ပခုက္ကူမြို့နယ်မှာ ရပ်​​ကျေးအုပ်ကြီးအသစ်​တွေ ဒီလထဲ​ရွေးမယ်

PL(VOM)
​မေ ၁၅-၂၀၂၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာ​တွေအတွက် ရွေးချယ်ခန့်အပ်ရေးလုပ်ငန်းစဉ်​တွေကို မေလအတွင်း အပြီးသတ်ဆောင်ရွက်သွားမယ့်အ​ကြောင်း မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူ​တွေဆီက သိရပါတယ်။
ပခုက္ကူမြို့နယ်မှာ ရပ်ကွက်စုစုပေါင်း (၃၅) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၅၆) အုပ်စုရှိတဲ့အနက် ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက် (၁၅) ခုက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်​တွေကို ပြည်သူ့ဆန္ဒနဲ့အညီ မဲခွဲဆုံးဖြတ်တဲ့စနစ်ဖြင့် ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် နယ်မြေအေးချမ်းမှုမရှိတဲ့နေရာဒေသ​တွေကို လုံခြုံရေးအခြေအနေအရ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ တိုက်ရိုက်ခန့်အပ်တာမျိုးလုပ်မယ်လို့ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးဦး‌အောင်စိုးမိုးက ပြောပါတယ်။
​မဲစနစ်နဲ့ ရွေးချယ်မယ့် ရပ်ကွက်​တွေမှာ ပထမအ​နေနဲ့ ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖ​တွေထဲက ကြီးကြပ်ရေးကော်မတီဝင် (၅) ဦးကို စိစစ်ရွေးချယ်ပြီးနောက် ကြီးကြပ်ရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ လမ်းအလိုက် တာဝန်ယူမယ့် ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးမ​တွေကို ဥပဒေနှင့်အညီ ဆက်လက်စိစစ် ရွေးချယ်သွားမယ်လို့သိရပါတယ်။
​ရပ်ကွက် အုပ်ချုပ်ရေးယန္တရားအတွက် အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ​တော့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ရာအိမ်မှူး​တွေထဲက​နေ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆိုပြုခံရသူ​တွေကို ရပ်ကွက်နေပြည်သူ​တွေက မဲခွဲဆုံးဖြတ် ရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။
​အဲလို မဲပေးရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှုရှိစေ​ရေးနဲ့ ကိုယ်စားပြုမှု မှန်ကန်စေ​ရေးအတွက် အိမ်ထောင်စုတစုကို အသက် (၁၈) နှစ်ပြည့်ပြီးသူ (၁) ဦးကသာ မိသားစုကို ကိုယ်စားပြုပြီး ဆန္ဒမဲပေး ရွေးချယ်ရမယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ်အတွင်းမှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု စုစုပေါင်း ၉၁စုဖြစ်ပြီး ပခုက္ကူမြို့​ပေါ် ၁၅ရပ်ကွက်နဲ့ ကံမ ၁၂ရပ်ကွက်၊ မြစ်‌‌‌ခြေ ၈ ရပ်ကွက်‌၊ ကျေးရွာအုပ်စု ၅၆အုပ်စုရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW