သွေးလွန်တုပ်ကွေး ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန်အဆင့် ရောက်နိုင်တဲ့အတွက် ဂရုပြုဖို့ လို

စက်တင်ဘာ ၁၃ – ၂၀၂၅
SN (VOM)
သွေးလွန်တုပ်ကွေးရောဂါ ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့် ရောက်ရှိနိုင်တဲ့အတွက် အထူး ဂရုပြုဖို့ လိုအပ်တယ်လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
“သွေးလွန်တုပ်ကွေး ပထမတကြိမ် ဖြစ်ထားပြီးတဲ့ ကလေးသူငယ်တွေ နောက်တကြိမ် ထပ်ဖြစ်တယ်ဆိုရင် အသက်အန္တရာယ်အထိ ရှိနိုင်တယ်။ သေချာလေး ဂရုစိုက်ရမယ်။ ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ကို ရောက်နိုင်တယ်။ ခု‌နောက်ပိုင်းက ဖျားရင်လည်း တခါဖျားပြီး နောက်တခါထပ်ဖြစ်တဲ့ လူနာတွေ အတော်များများ တွေ့လာရတယ်။ ဒီရောဂါ အဖြစ်များတဲ့လကတော့ မေ၊ ဇွန်၊ ဇူလိုင် သုံးလပေါ့။ သွေးလွန်တုပ်ကွေးမှန်း သိရင်တော့ ချက်ချင်း ဆေးရုံတက် ကုရင်တော့ အကောင်းဆုံးပါ” လို့ သူက ပြောပါတယ်။
အဆိုပါရောဂါဟာ အရွယ်သုံးပါးစလုံးမှာ ဖြစ်နိုင်ခြေရှိပေမယ့် အထူးသဖြင့် မွေးကင်းစကလေးနဲ့ ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များတတ်တယ်လို့ သူက ပြောပါတယ်။
အဆိုပါရောဂါ ပထမအဆင့်ဆိုပါက ရိုးရိုးဖျားနာခြင်း၊ အနီစက်ပေါ်ခြင်း၊ မအီမလည်ဖြစ်ခြင်း၊ အရိုးအဆစ်နဲ့ ကြွက်သားနာခြင်းတွေ ဖြစ်နိုင်ပြီး ‌သောက်ဆေးအနေနဲ့ ပါရာစီတမောကို သောက်သုံးပေးနိုင်ကာ ရေများများသောက်ပြီး အနားယူပေးပါက သက်သာ ပျောက်ကင်းနိုင်တယ်လို့ သူက ပြောပါတယ်။
“အဲဒီ အဆင့်ကနေတဆင့် စောင့်ကြည့်လို့မှ ရောဂါ ပြင်းထန်အဆင့် ရောက်ရှိလာမယ်ဆိုရင် အိမ်မှာထားလို့ မသင့်တော်ဘူး။ ချက်ချင်း ဆေးရုံတင်ပြီးတော့ ကုသရမယ်။ ပြင်းထန်အဆင့် ရောက်တာကို မသိတဲ့အချိန် ဆေးရုံပို့ဖို့ နောက်ကျတာတို့ဆိုရင် အသက်အန္တရာယ် သေဆုံးတဲ့အထိ ရောက်လာနိုင်တယ်။ အဲဒီလို လူနာတွေလည်း တွေ့လာရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာ ပြနေပေမယ့် ဆေးရုံ၊ ဆေးခန်းပို့ဖို့ ခက်ခဲ မလွယ်ကူတဲ့ဒေသတွေ၊ အထူးသဖြင့် စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒေသတွေက လူနာတွေလည်း ရှိနေတာပါ။
အဲဒီလို ဒေသတွေက လူနာတွေနဲ့ ပတ်သက်လို့ ဒေါက်တာ ကျော်မင်းထွန်းက “အဓိက က ‌ဒီရောဂါဖြစ်တယ်ဆိုရင် သူ့အတွက် သီးသန့် ကုသရမယ့်ဆေးဝါးက မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်ဖြစ်နေလို့။ အဲဒီတော့ ဒီရောဂါလို့ သံသယရှိပြီဆိုရင် ရေများများသောက်၊ အိမ်မှာအနားယူ၊ ပြီးတော့ ပါရာစီတမောကို အသက်အရွယ်ပေါ် မူတည်ပြီး၊ မီလီဂရမ်ပေါ် မူတည်ပြီး သောက်ပေးဖို့လိုတယ်။ ချွေးထွက်များပြီး သွေးပေါင်တွေ ကျနေမယ်ဆိုရင် ဓာတ်ဆားရည် သောက်ပေးလို့လည်း ရတယ်။ အဓိက က ရေဓာတ်ပြန်ဖြည့်ဖို့ ရေများများ သောက်ပေးရမယ်” လို့ သူက ပြောပါတယ်။
