ဧပြီ ၂၆ ၊ ၂၀၂၆
CC (VOM)
Pack & Go Easy Travel ကုမ္ပဏီဟာ ပြည်ပခရီးစဥ် ငွေကြေး ပြဿနာအပြင် ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့အတွက် Visa လုပ်ပေးမယ်ဆိုပြီး ငွေကြေးတွေရယူခဲ့ပေမယ့် အမှန်တကယ် ပြုလုပ်ပေးတာမရှိသလို ငွေပြန်ပေးတာမျိုးလည်း မရှိတဲ့ပြဿနာတွေ ထပ်ရှိနေသေး တယ်လို့ ငွေကြေးဆုံးရှုံး နစ်နာခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
ပြည်ပနိုင်ငံမှာ အလုပ်အကိုင်ကောင်းကောင်းရရှိပြီး လုပ်ကိုင်ရမှာ ဖြစ်လို့ အလုပ်လုပ်လိုပါက ငွေအကြေသွင်းပြီး Visa လျှောက်နိုင်ကြောင်း ပြောဆိုခဲ့တဲ့အတွက် ငွေအကြေပေးသွင်းခဲ့ကြတာ ဖြစ်ကြောင်း ၊ ငွေပေးသွင်းပြီးချိန်ကတည်းက ခုထိဆိုရင် တနှစ်နီးပါးလောက်အထိကြာမြင့်လာပေမယ့် Visa လည်း မရသလို ပေးသွင်းငွေတွေလည်း ပြန်မရဘူးလို့ သိရပါတယ်။
” သူတို့ရုံးက ဘယ်လောက်မှ မကြာဘူး ပြောတာ။ ၄ လ ၅လ ဘဲကြာမှာတဲ့ ပြောတာ ။ အခွင့်အရေးတွေလည်း အရမ်းကောင်းတယ် ဆိုပြီးပြောတယ်။အဲတာနဲ့ ညီမတို့လည်း အဟုတ်မှတ်ပြီး EUO 2000 အရင်သွင်းရတယ် ။ တချို့ကျတော့ 3000သွင်းထားကြတယ် ။ အဲတာနဲ့စောင့်နေလိုက်တာ အခု တနှစ်ပြည့်တော့မယ် ။ ဘာဆိုဘာမှကို မကြားတော့ဘူး ။ ခုဆို စာပို့လည်းမကြည့် ၊ဖုန်းခေါ်လည်းဖုန်းမကိုင်ဘူး ။ လောလောဆယ်ဆယ် ညီမသိရသလောက်တင် ၁၅ ယောက်ရှိတယ်။ မသိသေး တဲ့လူတွေ ဘယ်လောက်တောင်ရှိဦးမလည်းမသိဘူး။
ညီမဆို သူများဆီကချေးပြီးသွင်းထားတာ။ တချို့ဆို အတိုးယူပြီးသွင်းထားကြတဲ့လူတွေ ၊ ရှိသမျှပစ္စည်းပေါင်နှံပြီးသွင်းထားလူတွေရှိတယ်။တစ်ချိူ့လည်း ပြန်တောင်းနေတာ 11လပိုင်းတုန်းကတည်းကပဲ။ ဟိုရွှေ့ဒီရွှေ့နဲ့ ပြန်မပေးဘူး။Work Visa သမားတွေချည်းပဲ။အေဂျင်စီက တာဝန်ယူမူမရှိဘဲ ရှောင်နေတာ သူတို့နဲ့ ဘာအဆက်သွယ်မှမရဘူး။ “လို့ EU visa ရဖို့ ငွေသွင်းထားပေမယ့် ဘာမှပြန်မရဘဲ နစ်နာဆုံးရှုံးနေရသူ တယောက်က ပြောပါတယ် ။
Pack & Go Easy Travel ကုမ္ပဏီက ဝန်ဆောင်မှုပေးတဲ့ Visa လျှောက်ထားတဲ့ အစီအစဥ်ကို ယုံကြည်ပြီး Work Visa လျှောက်ဖို့ ငွေတဝက်သွင်းထားသူ ၊ ငွေအပြည့်အကြေသွင်းထားသူအများစုမှာ ငွေပြန်မရဘဲ နစ်နာနေကြရတာ ဖြစ်တယ်လို့သိရပါတယ် ။
