ဆူးငှက်
ပစ်ကနစ်ထွက်ကြမယ်
————————-
တက္ကသိုလ် ပထမနှစ်ကည်းက သည်၉ယောက်ပဲ ပင်တိုင်ပေါင်းကြသည် ဆိုငြား အတန်းတူ သူငယ်ချင်းများထဲက တစ်ခါတရံ လက်ဖက်ရည်ဆိုင် အတူထိုင်ဖြစ်ကြသူများလည်း ရှိသည်။ အထူးသဖြင့် ၂၉လမ်းက ကိုခင်မောင်အုန်း၊ ၂၈လမ်းက ကိုတင်အောင်၊ မလွန်က ကိုဝင်းမြင့်အေး၊ အိမ်တော်ရာမြောက်ပေါက်က ကိုဝင်းအောင်၊ လမ်း၈၀က ကိုတင်မောင်ဦး၊ ပျဉ်းမနားက ကိုစော စသူတို့ဖြစ်သည်။ သူတို့အထဲတွင် ကိုတင်မောင်ဦးက ထူးခြားသည်။ သူက ဝါသနာနှင့် မေဂျာ ထပ်တူကျသည်ဟု ပြောရမည်။ သူက သင်္ချာသမားဖြစ်ပါ၏။ အချိန်ပြည့် သူ့ခေါင်းထဲမှာ သင်္ချာပဲရှိသည်။ ထို့ကြောင့် သူက တက္ကသိုလ်မရောက်ခင်ကတည်းက သင်္ချာကျူရှင်ပြသည်။ အခု တက္ကသိုလ် ရောက်တော့လည်း အတန်းဖော်တွေကို သင်္ချာကျူရှင်ပြသည်။ လက်ရှိ သူ့သင်္ချာကျူရှင်တန်းမှာ အတန်းထဲက ကျောင်းသူတွေ အများစုဖြစ်သည်။ ထို့ပြင် သူက စာလည်းဖတ်သည်။ အဖွဲ့အစည်း အသင်းအပင်းကိစ္စလည်း ဝါသနာပါသည်။ လက်ရှိ ဌာနက ဆရာများနှင့်လည်း ရင်းနှီးသည်။ ထို့ကြောင့် သင်္ချာအသင်းတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။
တစ်ရက်တော့ ကိုတင်မောင်ဦးက ကျွန်တော်တို့ထိုင်နေကျ ချိုကြီးကဖေးသို့ လိုက်လာပြီး ကျောင်းတက် ကြတာ တစ်နှစ်ပြည့်လုသောကြောင့် အတန်းဖော်ချင်း ပိုမို ရင်းနှီးစေဖို့ ပစ်ကနက်ထွက်ကြမည့်အကြောင်း အကြံပြုသည်။ ကျွန်တော်တို့ကလည်း အားတက်သရော ထောက်ခံသည်။ ထို့ကြောင့် မေမြို့သွားကြဖို့ ဆုံးဖြတ်ကာ ဌာနက ခွင့်ပြုဖို့ကိစ္စကို ကိုတင်မောင်ဦးကတာဝန်ယူသည်။ အတန်းထဲ အသိပေး စည်းရုံးဖို့အတွက် ကိုတင်မောင်ဦး ဦးဆောင်၍ ကွန်တော်တို့ အားလုံးက ပါဝင်ကြမည်။ ဤသို့ဖြင့် ပထမဆုံး အတန်းထဲတွင် အသိပေးစည်းရုံးကြတော့ အတန်းတက်ပြီး ပထမဆုံးအချိန်နှင့် ဒုတိယ အချိန်အကြား ဒုတိယအချိန်ဝင်မည့် ဆရာကို ခွင့်ပန်ကာ စည်းရုံးရေးဆင်းကြသည်။
ကိုကို မမတို့ ခင်ဗျား
———————–
