ဧပြီ ၂၇ ၊ ၂၀၂၆
GG (VOM)
စာရေးဆရာ ဦးတင်ညွန့် နဲ့ သားဖြစ်သူအပါအဝင် လူ သုံးယောက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။
ဆရာကြီး ဦးတင်ညွန့်ကို ဧပြီ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်းနဲ့ ဆရာတင်ညွန့် အပါအဝင်သုံးယောက်လုံးကို သန်လျင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဆရာ ဦးတင်ညွန့်အဓိကအဖမ်းခံရတဲ့ အကြောင်းအရင်းတွေကတော့ ရေးသားခဲ့တဲ့ ” ခွေးထိန်း ငတာ “၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည် “
ဦးသန်းရွှေ၏ ယတြာ များ” စာအုပ်သုံးအုပ်နဲ့ပတ်သက်ပြီး ဖမ်းခံရတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။
နောက်ထပ် ဖမ်းခံရတဲ့ သားဖြစ်သူကတော့ အဆိုပါစာအုပ်တွေကို ထုတ်ဝေခဲ့တာကြောင့် ဖမ်းခံရတာဖြစ်ပြီး ကျန်တဲ့ အဖမ်းခံရသူ အမျိုးသမီးတယောက်ကတော့ ဆိုရှယ်မီဒီယာကတဆင့် အဲဒီစာအုပ်သုံးအုပ်ကို ရောင်းချခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။
” အဲဒီစာအုပ်သုံးအုပ်က အဓိကပဲ ။ အဲဒီစာအုပ်တွေကို ကောင်မလေးတယောက်က အွန်လိုင်းကနေ အရောင်းပို့စ် တင်ရောင်းတာကို တွေ့ပြီး ဖမ်းခိုင်းတာ ။အဲဒီကောင်မလေးလည်း ဖမ်းခံထားရတယ်။ သူ့စာအုပ်ထုတ်တဲ့ သူ့သားထုတ်ဝေသူလည်း အဖမ်းခံထားရတယ်။ ဆရာက ၅၀၅ က လို့တော့သိရတယ်။ အတိအကျ နောက်ရုံးချိန်ကျမှသိရမယ်။ ” လို့ မိသားစုနဲ့နီးစပ်သူ ကပြောပါတယ်။
” ခွေးထိန်း ငတာ “၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည် ” ၊ “ဦးသန်းရွှေ၏ ယတြာ များ” စာအုပ်တွေကတော့ NLD အစိုးရလက်ထက်မှာ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ဖြစ်တယ်လို့ သိရပါတယ် ။
စာရေးဆရာကြီး ဦးတင်ညွန့်ဟာ လက်ရှိအချိန်ထိဆိုရင် နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္ထုရှည် စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးသားပြုစုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
စာရေးဆရာကြီး ဦးတင်ညွန့်ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ ဒီနေ့အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး ။
