ကိုရင်ငယ်လေးကို ပြင်းထန်စွာရိုက်နှက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးစစ်​ဆေး​နေ

ဧပြီ ၂၂ ၊ ၂၀၂၆
GG (VOM)
ကိုရင်ငယ် တပါးကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ၊ ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဆရာတော် ဦးတေဇကို သက်ဆိုင်ရာက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။
ကျောင်းထိုင်ဆရာတော် ဦးတေဇကို လက်ရှိမှာ ရပ်ကျေးသံဃနာယက ၊ မြို့နယ်သံဃနာယကအဖွဲ့ အပါအဝင် မြို့နယ် ရဲတပ်ဖွဲ့ နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီကနေ့ ဧပြီ ၂၂ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာ စစ်ဆေးမှု ပြုလုပ်နေဆဲသာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိတော့ ဆရာတော်ဦးတေဇကို လူဝတ်လဲတာမျိုးမရှိသေးဘဲ သင်္ဃန်းဝတ်နဲ့သာ စစ်ဆေးမှုပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ် ။
“ဗီဒီယို တက်လာတယ်။ location ကိုလိုက်စုံစမ်းတယ်။ ဒေသက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ညှိနိူင်းပြီး အရေးယူနိုင်အောင် ဆောင်ရွက်ရတယ်။ ဒီမနက်မှာ ကျူးလွန်တဲ့သူကို ဖမ်းနိုင်ခဲ့တယ်။အခုသာသနာရေးနဲ့ သံဃနာယကအဖွဲ့ပေါ့ ဦးဇင်းထင်တာ ရပ်ကျေးသံဃနာယက လောက်နဲ့စစ်ဆေးနေတယ်။ ဖြစ်တာက တောရကျောင်းမှာဖြစ်တဲ့အခါ နယ်မြေအနေနဲ့ကျဥ်းမြောင်းပေမယ့် ဖြစ်သွားတဲ့ပြဿနာကအကြီးကြီးဖြစ်နေတော့ အထက်ကိုညွှန်ကြားစာတော့တောင်းနေတယ်သိရတယ်။ ဒီလုပ်ရပ်က လူတိုင်းက လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်နေတယ် ။ ဦးဇင်းသိရသလောက်တော့ လူဝတ်မလဲရသေးဘူးသိရတယ်။ ” လို့ အရှင်သုနန္ဒက မိန့်ပါတယ်။
ဆရာတော်ဦးတေဇက ကိုရင်လေးကို ရိုက်နှက်နေတဲ့ ရုပ်သံဖိုင်ဟာ မနေ့ကစပြီး လူမှုကွန်ယက်မှာ ပျံ့နှံခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ရဟန်း သံဃာနဲ့ ပြည်သူလူထုအကြား ဝေဖန်မှုတွေထွက်ပေါ်ကာ ရိုက်နှက်ခဲ့တဲ့ ဆရာတော်ကို ထိရောက်တဲ့အရေးယူမှုပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ် ။
အဲဒီနောက်မှာ သံဃနာယက အဖွဲ့တွေနဲ့ မြို့နယ်အာဏာပိုင်အဖွဲ့တွေက အချိန်တိုအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ကြောင်း ၊ အဆိုပါ ကိစ္စက သာသနာရေး တခုလုံးရဲ့ ပုံရိပ်နဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတဲ့အတွက် အမှန်အတိုင်း ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း ပြောဆိုနေကြပါတယ်။
” လက်ရှိ ဖြစ်ပေါ်နေတဲ့ သာသနာရေးဆိုင်ကိစ္စက နယ်မြို့ရဲ့ ရပ်ကျေးလေးမှာဖြစ်ပေမယ့် ကိစ္စ အရမ်းကြီးပါတယ်။ ရပ်/ကျေး သံဃနာယက/ မြို့နယ်သံဃနာယက/
ခရိုင် သာသနာရေးလောက်နဲ့ ဆုံးဖြတ်လို့ မရပါဘူး ။ အထက်ညွှန်ကြားမှုနဲ့သာ ဆောင်ရွက်လို့ ရနိုင်တဲ့ ကိစ္စဖြစ်လို့ အလေးတယူ အရေးယူဖို့
အမြန်ဆုံး ဆောင်ရွက်ဖို့ အချိန်မှီ တိုက်တွန်းအပ်ပါတယ်။ ခံဝန်လောက်နဲ့ အဆင်မပြေပါဘူး ။” လို့ အရှင်သုန္ဒက တဆက်တည်း မိန့်ပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အတွက် မြိတ်မြို့နယ် သာသနာရေးဌာနကို ဖုန်းနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး ။
ခုလို ကိုရင်ငယ်တပါး ပြင်းထန်စွာရိုက်နှက်ခံရတဲ့အပေါ် ပြည်သူ တယောက်က
” ကျွန်တော် တို့ငယ်ငယ်က ဘုန်းကြီး​ကျောင်းသားလုပ်ခဲ့ဘူး​တော့ ဘုန်းကြီးရိုက်တာ ဝါးစိမ်းနဲ့ ဝမ်းလျား​မှောက်ခိုင်းပြီး နှစ်ချက် သုံးချက် ​သွေးစို့​အောင် ခံရဘူးပါတယ်။ ဒါ​ပေမယ့် အိုးထိမ်းသည် အိုးကိုပုံကျအောင်ရိုက်သလို ခံစားရပါတယ်။ ခုက အငြိုးတကြီး ကိုရင်​လေးအားနဲ့ ဦးဇင်းအား မမျှမတတာမို့ နှိပ်စက်သလို ခံစားမိ​​တော့ စိတ်မချမ်းသာရပါဘူး။ ” လို့ ပြောပါတယ်။
ကိုရင်ငယ်လေးကို ရိုက်နှက်ခဲ့တဲ့ရုပ်သံဖိုင်ကို အမျိုးသမီးတယောက်က ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဖိုင်ကိုမှ ဦးဇင်းတပါးက ကူးယူပြီး အင်တာနက်စာမျက်နာပေါ် တင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
” ရိုက်တာက ဆုံးမတာနဲ့မတူတော့ဘူး ။ ကလေးအငယ်လေးကို မတရားနှိပ်စက်သလိုဖြစ်နေတယ်။ ငါက ကျောင်းထိုင်ဘုန်းကြီးပဲ ဘာလုပ်လုပ်ရတယ်ဆိုတာမျိုးဖြစ်နေတယ်။ ဒါမျိုးကို ထိထိရောက်ရောက် အရေးယူရမှာပါ ။ မှန်တာပြောရရင် အဲဒီကိုရင်လေးက ကျွန်တော့်သားဆိုရင် အဲဒီဘုန်းကြီးကို ပြန်လုပ်မှာ။ မသိရင်တော့ တမျိုးပေါ့ ။ သိရင်တော့ ဘယ်လိုမှ မခံစားနိုင်ဘူး ။” လို့ ပြည်သူ တယောက်က ပြောပါတယ် ။
လက်ရှိအထိတော့ ကိုရင်လေးကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို အရေးယူမှုအခြေအနေနဲ့ ပတ်သက်လို့ သာသနာရေးဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး ။

Related posts

Leave a Comment

VOM News

FREE
VIEW