အတန်းရှေ့သို့ အုပ်စုလိုက်ဝင်လာတော့ အတန်းသားတွေ ပထမတော့ လန့်သွားကြတာပေါ့။ အတန်းရှေ့ ရောက်မှ ကိုတင်မောင်ဦးက ကနဦး မိတ်ဆက်ပြီး ပစ်ကနစ် ထွက်မည့် အကြောင်းနိဒါန်းပျိုးသည်။ ပြီးတော့ ကျန်တဲ့ အသေးစိပ် အစီအစဉ်ကို ကိုကျော်ဆန်းက ဆက်လက်ပြောကြားပါမယ်ဟု ဘာမပြော ညာမပြော ကြေညာလိုက်တော့ ကျွန်တော့်မှာ မျက်လုံးများပြာဝေပြီး ခေါင်းနပန်းကြီးသွားတော့၏။ ကိုင်း.. ပြောရုံပေါ့ဟု ပြင်ဆင်ကာ ရှေ့သို့ထွက်ပြီး အတန်းထဲ မျက်စေ့ဝေ့ကြည့်လိုက်မိတော့ ကနဦးစတင်ရမည့် စကားလုံးက ခေါင်းထဲ ပေါ်လာသည်။ အတန်းသူ အတန်းသားအားလုံးနီးပါးက ကိုယ်နဲ့ရွယ်တူဟု ထင်ရသူက မရှိသလောက်ရှားပြီး အားလုံးလိုလိုက ကိုယ့်ထက် ကြီးသူများချည်း ဖြစ်နေသည်။
ထို့ကြောင့် “ သချာၤ ပထမနှစ် က အတန်းဖော် ကိုကို မမတို့ ခင်ဗျား” ဟု စလိုက်သည်။ ထိုစကားလုံးကြောင့် အတော်များများက ပြူံးစေ့စေ့ ဖြစ်ကုန်ကြသည်။ ထိုစကားလုံးက မန်းဆန်သည် သဘင်ဆန်သည်ဟု ဆိုရမည်။ ထို့ကြောင့် မန္တလေးသား အချင်းချင်းက အငြိမ့်မင်းသမီး လက်အုပ်လေးချီပြီး “ကြွရောက် အားပေးကြတဲ့ ဦးဦးဒေါ်ဒေါ် ကိုကို မမ မောင်လေး ညီမလေးများပါ မကျန်” ဟူသော ပဋိသန္တာရ စကားလုံးကို သတိရကြပြီး ပြုံးမိကြသည်။ နယ်ကလာသည့် အတန်းဖော်များကတော့ မန္တလေးက စကားတွေက နန်ဆန်ပါလားဟု သုံးသပ်ကာ ပြုံးမိတာ ဖြစ်မည်။
ကျွန်တော်ကတော့ ကိုယ့်စကားကို ပရိသတ်က စိတ်ဝင်စားကြောင်း သိတော့ ရဲသွားပြီး စီကာ ပတ်ကုံးပြောလိုက်ကာ ပိရိစွာ အဆုံးသတ် နိုင်ခဲ့သည်။ ထိုသို့ပြောပြီး နောက် တစ်ခန်းဆက်ဖို့ အပြင်ထွက်တော့ သူငယ်ချင်းကိုစိုးမြင့်က ကျွန်တော့် လက်ကို ဖျစ်ညှစ်ကာ ကောင်းတယ် လူကြီးဆန်တယ် ဒီအတိုင်းပဲ ဆက်ပြော ဟု အားပေးသည်။ နောက်နေ့မှာပင် ကျွန်တော်က တစ်ဖက်ချော ဂျပ်စက္ကူပေါ်တွင် ပစ်ကနစ်ထွက်မည့် အစီအစဉ်နှင့် ငွေကြေးပေးသွင်းရမည့် ကိုတင်မောင်ဦး ခေါင်းဆောင်သော အဖွဲ့နာမည်များကို ရေးသားသည်။ ထိုပိုစတာများကို မိခင်သင်္ချာဌာနနှင့် ကျောင်းသားရေးရာ ဌာနသို့ သွားရောက်ပြီး ခွင့်ပြုသည့် တံဆိပ်တုံး နှိပ်ပြီးမှ နေရာအနှံ့ ကပ်ရသည်။ ကျွန်တော်က စုတ်တံဖြင့် လက်ဝဲစာလုံးဖြင့် ရေးသားထားသည့်ပစ်ကနစ်ထွက်မည့်ပိုစတာကိုကိုယ့်ဖာသာ ပြန်ကြည့်ရင်း သဘောကျနေမိသည်။
ချစ်ခင်စုံမက်ဖို့
——————–
ဤသို့ဖြင့် မေမြို့ ပစ်ကနစ်အစီအစဉ် အောင်မြင်ပါသည်။ ကိုယ့်ဌာန ကိုယ့်အတန်းတွင်သာမက အခြား မေဂျာများက အဆောင်နေ ကျောင်းသူများပါ လိုက်ပါကြသည်။ ထိုသို့ လိုက်ပါကြသူများအနက် နန်းကေသီဆောင်တွင် နေသော သမိုင်းတတိယနှစ်က ကျောင်းသူများနှင့် ကျွန်တော်က ကားပေါ်မှာ တစ်လမ်းလုံး စကားနိုင်လု ငြင်းခုန်ကြတာ မန္တလေးပြန်ရောက်လို့ နန်းကေသီဆောင်ပြန်အပို့ ကားပေါ်ကအဆင်းအထိ ပွဲမသိမ်းဘဲ စကားကြောရှည်ခဲ့တာ မှတ်မိသည်။ နောက်တော့ ထို ပျဉ်မနားသူမမနှင့် ရင်းနှီးကာ မျှစ်ချဉ်တွေ ခဏခဏပေးလို့ အိမ်မှာ မျှစ်ချဉ်ချက်တိုင်း အတွင်းသိ ကိုမန်းမောင်က ချစ်ခင်စုံမက်တော့ မျှစ်ချဉ် အကုန်ချက်နေတာလား ဟု အမေ့ကို စတတ်သည်။ အမေကလည်း ထိုမမက အိမ်သို့လိုက်လည်ဖူးလို့ မြင်ဖူးတာကြောင့် သဘောတွေကျနေသည်။
ပြောရလျှင် ထိုပစ်ကနက်အစီအစဉ်ကြောင့် ကျွန်တော့်ကို စကားအပြိုင်ပြော စကားအငြင်းအခုံတွင် လူရာဝင် လောက်သူဟု သူငယ်ချင်းများက အောင်လက်မှတ်ပေးထားတော့သည်။ သည်လိုနှင့် တက္ကသိုလ် ပထမနှစ် စာမေးပွဲကို ချောချောမောမော ဖြေဆိုအောင်မြင်ခဲ့ပါသည်။
ပါမောက္ခဆရာကြီး ဦးနက် ဂုဏ်ပြုနှုတ်ဆက်ပွဲ
—————————————————-
တက္ကသိုလ် ဒုတိယနှစ်တွင် သင်္ချာဌာန၏ ပါမောက္ခ ဆရာကြီးဦးနက် အငြိမ်းစားယူပါပြီ။ ဆရာကြီးက ပါမောက္ခချုပ်အဖြစ်တာဝန်ထမ်းခဲ့သော်လည်း အလွန်အေးဆေးစွာ နေထိုင်လိုသူမို့ လက်ရှိပါမောက္ခချုပ် ဆရာဦးကျော်မြင့်က ရာထူးကို ဆက်ခွခဲ့သည်။ ဆရာကြီးပါမောက္ခဦးနက် အငြိမ်းစားယူပြီး ဒေါက်တာဘကြည်က သင်္ချာဌာန ပါမောက္ခ ဖြစ်လာသည်။ တစ်ရက်မှာတော့ ဆရာဒေါက်တာဘကြည်က ကျွန်တော့်ကို သူ့ရ့ုံးခန်းလာခဲ့ဖို့ ခေါ်သည်ဟု ကိုတင်မောင်ဦးက ပြောသည်။ ကျွန်တော်က အတော်ထိပ်လန့်သွားပါ၏။
