့ သီချင်း မဆိုတတ်လို့ပါဟု ငြင်းပြန်သည်။ နောက်ဆုံးပွဲရှင် ဦးမျိုးခင်နှင့် ဆရာပါရဂူ ကိုယ်တိုင်တောင်းဆိုကြတော့ ဒါဆို ရတဲ့ သီချင်းလေးပဲ ဆိုပါရစေဟု ပြောကာ မိုက်ကိုင်သည်။ စန္ဒရားဆရာ ကိုပေါက်က ဘာ သီချင်းတီးပေးရမလဲဟု မေးတော့ ဝေဇယန္တာ ယိုးဒယားသီချင်းတဲ့လေ။ ဦးကျော်ဝင်း (လှဂုဏ်ရည်) က ဝေဇယန္တာကို ဘယ်လောက်များ အပီအပြင် သီဆိုလိုက်သလဲဆိုလျှင် တီးဝိုင်းက မြို့မ ဒိုးဆစ်တွေနှင့် စည်းအမျိုးမျိုး ကစားပြီး မြိုင်မြိုင်ကြီး တီးလိုက်တာ တီးဝိုင်းက စောင်းဆရာမလေးလည်း ထ၍ ကလိုက်ပြီး ပရိသတ်က လက်ခုပ် စည်းချက် မြိုင်မြိုင်လိုက်ကြတော့၏။ အမလေး မန္တလေးသားများ သီချင်းမရဘူး ဆိုတဲ့သူက ဝေဇယန္တာတဲ့လေ.. ဟု ထိုပွဲတွင် ပြောစမှတ် ဖြစ်သွားသည်။ ဦကျော်ဝင်း(လှဂုဏ်ရည်) က ဦးကြီးလှတင်၏ သားတစ်ဦးဖြစ်ပြီး မောင်နှမ မောင်နှမ ၆ ယောက်မှာ ဒုတိယမြောက်ဖြစ်ကာ ဦးကြီး၏ လှဂုဏ်ရည် ဓာတ်ပုံတိုက် ကို ယခုထိ ခိုင်မာစွာ ဖွင့်လှစ်နေဆဲဖြစ်သည်။

 

 

ဆပ်ကပ်ရုံက ကြက်တူရွေးချောင်းပေါက်
————————————–

နေဦး ပြောရင်းနှင့် ကျွန်တော်တို့ အိမ်က ဂုံနီအိတ်စ ကားလိတ်အကြောင်း ပြန်ဦးလှည့်ပါမည်။ ဦးကြီးလှတင်က မနက်တိုင်း လမ်းလျှောက်ရင်း အိမ်ဝင်ကာ သူ့အောင်မြင်သော အသံကြီးနှင့် သတင်းတွေ စကားတွေပြောစဉ် အရှေ့ဘက် တိုက်ပေါ်က ဦးလှသောင်ကလည်း ဆင်းလာ ၊ မြောက်ဘက်အိမ် ကိုကိုစိန်လှိုင်ကလည်း ဒီဘက် ကူးလာပြီး စကားဝိုင်း ဖြစ်သွားတော့သည်။ ဦးကြီးက သူတို့စကားဝိုင်းအပြီး ရေနွေးကြမ်း တစ်ခွက်လောက် သောက်ပြီးတာနှင့် ဂုံနီစ ကန့်လန့်ကာ၏ အပေါက်လေးကို ဖြဲပြီး “ဆပ်ကပ်ရုံ ကြက်တူရွေး ချောင်းပေါက်လေးဟ၊ မှန်း.. ကြည့်လိုက်ဦးမယ် အထဲက ခွေးလိမ္မာလေးက အခုထိမထသေးပါလား၊ အိပ်ရေးက တယ်ကြီးသကိုး” ဟု ဆိုကာ ဦးကြီးအသံကြောင့် ကျွန်တော်က လူးလဲ ထလျှင် ဦးကြီးက တဟဲဟဲရယ်သည်။ “ ကြက်တူရွေးချောင်းပေါက်လေး ပိတ်ခဲ့ပြီနော်” ဟု လည်း လှမ်းပြောသည်။

ဒီလို စပြောင်တာ ကျွန်တော် အိပ်ရာထ နောက်ကျတိုင်း ဖြစ်သည်။ ဦးကြီးက သူ စပြောင်ချင်မှသာ ရယ်ရယ်ပြုံးပြုံးရှိသော်လည်း ကျန်တဲ့ အချိန်တွေမှာ မျက်နှာ တည်တော့ ကျွန်တော်တို့ ကလေးတွေက ကြောက်သည်။ သို့ပေမယ့် ဦးကြီးလှတင်က ကလေး ချစ်တတ်ပါ၏။ ကျွန်တော်တို့က ဦးကြီးလှတင်တို့ ဓာတ်ပုံတိုက်အိမ်ကို အရှေ့အိမ်ဟုခေါ်ကြသလို ဓာတ်ပုံတိုက်ဟုလည်း ခေါ်ကြပါသည်။ အဲသလို အရပ်မျက်နှာနှင့် လမ်းညွှန်တာက မန္တလေး၏ စရိုက်လက္ခဏာဟု ပြောရပေမည်။

××××××××××××

Related posts

Leave a Comment

VOM News

FREE
VIEW