လက်ချင်းကြိုးချည်ပြီး ဘေလီတံတားပေါ်ကနေ ခုန်ချခဲ့တဲ့ ချစ်သူစုံတွဲကို သုံးရက်အကြာမှာ အလောင်းပြန်တွေ့

စက်တင်ဘာ ၁၄ ၊၂၀၂၅
GG(VOM)
ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ခုန်ချသွားတဲ့ ချစ်သူစုံတွဲ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့လယ်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစုံတွဲ နှစ်ယောက်ဟာ စက်တင်ဘာ ၁၂ ရက်နေ့တုန်းက ဘေလီတံတားပေါ်ကနေ ခုန်ချခဲ့ကြတာဖြစ်ကြောင်း ၊ ခုန်ချပြီး သုံးရက်မြောက်နေ့မှာ ရုပ်အလောင်းကိုတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။
” ခုန်ချသွားတဲ့နေ့ကတည်းက လက်တွေကိုကြိုးချည်ပြီးခုန်ချသွားကြတယ်။ အခုပြန်တွေ့တော့လည်းကြိုးချည်လျက်ပဲ။ ငမိုးရိပ်ချောင်းထဲမှာ လှေသမားတွေက အလောင်းတွေ့လို့ လှေနဲ့ ဘေလီတံတားအောက်ကို ဆွဲလာပြီးမှ အလောင်းကောက်တာပါ။ မိသားစုတွေနဲ့လည်းအဆက်အသွယ်ရပါပြီ။” လို့ မြေပြင်ကူညီရေးလုပ်ဆောင်ခဲ့တဲ့ ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကပြောပါတယ်။
ခုန်ချသတ်သေခဲ့တဲ့ အမျိုးသားက အသက် ၂၆ နှစ်ဖြစ်ပြီး မြောက်ဥက္ကလာကဖြစ်ကြောင်း ၊ အမျိုးသမီးကတော့ အရှေ့ဒဂုံရှိ သုခဒဂုံအိမ်ယာကဖြစ်ကြောင်းနဲ့ လက်ရှိမှာရုပ်အလောင်းတွေကိုတော့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဘာကြောင့် ယခုလိုခုန်ချသတ်သေရသလဲဆိုတာကိုတော့ မသိရှိကြောင်းနဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းကတော့ စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ငမိုးရိပ်တံတား ပေါ်ကနေ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတယောက်ခုန်ချမှုဖြစ်ပွားခဲ့ပြီး ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။ စက်တင်ဘာ ၂ ရက်နေ့တုန်းက အဆိုပါ အမျိုးသမီးရဲ့ ယောကျ်ားဖြစ်သူကလည်း ငမိုးရိပ်တံတား ပေါ်ကနေပဲ ခုန်ချသတ်သေမှုဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – ဝန်းရံမှူး

Related posts

Leave a Comment

VOM News

FREE
VIEW