ကိုတင်မောင်ဦးကို မေးကြည့်တော့ သူလည်းမသိဘူးဟုဆိုပြီး ဆရာဒေါက်တာဘကြည်ထံ လိုက်ပို့သည်။ ဆရာဒေါက်တာဘကြည်က သူ့စာပွဲမှာ ခပေါင်းစီးကရက်ကို ရှိုက်၍ သောက်နေသည်။ နံနက်ခင်း၏ နေရာင်က ရုံးခန်းပြတင်းပေါက်မှ တဆင့် ဆရာ့စာပွဲပေါ် ထိုးကျနေရာ ထိုနေရောင်တွင် ဆေးလိပ်မီးခိုးများက လှိုင်းထနေသည်။ ကိုတင်မောင်ဦးက ကျွန်တော့်ကို ထားခဲ့ပြီး လက်ဖက်ရည်ဆိုင်က စောင့်မည်ဟု မျက်ရိပ်မျက်ကဲပြကာ ပြန်သွားသည်။ ကျွန်တော်က ဆရာကြီးစာပွဲရှေ့က ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
ထိုနေ့က ကျွန်တော်သည် ထိုစဉ်က ခေတ်စားနေသော ဒေးဗစ်ချမ်းဦးထုပ်ကို ဆောင်းထားသည်။ ဒေးဗစ်ချမ်း ဦးထုပ်ဆိုသည်မှာ နာမည်ကြီး တရုတ်မင်းသား ဒေးဗစ်ချမ်း ဆောင်းသော ဦးထုပ်ပုံစံဟု ဆိုသည်။ လူငယ်အတော်များများ ဆောင်းကြ၏။
ဒေးဗစ်ချမ်းဦးထုပ်နှင့် သင်္ချာပါမောက္ခ
——————————————-
ဆရာကြီးက ကျွန်တော်ထိုင်လိုက်စဉ်မှာပင် “ပြစမ်းပါဦးကွ၊ မင်းဦးထုပ်က ဘာပုံလဲ” ဟု မေးလို့ ကျွန်တော်က ဒေးဗစ်ချမ်းဦးထုပ်ပါဆရာ ဟု ဖြေကာ ဦးထုပ်ကို ချွှတ်၍ ဆရာကြီးထံ ပေးလိုက်သည်။ ဆရာကြီးက စီးကရက် လက်ကြားညှပ်လျှက်နှင့် ဦးထုပ်ကို လှည့်ပတ်ကိုင်ကြည့်ပြီး သူ့ခေါင်းပေါ် မစွပ်ဘဲ တင်ထားကာ ရယ်ရယ်မောမောနှင့် သဘောကျနေသည်။ ဘယ့်နှယ်လဲ၊ ငါနဲ့ လိုက်ရဲ့လားဟုလည်း မေးသည်။ အင်္ဂလန်ပြန် ဒေါက်တာဘွဲ့ရ ပါမောက္ခကြီးက သူ့ကျောင်းသားနှင့် ပြောဆိုနေပုံမှာ ဆရာနှင့် တပည့်ဆိုသည်ထက် ဦးလေးနှင့် တူ တစ်ယောက် ဆက်ဆံပုံမျိုးကို အံ့သြစွာတွေ့ရသည်။ ဆရာကြီးက စီးကရက်ဖွာရင်း “ဒီလိုကွ၊ ဒို့ပါမောက္ခ ဆရာကြီးဦးနက် အငြိမ်းစားယူပြီ။ ဒီတော့ ဌာနက ဦးစီးပြီး နှုတ်ဆက်ဂုဏ်ပြုပွဲ လုပ်ကြမှာ၊ အဲ့ဒါကွာ တတိယနှစ်နဲ့ စတုတ္ထနှစ်ကကောင်တွေက တီးကြမှုတ်ကြ ဆိုကြ ကကြချင်တာကွ။ ငါကလည်း အခုလိုအချိန်အခါမှာ ပါမောက္ခချုပ်ဆီ စာတင် ခွင့်တောင်းနဲ့ ဟိုထောက်ခံချက် ဒီထောက်ခံချက်တွေ ယူပြီးမှ လုပ်ရတာမျိုး မလုပ်ချင်ဘူးကွ။ တစ်ခါ ငါက မလုပ်ချင်ဘူးဆိုပြီး ဖြတ်လိုက်တာမျိုးလည်း မဖြစ်ချင်ဘူး။
