MT(VOM)
ဘောလုံးဆိုတာ ကွင်းအစိမ်းရောင်ပေါ်မှာ ယောက်ျားရင့်မားကြီး (၂၂)ယောက် လေမှုတ်ထားတဲ့ သားရေလုံးလေးတစ်လုံးနောက်ကို ပြေးလိုက်ကြ၊ ကန်ကြတဲ့ ကစားပွဲသက်သက်ပဲ ထင်ပါသလား။ မဟုတ်ဘူး၊ ဘောလုံးပွဲတွေ ဟာ အားကစားသမားစိတ်ဓာတ်နဲ့ ကမ္ဘာကြီးကို စည်းလုံးစေတာ လို့ အကောင်းဘက်က လှည့်တွေးမလား။
ကျနော်ကတော့ အဲ့ဒီလို မထင်ဘူး။ ဘောလုံးပွဲ၊ အထူးသဖြင့် လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကြီးတွေဟာ စိမ်းလန်းနေတဲ့ မြက်ခင်းတုတွေ၊ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေရဲ့ နောက်ကွယ်မှာ သွေးချောင်းစီးခဲ့တဲ့ သမိုင်းတွေ၊ နိုင်ငံတော်အဆင့် မာနတွေ၊ ဩဇာအာဏာ လုပွဲတွေနဲ့ ပထဝီနိုင်ငံရေးရဲ့ အရှုပ်အထွေးတွေ အပြည့်ရှိနေတဲ့ ‘စစ်တလင်း’ တစ်ခုပဲလို့ မြင်မိတယ်။ ဘောလုံးဟာ သေနတ်သံမထွက်တဲ့ စစ်ပွဲပဲ။
ကမ္ဘာ့ဖလားသမိုင်းကို အစကနေ နိုင်ငံရေးမျက်မှန်တပ်ပြီး ပြန်ကောက်ကြည့်ရအောင်ပါ။
၁၉၃၀ ခုနှစ် ဥရုဂွေး နိုင်ငံ မှာ ကျင်းပတဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာ ကတည်းက ပထဝီနိုင်ငံရေး ကွဲအက်ကြောင်း က စပြီး ပါလာခဲ့ပြီးသားပါ။
၁၉၃၀ ပြည့်နှစ် ဥရုဂွေးပြိုင်ပွဲဟာ အားကစားသမိုင်းပညာရှင်တွေ ပြောသလို ရိုမန်းတစ်ဆန်ဆန် သန့်ရှင်းဖြူစင်စွာ စတင်ခဲ့တာ မဟုတ်ပါဘူး။
အစကတည်းက ဥရောပနဲ့ တောင်အမေရိကကြားက ပထဝီနိုင်ငံရေး အားပြိုင်မှု၊ စီးပွားရေး မာနနဲ့ လူမျိုးကြီးဝါဒတွေ ရောပြွမ်းနေတဲ့ ပွဲဦးထွက်ဖြစ်ခဲ့တယ်။
ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျူးလစ်ရီမေး (Jules Rimet) က ပထမဆုံး ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ဥရုဂွေးကို ရွေးချယ်လိုက်ကတည်းက ဥရောပအင်အားကြီးနိုင်ငံတွေက မကျေနပ်ကြဘူး။ အကြောင်းပြချက်ကတော့ ဥရုဂွေးဟာ ၁၉၂၈ လွတ်လပ်ရေးရာပြည့်ပွဲ ကျင်းပနေတာဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံဖို့အတွက် ကစားသမားတွေရဲ့ ခရီးစရိတ်နဲ့ တည်းခိုစရိတ်အားလုံးကို စိုက်ထုတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့လို့ပဲ။ ဒါပေမဲ့ တကယ့် ဇာတ်မြစ်က ဥရောပသားတွေရဲ့ မာနပါပဲ။ သူတို့က ကမ္ဘာ့ဘောလုံးလောကရဲ့ ဗဟိုချက်ဟာ ဥရောပပဲ ဖြစ်ရမယ်လို့ ယုံကြည်ထားကြတာပါ။၁၉၂၉ ခုနှစ် အမေရိကန် စတော့စျေးကွက် ပြိုလဲမှုကစလို့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး (Great Depression) ကြောင့် အခြေအနေ ကျပ်တည်းနေချိန်မှာ အတ္တလန္တိတ်သမုဒ္ဒရာကို သင်္ဘောစီးပြီး သီတင်းပတ် နှစ်ပတ်ကျော် ဖြတ်သန်းရမယ့် ခရီးရှည်ကြီးကို မသွားချင်ကြဘူး။
ရလဒ်ကတော့ အီတလီ၊ စပိန်၊ ဂျာမနီ၊ နယ်သာလန် စတဲ့ ဥရောပ အင်အားကြီးနိုင်ငံတွေက ပြိုင်ပွဲကို သပိတ်မှောက် (Boycott) ခဲ့ကြတယ်။ ဂျူးလစ်ရီမေးက သံတမန်ရေးနည်းလမ်းမျိုးစုံနဲ့ ဖိအားပေး ဆွဲဆောင်ခဲ့လို့ နောက်ဆုံးမိနစ်ကျမှ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ ယူဂိုဆလားဗီးယားနဲ့ ရိုမေးနီးယား စတဲ့ ဥရောပ ၄ သင်းပဲ သင်္ဘောတစ်စင်းတည်း အတူစီးပြီး လာခဲ့ကြရတယ်။
