အရပ်သားတွေကို စစ်ဆေးတဲ့အခါ ဂျပန်ခေတ်ကလို ရွာတစ်ရွာလုံးကိုခေါ် ၊ နေပူပြင်မှာစုထားတာမျိုးတွေမလုပ်ဘဲ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း

စစ်တွေ၊ မေ ၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသက ပြည်သူတွေကို သံသယနဲ့စစ်ဆေးမှု တွေ ပြုလုပ်တဲ့အခါမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ကို အရေးကြီး အဆိုတစ်ရပ်အဖြစ် ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းကဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး ပဉ္စမနေ့မှာ

အရေးကြီးအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

 

 

“သံသယနဲ့စစ်ဆေးမှုတွေကို မလုပ်နဲ့လို့ကျွန်တော်တို့က မပြောဘူး။ သံသယရှိတယ်ဆိုရင် ဖမ်းပါ၊ ဆီးပါ၊ စစ်ဆေးပါ။ ဒါပေမယ့် ဥပဒေနဲ့အညီလုပ်ဖို့ကိုပဲ ပြောတာပါ။ အခုရွာသားတွေ သေဆုံးမှုတွေရှိနေတယ်။ ထိခိုက်နစ်နာနေရတယ်။ဂျပန်ခေတ်တွေမှာလိုပဲ ရွာတစ်ရွာကိုဝင်လာလို့ရင် တစ်ရွာလုံးလာကြ ခေါ်ပြီးတော့ နေပူပြင်မှာစုထားတယ်။ ထမင်းမစားရဘူး။ ရေမသောက်ရဘူး။ ဥပဒေနဲ့အညီလုပ်ဖို့ကို ညွှန်ကြားပေးဖို့အတွက် အစိုးရကိုတိုက်တွန်းတာ ဖြစ်ပါတယ်။”လို့ အဆိုတင်သွင်းသူ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောပါတယ်။

 

ဒါ့အပြင် တရားရုံးရဲ့ခွင့်ပြုချက်ကို ရယူပြီးမှ ၂၄ နာရီကျော်လွန်ပြီး ချုပ်နှောင်ထားရမှာဖြစ်တယ်လို့ ဥပဒေမှာပြဌာန်းထားတာ ရှိပေမယ့် ကျောက်တန်းဖြစ်စဉ်ဟာ ပြဌာန်းဥပဒေတွေနဲ့ ကွဲလွဲနေတယ်လို့ အဆိုကိုထောက်ခံဆွေးနွေးခဲ့သူ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကပြောပါတယ်။

 

“၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သူတွေအနေနဲ့ ဖွဲ့စည်းပုံပါ ဥပဒေ စည်းမျှည်းစည်းကမ်းတွေကို စောင့်ရှောက်ဖို့တာဝန်ရှိသလို လိုက်နာဖို့လည်းလိုပါတယ်။ ဒါကြောင့် ပြည်သူတွေကို ဥပဒေနဲ့အညီပဲ အုပ်ချုပ်ရမှာ၊ စောင့်ရှောက်ရမှာဖြစ်ပါတယ်။”လို့ ဦးဦးသန်းနိုင်ကပြောပါတယ်။

 

အဲ့ဒီအဆိုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

#voiceofmyanmar #ရခိုင်  #အရေးကြီးအဆိုတင်သွင်း

Related posts

✕
VOM News

FREE
VIEW