ဒီတော့ ဆရာနက် ပွဲနဲ့ ပတ်သက်ပြီး ပထမနှစ်ကနေ စတုတ္ထနှစ်အထိ အတန်းတိုင်းက ကိုယ်စားလှယ်တွေ ဆရာတွေ အားလုံးအစည်းအဝေးခေါ်မယ်။ အဲ့ဒီအစည်းအဝေးမှာ ပွဲကို ဘယ်လိုကျင်းပမလဲဆိုတာ သဘောထားပြောကြ။ ဒီတော့ တတိယနှစ်နဲ့ စတုတ္ထနှစ်က အတီးအမှုတ် အဆိုအက တွေနဲ့ လုပ်ကြဖို့ ပြောမှာပဲ။ ဒီတင် မင်းက ဒုတိယနှစ်ကိုယ်စားပြုပြီး အတီးအမှုတ် အဆိုအကတွေ မပါစေချင်တဲ့ သဘောထားကို အဲ့ဒီမှာ ပြောပေး။ ဒီ သဘောထား၂ရပ်အပေါ် ငါက လုပ်သင့် မလုပ်သင့် တခါတည်းဆုံးဖြတ်မယ်။ ဟုတ်ပြီလား၊ အဲ့ဒါ မင်းက နိုင်အောင်တော့ ပြောမှ ရမှာနော်ကွ။ အစည်းအဝေးခေါ်တော့လည်း ကျောင်းတက်ဦး၊ ကဲ.. ဒီဦးထုပ်က ငါကြိုက်တယ်ကွ။ ညကျ ဆောင်းပြီး ရုပ်ရှင်သွားကြည့်မှာ၊ ထားခဲ့တော့” ဟု ဆိုရင်း ရယ်ကာမောကာ စီးကရက်ဖွာကာနှင့် ကျွှန်တော့်ကို ပြန်ခွင့်ပြုသည်။ ကျွန်တော့်မှာ ပါမောက္ခဆရာကြီးဒေါက်တာဘကြည်နှင့် ပထမဆုံး တွေ့ဖူးခြင်းကပင် အမှတ်တရရှိလှကာ ပျော်ခဲ့ရသည်။
ခဏနေတော့ ကျွန်တော့် ဒေးဗစ်ချမ်းဦးထုပ်ကို မဟာတန်း တက်နေသည့် ဆရာတစ်ယောက်က ပြန်လာပေးသည်။
ဆိုကြ တီးကြ ပျော်ကြမယ်လေ
——————————–
သည်လိုနှင့် အစည်းအဝေးနေ့ရောက်တော့ ဌာန၏ အပေါ်ထပ်က မဟာကျောင်းသားများ၏ စာသင်ခန်းမှာ အစည်းအဝေး ကျင်းပသည်။ အတန်းတိုင်းက ကိုယ်စားလှယ်ကျောင်းသူကျောင်းသားများတက်သည်။ ဆရာများက အတန်း၏ ရှေ့ဆုံးခုံတွေမှာနေရာယူကြပြီး ဆရာကြီးက ထိပ်ဆုံးက စာပွဲနှင့် ထိုင်ခုံမှာ ကျောက်သင်ပုန်းကျောခိုင်းကာ ခြေချိတ်ထိုင်နေသည်။ ဆရာကြိးက ဘောင်းဘီရှည် အမြဲ ဝတ်ကာ ခြေအိတ်နှင့် ရှူးဖိနပ်နှင့် ခြေချိတ်ထိုင်ကာ စီးကရက်ကို သောက်နေပုံက ကြည့်ကောင်းလှသည်။ အစည်းအဝေးစသည်နှင့် ဆရာကြိးက အဖွင့်စကားပြောကာ ဆရာနက်ပွဲကို ဘယ်လို ကျင်းပချင်သလဲ စတုတ္ထနှစ်ကကျောင်းသားကြီးတွေမို့ ဦးစားပေးတဲ့အနေနဲ့ စပြီးပြောပါဟု ဆိုတော့ အရပ်ရှည်ရှည် ခါးခပ်ကိုင်းကိုင်းနှင့် ကျောင်းသားကြီး တစ်ယောက်က စတင်ပြောသည်။
ဆရာကြီးဦးနက်ဆိုသည်မှာ မည်သို့သောဆရာကြီးဖြစ်ကြောင်း မည်သည့်နိုင်ငံ မည်သည့်တက္ကသိုလ်မှ ဘွဲ့ရခဲ့ကြောင်း ထို့ကြောင့် ဆရာကြီးပွဲကို အားကစားရုံ ဘွဲ့နှင်းသဘင်ခန်မတွင် မည်ကဲ့သို့ ခမ်းခမ်းနားနား ကျင်းပသင့်ကြောင်း စသည်ဖြင့် ပြောသွားခဲ့သည်။ ထို့နောက် ဆက်လက်ပြောကြားသည်မှာ ပြီးခဲ့သည့် လက ကျင်းပသွားသည့် ဇီဝဗေဒပါမောက္ခ ဒေါက်တာ ဒက်ဖလင် အငြိမ်းစားယူသဖြင့် ဂုဏ်ပြုနှုတ်ဆက်ပွဲကို ကျင်းပသောအခါ မြို့ပေါ်က တီးဝိုင်းနှင့် ဂီတပညာရှင်များကပါ လာရောက်ကြပြီး ဆိုကြတီးကြနှင့် အလွန်ခမ်းနားလှပါကြောင်း၊ ထို့ကြောင့် ဆရာကြိး ဦးနက်အားဂုဏ်ပြုနှုတ်ဆက်ရာတွင် ဆရာဒက်ဖလင် နည်းတူ ဆရာဒက်ဖလင်ပွဲထက် မလျော့အောင် ကျင်းပစေလိုကြောင်း၊ ပါမောက္ခချင်းအတူတူ မိမိတို့ ပါမောက္ခက အောက်မကျစေလိုကြောင်း ပြောသွားရာ ဆရာများကိုယ်နှိုက်ကပင် မောင်ကျောင်းသားပြောတာ ဟုတ်ပါပေတယ် ဟူသော ခေါင်းညိတ် ကျေနပ် ထောက်ခံသည့် အမူအရာများကို သိသိသာသာ တွေ့ရသည်။
ထို့နောက် တတိယနှစ်သင်္ချာကို ကိုယ်စားပြုပြီးဗလကောင်းကောင်း စပို့ရှပ်နှင့် ဘောင်းဘီရှည်ဝတ် ကျောင်းသားကြီး တစ်ယောက် မတ်တပ်ရပ်ပြီး စတင်ပြောသည်။ သူကလည်း ဆရာကြီးးဦးနက်ကို အဆိုအတီးများနှင့် ဂါရဝပြု နှုတ်ဆက်ဖို့ အားလုံး စီစဉ်ထားသည့်အကြောင်း၊ တီးဝိုင်းအဖွဲ့နှင့်ပင် တီးလုံးတိုက်ထားကြောင်း သီချင်းသီဆိုကြမည့် သူများလည်း စာရင်းပေးထားပြီ ဖြစ်ကြောင်းနှင့် သူကိုယ်တိုင်လည်း သီချင်းနှစ်ပုဒ်သီဆိုမည် ဖြစ်ကြောင်း ပြောကြားသည်။ သူ့အလှည့်ပြီးတာနှင့် တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသားများ ခေါင်းချင်းဆိုင်ကာ တီးတိုးတီးတိုးနှင့် သီချင်းရွေးနေကြပြီး သီချင်းဆိုဖို့ ဘယ်သူ့ဆီ စာရင်းပေးရမလဲဟု လက်ကုပ် မေးနေကြပြီ။
ဒုတိယနှစ်ကိုယ်စား သဘောထား
————————————
ကဲ.. ဒုတိယနှစ် ကိုယ်စားပြုပြီး သဘောထားပြောဖို့ အခမ်းအနားမှူး ဆရာဦးမိုးညွန့်က ခေါ်တော့ ကျွန်တော် က နေရာမှ မတ်တပ်ရပ်ပြီး ဆရာကြီးဒေါက်တာဘကြည်၊ ဌာနက ဆရာဆရာမများနှင့် စီနီယာကျောင်းသူကျောင်းသားများ အားလုံး ဂါရဝပြုပါကြောင်း ပြောသည်။ ထို့နောက် “ အခု အငြိမ်းစားယူပြီး သူချစ်သော မန္တလေးတက္ကသိုလ်ကြီးကို တစ်သက်တာ ခွဲခွာရတော့မယ့် ပါမောက္ခဆရာကြီးဦးနက်ဟာ ပညာဂုဏ်သာမက ရိုးသားမှုနဲ့ အေးချမ်းငြိမ်သက်မှုမှာ စံနမူနာ ပြလောက်တဲ့ ပညာရှင်ကြီး ဖြစ်ပါတယ်။ ဆရာကြီး ရိုးသား အေးချမ်းစွာ နေထိုင်လိုမှုရဲ့ အထင်ရှားဆွုး သာဓက တစ်ခုကတော့ ပါမောက္ခချုပ်ဆရာကြီး ဦးလှရွှေ အငြိမ်းစားယူပြီးနောက် ဆရာကြီးဦးနက်က ပါမောက္ခချုပ် တာဝန်ကို ခန့်အပ်ခြင်း ခံရပါတယ်။