‌အဆိုပါရောဂါ ဖြစ်ပွားနေချိန်မှာ အရေးကြီးအချက် အနေနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်သုံးတာကို ရှောင်ကျဉ်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“သွေးလွန်တုပ်ကွေး ဆိုတာက သွေးထွက်ဖို့ အခွင့်အလမ်းက များတယ်။ အဲဒါကြောင့် အခိုက်အခဲပျောက်ဆေး သောက်တာမလုပ်သင့်ဘူး။ အဓိက လက္ခဏာဖြစ်တဲ့ ကော်ဖီရောင် အန်တာကိုလည်း သတိထားဖို့လိုတယ်။ ပြီးတော့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ သွေးထွက်တဲ့ လက္ခဏာတွေ စပြနေပြီလားပေါ့၊ နှာခေါင်းသွေးလျှံတာတွေ၊ သွားဖုံး သွေးလျှံတာ၊ အရေပြားမှာ အင်ပြင်လိုမျိုး အနီရောင် အဖုအပိန့်၊ သွေးခြေဥတဲ့ဟာလိုမျိုးတွေ ရှိတာမျိုးဆို သတိထား။ အဲဒီအချိန်မျိုးဆို သေချာလေး ပိုဂရုစိုက်ပြီးတော့ စောင့်ကြည့်ရမယ်။ သွေးထွက်နိုင်တဲ့ အရာတွေ အကုန်ရှောင်ကျဉ်ရမယ်” လို့ သူက ပြောပါတယ်။
သွေးလွန်တုပ်‌ကွေး ရောဂါဟာ ရောဂါပိုးရှိတဲ့ အေးဒီး(စ်) ခြင်ကနေတဆင့် ကူးစက်နိုင်ပြီး ခြင်ကိုက်ခံပါက နှစ်ရက်ကနေ ခုနစ်ရက်အတွင်း ရောဂါလက္ခဏာပြကာ နှစ်ပတ်အတွင်း ရောဂါသက်သာတယ်လို့ သိရပြီး အဆိုပါ ကာလအတွင်း သေချာစွာ စောင့်ကြည့် နေထိုင်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“အဲဒီအဆင့်ကနေ ကျော်လွန်ပြီးတော့ များသောအားဖြင့် အဖျားကျပြီး ရက်ပိုင်းပေါ့၊ shock အဆင့် သွေးပေါင်တွေ ကျဆင်းလာတတ်တယ်။ အဲဒီအဆင့်က အဖျားကျပြီး တရက်၊ နှစ်ရက်အတွင်းမှာ ဖြစ်တတ်တယ်။ အဲဒီတော့ အဖျားကျပြီးလည်း တချက် စောင့်ကြည့်ရမယ်” လို့ သူက ပြောပါတယ်။
အဆိုပါ shock အဆင့်မှာ လူနာ လန်းဆန်းမှု ရှိ၊ မရှိ၊ သွေးပေါင် ကျ၊ မကျနဲ့ တခြား လက္ခဏာတွေဖြစ်တဲ့ ဗိုက်နာခြင်း၊ အသက်ရှူကျပ်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်ပြီး သတိလစ်ချင်သလို ဖြစ်ခြင်းတွေကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ရောဂါလက္ခဏာ အခြေအနေမျိုးတွေ ဖြစ်လာပြီ ဆိုပါက အန္တရာယ်အဆင့် ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကိုသွားပြီး ဆရာဝန်နဲ့တိုင်ပင်ကာ ဆေးကုသမှု အမြန်ဆုံးခံယူဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“ဖြစ်နိုင်ရင် သွေးလွန်တုပ်ကွေးမှန်း သိပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး ကုသဖို့ လိုအပ်တယ်။ ဒါပေမယ့် ဆေးရုံ၊ ဆေးခန်း လှမ်းတဲ့နေရာမျိုး၊ သွားလာရေး အဆင်မပြေတဲ့ နေရာမျိုးဆို ခုဏကပြောခဲ့တဲ့ အဆင့်တွေမှာ စောင့်ကြည့်လို့ ရသေးတယ်။ shock အဆင့် ဆိုရင်တော့ ဆေးရုံကို အမြန်ဆုံးသွားပြီး ကုသဖို့လိုတယ်” လို့ သူက ပြောပါတယ်။
အဆိုပါ သွေးလွန်တုပ်ကွေး ရောဂါဟာ မြန်မာနိုင်ငံ အပူပိုင်းဒေသတွေနဲ့ ခြင်ပေါက်ဖွားနှုန်း များရာနေရာတွေမှာ ပိုပြီး အဖြစ်များတတ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကလေးငယ်တွေကို အုံ့မှိုင်းတဲ့နေရာ၊ မှောင်တဲ့နေရာတွေမှာ ထားတာထက် အလင်းရောင်ရှိပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ ထားသင့်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
အပြင်သွားမယ် ဆိုပါကလည်း ‌ကလေးတွေကို ‌ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်၊‌ ခြေစွပ်၊ ဘွတ်ဖိနပ်လိုမျိုး လုံခြုံတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးသင့်သလို အိပ်စက်ပါကလည်း ခြင်မကိုက်အောင် ခြင်ထောင်နဲ့ သိပ်ပေးဖို့လိုပြီး ခြင်မကိုက်တဲ့ ဆေးရည်လေးတွေကိုလည်း လိမ်းပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဘုရားပန်းအိုးကအစ ခြင်ပေါက်ဖွားရာ နေရာ၊ ခြင်တွေ ခိုအောင်းနိုင်တဲ့ နေရာတွေကိုလည်း စနစ်တကျ ပြန်လည် ရှင်းလင်းရမှာဖြစ်ပြီး ရေစည်၊ ရေအိုး‌တွေကိုလည်း သေချာစွာ အဖုံး ဖုံးအုပ်ထားဖို့လိုတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးလည်း ရှိနေပြီဖြစ်တဲ့အတွက် အသက် ၉ နှစ်ကနေ ၄၅ နှစ်အတွင်း ထိုးလို့ရတာကြောင့် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ထိုးစေချင်တယ်လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်းမှာ နှစ်နှစ်ခြား တကြိမ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်လေ့ရှိပြီး အခု ၂၀၂၅ ခုနှစ်မှာ မိုးရာသီဝင်ချိန်ကစပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုနှစ် ပထမ ရှစ်လအတွင်း ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သူ စုစုပေါင်း ၂၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဒေါက်တာ ကျော်မင်းထွန်းက အဆိုပါရောဂါ ဖြစ်ပွားမှုနှုန်းဟာ ပြီးခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုပါက တူညီမှုရှိပြီး အခုနှစ်မှာတော့ ထူးခြားမှုအနေနဲ့ ပြီးခဲ့တဲ့ မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွင်းမှာ ကလေး၊ လူကြီး အရွယ်မရွေး အဖျားလူနာ အတော်များများ တွေ့လာရတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာ ဖြစ်ပွားမှုက နှိုင်းယှဉ်မယ်ဆိုရင် အရင်နှစ်တွေထက် မတူတဲ့အချက်က ဒီနှစ်မှာ မိုးတွင်းစကတည်းက အဖျားလူနာ တော်တော်များတွေ့တယ်။ နောက်တခုက ကိုဗစ် မျိုးရိုးဗီဇကွဲလိုမျိုး အဖျားတွေလည်း တွေ့တယ်။ ဝမ်းရောဂါနဲ့ ပတ်သက်ပြီး ဖျားတယ်၊ ဝမ်းသွားတယ်ဆိုတဲ့ လူနာတွေလည်း တွေ့တယ်။ ပြီးတော့ ဘာမှန်းမသိဘဲ ဖျားတယ်ပေါ့။ ပြီးမှ နှစ်ရက်၊ သုံးရက်လောက်ကြာမှ စစ်တော့မှ သွေးလွန်တုပ်ကွေး လူနာတွေလည်းတွေ့တယ်။ လူကြီးရော၊ ကလေးရော အဖျားတွေ တော်တော်များများ တွေ့နေရတယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ သွေးလွန်တုပ်ကွေး အများဆုံး ဖြစ်ပွားတာက ဒဂုံတောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ထန်းတပင်၊ သန်လျင်နဲ့ ကျောက်တန်း စတဲ့ မြို့နယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူပေါင်း အယောက် ၁၇၅၀ ရှိခဲ့ပြီး သေဆုံးသူ ၁၃ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လ ၁၉ ရက်အထိ ခုနစ်လတာ ကာလအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅၀၆၆ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၂၆ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ရောဂါ ဖြစ်ပွားမှုနှုန်းအနေနဲ့ ရန်ကုန်တိုင်းက ၁၃၅၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး သေဆုံးသူ ၁၂ ယောက်အထိ ရှိခဲ့ကာ တနင်္သာရီတိုင်းကတော့ ဖြစ်ပွားသူ ၆၄၂ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
တတိယအများဆုံးက မွန် ပြည်နယ်၊ စတုတ္ထအများဆုံးက မကွေးတိုင်း၊ ပဉ္စမအများဆုံးကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်း စတဲ့ နေရာတွေမှာလည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW