မေ ၅ ၊ ၂၀၂၆
CC ( VOM)
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှာ ကူးစက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ အယောက် ၄၀ ကျော်အထိရှိထားပြီး ဆေးရုံမှာ သီးခြားကုသမှု ပေးနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ရောဂါဖြစ်ပွားသူတွေထဲက ၃၈ ယောက်ကို ကျိုက္ခမီဆေးရုံမှာ သီးခြားထားရှိပြီး ကူသမှုပေးနေကာ နောက်ထပ် လေးယောက်ကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့် ကုသမှုပေးနေတယ်လို့ သိရပါတယ်။
ကူးစက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေဟာ ကျိုက္ခမီမြို့ ၊ အောင်ချမ်းသာ ရပ်ကွက်က ရေလုပ်သားနဲ့ မိသားစုဝင်တွေ ဖြစ်ပြီး လက်ရှိမှာတော့ ရောဂါကူးစက်မှုကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
” လူနာတွေကိုခွဲပြီးကုသမှုပေးနေတယ်။ အခုအခြေအနေက အေးအေးဆေးဆေးငြိမ်သွားပြီ ။ အကုန်လုံးထိန်းနိုင်သွားပြီ ။ ဖြစ်ရတဲ့အကြောင်းအရင်းကိုမေးကြည့်တော့ အောင်သုခမှာ ရေရှားပါးမှုဖြစ်တယ်။ ရေလုပ်သားတွေများတယ်။ ပတ်ဝန်းကျင် မသန့်ရှင်းမှုတွေကြောင့် စဖြစ်တယ်သိရတယ်။.ဖြစ်ဖြစ်ချင်းမှာ ဆေးရုံဆေးခန်းမသွားပဲ ကိုယ့်ဘာသာဆေးသောက်နေတာကနေ တခြားသူတွေကိုပါ ကူးစက်သွားတယ် သိရတယ်။ ရောဂါကူးစက်သူတွေထဲမှာ အမျိုးသားရော အမျိုးသမီးရောပါတယ်။ ” လို့ ကျိုက္ခမီဆေးရုံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် နိုင်သန်းရွှေကပြောပါတယ်။
လက်ရှိမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ အားလုံးက ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး စိုးရိမ်စရာမရှိပေမယ့် စိတ်ချရတဲ့အထိ ဆေးရုံမှာ ထားရှိပြီး ဆေးကုသမှုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားတဲ့ အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်တွေကို ဆေးဖြန်းခြင်း ၊ရေတွင်း ရေကန်တွေကို ကလိုရင်းဆေးခတ်တာတွေ လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ကျိုက္ခမီမြို့နယ်မှာ ပြီးခဲတဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတုန်းကလည်း ရေလုပ်သား ရာနဲ့ချီပြီး ကူးစက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး အဲဒီကမှ ရောဂါ ပြင်းထန်တဲ့အတွက် သေဆုံးသူ ခြောက်ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရောဂါပိုးပါရှိတဲ့ မသန့်ရှင်းတဲ့ရေ ၊အစားအသောက်ကို စားသောက်မိတာကနေ တဆင့်ကူးစက်ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါအသွင်လည်း. ဖြစ်ပွားတတ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာတွေက အရည်ဝမ်းသွားခြင်း ၊အော့အန်ခြင်း၊အားအင်ကုန်ခမ်းခြင်း ၊ကြွက်တက်ခြင်း ၊သတိလစ်ခြင်း ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက နီးစပ်ရာဆေးရုံ ဆေးခန်းကို အချိန်မီသွားရောက်ပြသဖို့လိုကြောင်း ၊ ဆေးကုသမှုမခံယူပါက အသက်သေဆုံးနိုင်တဲ့အပြင့ မိသားစုဝင်တွေကို ကူးစက်ခြင်း ၊ ဘေးပတ်ဝန်းကျင်နေထိုင်သူတွေကို ထပ်မံကူးစက်နိုင်တယ်လို့ သိရပါတယ်။
” ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ဓာတ်ဆားရည် မဖြစ်မနေသောက်ပါ ။ နွေရာသီ ဝမ်းပျက်ဝမ်းလျှောတာမျိုးက သူ့ဘာသာပဲ ပြန်ပြီးသက်သာသွားတာများတယ်။ အဲဒီလိုပြောပေမယ့်လည်း ပေါ့လို့မရဘူး ။ အခြေအနေကြည့်ရမယ်။ ဝမ်းပျက်ဝမ်းလျှောတာ ပြင်းထန်ရင် ဖြစ်တာက နှစ်ရက် ၊သုံးရက်အထိ သက်သာမလာဘဲ ဝမ်းသွားချိန် သွေးပါလာရင် ဆေးရုံဆေးခန်း အမြန်ဆုံး ပြဖို့လိုပါတယ်။ ကလေးတွေဆိုပို အရေးကြီးပါတယ်။ ” လို့ အထွေထွေရောဂါကုဆရာဝန် တယောက်က ပြောပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အစားအစာကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးခြင်း ၊ ယင်မနားအောင် ထားရှိခြင်း ၊ အစားအစာများမကိုင်မီနဒ့ အစားအစာများကိုမပြင်ဆင်မီ၊ အစာမစားမီ၊ အိမ်သာအသုံးပြုပြီးချိန်တိုင်း နဲ့ အညစ်အကြေးကိုင်တွယ်ပြီးချိန်တိုင်း လက်ကို ဆပ်ပြာသုံးပြီး စနစ်တကျဆေးကြောဖို့ လိုအပ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