တကယ်တော့ ပါမောက္ခချုပ်ဆိုတဲ့ ရာထူးဟာ အလွန်မက်မော ဂုဏ်ယူစရာ ရာထူးပါပဲ။ တက္ကသိုလ်ကြီး တစ်ခုလုံးရဲ့ ပညာရေးနဲ့ စီမွခန့်ခွဲမှု အာဏာကို ရယူနိုင်တာပါပဲ။ ဒါပေမယ့် ဆရာကြီးဦးနက်ဟာ အဲ့ဒီ ရာထူး အဲ့ဒီ လုပ်ပိုင်ခွင့် အဲ့ဒီအာဏာ အဲ့ဒီ ဂုဏ်တွေကို သူ့ရဲ့ သင်္ချာ တစ်ပုဒ်လောက်မျှပင် မခင်တွယ် မမက်မောခဲ့ပါဘူး၊ ဆရာကြီးက သူ့စာပွဲမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း ထိုင်ရင်း သင်္ချာတွက်နေချင်သူပါ။ ပြီးတော့ ဆရာကြီးဟာ မန္တလေးတက္ကသိုလ်ကို အလွန် ချစ်မြတ်နိုး ပါတယ်။ ကျွန်တော်တို့ သေချာပေါက် ပြောနိုင်တာကတော့ ဆရာကြီးဟာ အသက်၆၀ပြည့်သော်ငြား အသက်ရှည် နေသရွေ့ အသက်ရှုနေသေးသရွေ့ ဟောဒီ မန္တလေးတက္ကသိုလ်ရဲ့ သူ့ရုံးခန်း သူ့စာပွဲက ခွာချင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ဆရာကြီးဦးနက်ရဲ့ ဂုဏ်ပုဒ်ဟာ ရိုးသားအေးဆေး တိတ်ဆိတ်ငြိမ်သက်မှုကို ချစ်မြတ်နိုးခြင်း နဲ့ မန္တလေးတက္ကသိုလ်ကို ချစ်မြတ်နိုးခြင်းဆိုတဲ့ ဂုဏ်ပုဒ်၂ရပ်ပါပဲ။ စောစောက နောင်တော်တွေ ပြောကြားရာမှာ အငြိမ်းစားယူတဲ့ ဇီဝဗေဒ ပါမောက္ခ ဆရာဒက်ဖလင် ဂုဏ်ပြုနှုတ်ဆက်ပွဲနဲ့ ဥပမာပေးသွားတာ ကြားလိုက်ရပါတယ်။ ဟုတ်ကဲ့ ဆရာကြီး ဒက်ဖလင်ဟာ သူကိုယ်တိုင်က ဂီတပညာရှင်ပါ။ သူ့ကို ဇီဝဗေဒပညာရှင်ဆိုတာထက် ဂီတပညာရှင် စန္ဒရားပညာရှင်အဖြစ် ပိုပြီး သိကြပါတယ်။ ရွုးခန်းထဲမှာပင် စန္ဒရားထားပြီး ဂီတနဲ့ အချိန်ပြည့် ထိတွေ့ တီးခတ်နေသူပါ။ နိုင်ငံခြာက စန္ဒရားပညာရှင်များ လာရောက်လျှင်ပင် ဆရာဒက်ဖလင်ကို စန္ဒရားပညာရှင် အနေနဲ့ တွေ့ကြပါတယ်။ ဒါ့အပြင် ဆရာဒက်ဖလင်ဟာ ဖိလစ်ပိုင် နိုင်ငံသားတစ်ဦးပါ။ သူ ဧည့်ပါမောက္ခတာဝန်ပြီးဆုံးလို့ သူ့အမိမြေနဲ့ သူချစ်သော မိသားစုဆီ ပျော်ရွှင်စွာ ပြန်ရတော့မှာပါ။ ဒါကြောင့် ဆရာ ဂီတပညာရှင် ဆရာဒက်ဖလင်ကို တီးဝိုင်းနဲ့ သီချင်းတွေ ဆိုပြီး ဂုဏ်ပြုခြင်းက အလွန်ဆီလျော်ပါတယ်။ အမိမြေနဲ့ သူ့မိသားစုဆီ ပျော်ရွှင်စွာ ပြန်မယ့် ဆရာဒက်ဖလင်ကို သူနဲ့အတူ ဆိုကြ တီးကြ ရတာ အင်မတန် ဂုဏ်တင့်ပါတယ်။