ဒါကြောင့် လက်ရှိမှာ Visa ပြုလုပ်ဖို့အတွက် ငွေကြေးပေးသွင်းထားရပေမယ့် Visa လည်းမရသလို ငွေလည်းပြန်မရတဲ့အတွက် နစ်နာဆုံးရှုံးသူတွေက ရဲစခန်းမှာ တိုင်ကြားတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“သူတို့ချိန်းတဲ့အချိန်သွားတော့လည်း မအားဘူးဆိုပြီး ထွက်မတွေ့ဘူး ။အခု တချိူ့လူတွေကတော့ ရန်ကုန်မှာ အမူ့ဖွင့်ထားတယ်။ ညီမတို့တော့ တချက်စောင့်ကြည့်နေတာ ညီမတို့လည်း ဘာမှမထူးရင် အမူ့ဖွင့်တော့မှာပါ။ စာချုပ်ချုပ်တုန်းက ငွေသွင်းထားတဲ့ စာရွက်တွေအကုန်ရှိတယ်။ ” လို့ သူက ထပ်မံ ပြောပါတယ် ။
Pack & Go Easy Travel ကုမ္ပဏီဘက်ကတော့ travel package ဝယ်ယူထားသူတွေကိုသာ ငွေပြန်အမ်းမယ်အကြောင်း စာထုတ်ပြန်ထားတာ တွေ့ရပြီး Visa ကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စကိုတော့ ထည့်သွင်းပြောဆိုထားတာမျိုးမတွေ့ရပါဘူး။
Pack & Go Easy Travel ကုမ္ပဏီဟာ Visa ဝန်ဆောင်မှုပေးရာမှာ မိမိသွားမယ့်နိုင်ငံအလိုက် နိုင်ငံသား ဖြစ်ခွင့်ရနိုင်တယ်ဆိုတဲ့အထိ ပြောဆိုပြီး ငွေအကြေသွင်းခိုင်းတာမျိုးရှိတယ်လို့ သိရပါတယ် ။
” သူတို့က အလုပ်ခေါ်တယ်။တယောက်ထဲသွားတာထက် မိသားစုလိုက်သွားတာက citizenship ရမယ်ဆိုပြီး မက်လုံးပေးတယ်။ အဲဒါနဲ့ ပတ်စ်ပို့စာအုပ်တွေဘာတွေ ယူတယ်။ ဗီဇာလျှောက်တဲ့အချိန်ကျ ပိုက်ဆံအပြည့်သွင်းရမယ်ပြောတယ် ။ ပိုက်ဆံအပြည့် မသွင်းရင် ဗီဇာ မလုပ်ပေးဘူးဆိုတော့ ဟိုက အိမ်ရောင်းပြီး ပိုက်ဆံ သွင်းလိုက်တယ် ။သိန်း ၈၀၀ လောက်လို့ပြောတယ်။ သူတို့ အတော်လေးဒုက္ခရောက်နေတယ်။မပြေလည်ဘူး ။မကျေနပ်ဘူး။ သူတို့က ပိုက်ဆံပြန်ပေးမယ်သာပြောတာ တယောက်မှ ရတဲ့သူမရှိသေးဘူး ။ ” လို့ နစ်နာဆုံးရှုံးမှုဖြစ်ခဲ့သူတယောက်က ပြောပါတယ်။
Pack & Go Easy Travel ကုမ္ပဏီဟာ Visa ကိစ္စအပြင် ပြည်ပခရီးစဥ်တွေအတွက် Travel Package ဝယ်ယူထားသူတွေဆီက ငွေရယူထားပြီး ခရီးစဥ်ကို ပို့ပေးတာမျိူးမရှိခြင်း ၊ ခရီးစဥ်ကို အသွားတကြောင်းလက်မှတ်ဖြတ်ပြီးသာ ပို့ပြီး ကျန်တဲ့ အပြန်လက်မှတ် ၊ ဟိုတယ် စတဲ့ ကိစ္စတွေအတွက် တာဝန်မယူတဲ့ ပြဿနာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီအတွက်လည်း နစ်နာဆုံးရှုံးသူ တွေက သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်ကြားမှုရှိနေသလို ဟိုတယ်နှင့်ခရီးသွားဌာနကိုလည်း ဖုန်းနဲ့အသိပေး တိုင်ကြားမှုရှိထားတယ်လို့ သိရပါတယ်။
အခုဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အခြေအနေကို သိရှိနိုင်ဖို့ Pack & Go Easy Travel ကုမ္ပဏီ ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပါဘူး ။
