၂၀၁၈မှာ အရက်ကြောင့်သေဆုံးခဲ့သူ ၆၀၀၀ နီးပါးရှိခဲ့

ရန်ကုန် ၊ မေ ၁၃ – ၂၀၁၉

သိင်္ဂီ (VOM)

 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အရက်ကြောင့် သေဆုံးခဲ့သူပေါင်း ၆၀၀၀ နီးပါး ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တတိယတစ်နှစ်တာ ကာလ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။

 

“အရက်က ပြီးခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၈ ထိဆိုရင် အရက်ကြောင့် ဖြစ်တဲ့ရောဂါ၊ ပြဿနာတွေက ၂ ဆခွဲလောက်ထိ ဖြစ်လာတယ်။ အရက်သောက်ပြီး ကားမောင်း မတော်တဆမှုဖြစ်၊ ပိုက်ဆံတွေကုန် ၊ လူထိခိုက် ၊ ပိုက်ဆံတွေမကုန်သင့်ပဲ ကုန်တာဖြစ်တယ်၊ ဒီလိုတွေမဖြစ်ဘူးဆိုရင် ပိုက်ဆံတွေလည်း ပိုထွက်မယ် တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်၊ ခုတော့ အရက်ကိစ္စက စိတ်မကောင်းစရာပါ။ တိုင်းပြည်ရဲ့ပြဿနာလည်းဖြစ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ  အရက်သောက်သုံးမှုနူန်းက ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ၂ ဆခွဲ ဝန်းကျင်ထိ မြင့်တက်လာကြောင်းနဲ့   ခုလို အရက်သောက်သုံးတဲ့နူန်း မြင့်တက်လာတာကြောင့် အရက်ကြောင့် ရောဂါဖြစ်ပွားမှု ၊ ယာဉ်တိုက်မှု စတဲ့ပြဿနာအပါအဝင် သေဆုံးမှုတွေလည်း ပိုများလာတယ်လို့ သိရပါ တယ်။

 

ဒါနဲ့ပတ်သက်ပြီး အရက်ကိုချင့်ချိန်သောက်ပါ ကမ်ပိန်းစတင်လုပ်ဆောင်ခဲ့တဲ့ မနွေဦးလင်းက ခုလိုပြောပါတယ်။

 

“ဆေးရုံမှာဖြတ်ရင်တောင် ၂ ပတ်တက်ပြီး နောက်ပိုင်းမှာ Follow up က နှစ်နှစ်လောက် ပြရတာ ဒါတောင်စိတ်နိုင်မှ ပြတ်မှာဆိုတော့ စွဲနေတဲ့သူတွေက ပြတ်ဖို့မလွယ်ဘူး ကျန်တဲ့သူတွေ မစွဲအောင် အရေးကြီးတာပါ၊ အဓိက လူငယ်တွေ အရက်မစွဲစေဖို့ပါ၊ ကမ်ပိန်းကြောင့် ပြတ်တာမရှိလောက်ဘူး ၊ ခဏနားတာလည်း ဖြစ်နိုင်တယ်၊ ဖြတ်ကြည့်တာတော့ ဖြစ်နိုင်ပါတယ်”လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အရက်သောက်သုံးပြီး ကားမောင်းနှင်ခြင်းကြောင့် တစ်ရက်ကို လူ ၃၀၀ ဝန်းကျင် ယာဉ်မတော်တဆဖြစ်ပြီး ၂၀၁၈ မှာတော့ တစ်ရက်ကို ယာဉ်မတော်တဆမှု ၅၀၀ လောက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် လူသေဆုံးမှု တွေအနေနဲ့ ၂၀၁၃ မှာ တစ်ရက်ကို ၉ ယောက်သာသေခဲ့ပေမယ့် ၂၀၁၈ မှာတော့ တစ်ရက်ကို ၁၆ ယောက်လောက်ထိ သေဆုံးမှုတွေ ရှိလာခဲ့တယ်လို့သိရပါတယ်။ နှစ်တစ်နှစ်အနေနဲ့ တွက်မယ်ဆိုရင် ၂၀၁၈ တစ်နှစ်လုံးမှာ အရက်ကြောင့် လူပေါင်း ၅၈၄၀ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

 

အရက်သောက်သုံးမှုနူန်း မြင့်တက်လာရာကနေ  မဖြစ်သင့်တာတွေ ဖြစ်ပေါ်တဲ့အခြေနေကိုသာ ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားပြီး ဘယ်လိုပုံစံထိန်းချုပ်သွားမယ်၊ ဘယ်လိုပုံစံ စီမံချက်ရေးဆွဲလုပ်ဆောင်နေတယ် ဆိုတာမျိုးကိုတော့ ထည့်သွင်းပြောကြားသွားမှု မရှိပါဘူး။

Related posts

✕
VOM News

FREE
VIEW