ဆရာဒက်ဖလင် ဂုဏ်ပြုပွဲကို နမူနာယူပြီး ကျွန်တော်တို့ ဆရာကြိး ဦးနက်ကို ဆိုကြ တီးကြ ကကြ ခုန်ကြနဲ့ ပွဲခင်းကြမယ်ဆိုရင် အလွန်အင်မတန် အေးဆေးတိတ်ဆိတ်စွာ နေလိုတဲ့ ဆရာကြီးကို နားညီး စိတ်ရှုပ် နှလုံးနောက်စေမှာ အမှန်ပါပဲ၊ ထို့တူ မန္တလေး တက္ကသိုလ်ကြီးကို အလွန်ချစ်မြတိနိုးလှတဲ့ ဆရာကြီးဦးနက် တက္ကသိုလ်မြေက အပြီးတိုင် တာဝန်ပြီးဆုံးထွက်ခွာရတာကို ဆိုကြ ပျော်ကြမယ်ဆိုရင် ဆရာကြီးကို ဝမ်းမြောက်ဝမ်းသာ သံပုံးတီးပြီး နှင်ထုတ်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းသူကျောင်းသားများကတော့ ဆရာကြီးကို ဂုဏ်ပြုနှုတ်ဆက်တဲ့ပွဲဟာ ဆရာကြီး ဂုဏ်ပုဒ်နဲ့ လျော်ညီ သင့်မြတ်တဲ့ ပွဲပဲ ဖြစ်စေချင်ပါတယ်၊ ဆရာကြီးကို သံပုံးတီး နှင်ထုတ်တဲ့ ပွဲတော့ မဖြစ်စေချင်တာ အမှန်ပါ ခင်ဗျား” ဟု ပြောကြားခဲ့သည်။ ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းသားများနှင့် အတူ ဆရာဒေါက်တာဘကြည်ကပါ စီးကရက် နှုတ်ခမ်းတေ့ထားပြီး လက်ခုပ်တီးသြဘာပေးသည်။ ထို့နောက် “ ကဲ.. ဗလကြီးတို့ ဆိုချင် တီးချင်တဲ့သူတွေက အဲ့ဒီညကျ ငါ့အိမ်လာတီးကြ၊ ဘာခွင့်ပြုချက်မှ တောင်းစရာ မလိုဘူး၊ ထမင်းလည်း ကျွေးဦးမယ်” ဟု ပြောတော့ ဝါးခနဲ ရယ်ကြသည်။
ဤသို့ဖြင့် ၁၉၇၈ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အင်းဝ ၉ ခန်းမ၌ သင်္ချာပါမောက္ခ ဆရာကြီး ဦးနက်အား ဂုဏ်ပြုပွဲကို ကျင်းပခဲ့သည်။ ထိုပွဲ၏ နောက်ခံစာတန်းနှင့် အပြင်အဆင်ကို လက်တည့်စမ်း ဖန်တီးခဲ့သလို ဆရာကြီးထံသို့လည်း ကျွန်တော့် လက်ဖြစ် သင်္ချာဌာန တံဆိပ်လည်း ဂါရဝပြု ပေးအပ်ကန်တော့ခဲ့ပါ၏။ ထိုပွဲသို့ ကျွှန်တော်တို့ ဒုတိယနှစ်သမားများသာ တက်ကြပြီး တတိယနှစ်နနှင့် စတုတ္ထနှစ်များက လာသူ အနည်းငယ်သာရှိသည်။ ထိုနှစ်ကစ၍ မန္တလေးတက္ကသိုလ်မှာ ပထမနှစ်တွေ မရှိတော့။ သူတို့က ဒေသကောလိပ်မှာပဲ စတက်ကြရပြီလေ။
ဆူးငှက်