ဗိုလ်လုပွဲ ရောက်တော့ ပထဝီ နိုင်ငံရေးနဲ့ အိမ်နီးချင်း ရန်ငြိုးက ပိုပြင်းထန်လာတယ်။ အိမ်ရှင် ဥရုဂွေးနဲ့ အာဂျင်တီးနားတို့ တွေ့ကြတာ။ အာဂျင်တီးနား ပရိသတ် သောင်းနဲ့ချီပြီး မွန်တီဗီဒီယို (Montevideo) ဆိပ်ကမ်းကို သင်္ဘောတွေနဲ့ ဆင်းလာကြတာ “နိုင်ရင်နိုင်၊ မနိုင်ရင် သေ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့တဲ့။ အာဂျင်တီးနားရဲ့ ကစားသမား လူးဝစ် မွန်တီ (Luis Monti) ဆိုရင် ပွဲမတိုင်ခင် ဥရုဂွေးလူမိုက်တွေရဲ့ လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရလို့ စိတ်ဓာတ်တွေ ပျက်ပြားခဲ့ရတယ်။ ဒိုင်လူကြီးအဖြစ် ကိုင်တွယ်ရမယ့် ဘယ်လ်ဂျီယမ်လူမျိုး ဂျွန်လန်ဂန်းနပ်စ် (John Langenus) ဆိုရင်လည်း သူ့အသက်အန္တရာယ်အတွက် ကြောက်လန့်လွန်းလို့ ကွင်းပြင်မှာ အရေးပေါ်ထွက်ပြေးဖို့ သင်္ဘောတစ်စင်းကို အဆင်သင့် ပြင်ခိုင်းထားခဲ့ရတယ်။ နောက်ဆုံး ဘောလုံးကိုတောင် ကိုယ့်ဘောလုံးနဲ့ကိုယ် ကန်မယ်ဆိုပြီး ငြင်းခုံကြလို့ ပထမပိုင်းကို အာဂျင်တီးနားဘောလုံး၊ ဒုတိယပိုင်းကို ဥရုဂွေးဘောလုံးနဲ့ ကန်ခဲ့ရတဲ့အထိ ကမ္ဘာ့ဖလားရဲ့ အစဦးဟာ ပထဝီနိုင်ငံရေး အာဃာတတွေနဲ့ တင်းမာခဲ့ပါတယ်။
အာဏာရှင် တွေရဲ့ စစ်တလင်း
ဥရုဂွေးက စိုက်ပျိုးခဲ့တဲ့ နိုင်ငံရေးမျိုးစေ့ဟာ ၁၉၃၄ ခုနှစ် အီတလီ ကမ္ဘာ့ဖလားပွဲမှာတော့ အဆိပ်ပင်အဖြစ် သီးပွင့်လာခဲ့တယ်။ အဲဒီအချိန်မှာ အီတလီကို ဖက်ဆစ်အာဏာရှင် ဗီနီတို မူဆိုလိုနီ (Benito Mussolini) က အုပ်ချုပ်နေတာပါ။ မူဆိုလိုနီဟာ ဘောလုံးကို သူ့ရဲ့ ဖက်ဆစ်ဝါဒ အောင်ပွဲခံဖို့နဲ့ အီတလီလူမျိုးတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အစွန်းရောက်အောင် မြှင့်တင်ဖို့ ဝါဒဖြန့်ချိရေး ကိရိယာတစ်ခုလို သုံးခဲ့တယ်။ အီတလီအသင်းသားတွေကို “နိုင်အောင်ကန်၊ မနိုင်ရင် သေဖို့သာပြင်” (Vincere o Morire) ဆိုပြီး ကြေးနန်းရိုက်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ကွင်းထဲက ဆွီဒင်လူမျိုး ဒိုင်လူကြီး အိုင်ဗန် အီလင်း (Ivan Eklind) တောင် မူဆိုလိုနီရဲ့ ရိပ်ပြချက်အောက်မှာ ပွဲစဉ်တွေကို ဆုံးဖြတ်ခဲ့ရတယ်လို့ သမိုင်းက ဆိုကြတယ်။
၁၉၇၈ ခုနှစ် အာဂျင်တီးနား ကမ္ဘာ့ဖလား ဆိုရင်လည်း တစ်မျိုးတစ်ဘာသာ။ ဗိုလ်ချုပ်ကြီး ဟိုဆေး ဗီဒဲလား (Jorge Rafael Videla) ရဲ့ စစ်အာဏာရှင်အစိုးရဟာ နိုင်ငံသားတွေကို ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်နေတာတွေကို ဖုံးကွယ်ဖို့ ကမ္ဘာ့ဖလားကို အသုံးချခဲ့ပြန်တယ်။ ပြိုင်ပွဲ ကျင်းပနေတဲ့ ကွင်း နဲ့. မီတာအနည်းအကွာ က ESMA ညှဉ်းပန်းနှိပ်စက်ရေးစခန်းမှာ လူတွေ သွေးစွန်းနေချိန်မှာ၊ ကွင်းထဲမှာတော့ ပရိသတ်တွေက စက္ကူစတွေ ကြဲပြီး အောင်ပွဲခံခဲ့ကြတာဟာ သမိုင်းရဲ့ ရင်နာစရာ ပြက်လုံးတစ်ခုပါပဲ။
စစ်အေးကာလ ကမ္ဘာ့ဖလား
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ကမ္ဘာကြီးဟာ အရင်းရှင်အုပ်စုနဲ့ ကွန်မြူနစ်အုပ်စုဆိုပြီး နှစ်ခြမ်းကွဲသွားတယ်။ စစ်အေးတိုက်ပွဲ ကာလ ပေါ့။ စစ်အေးတိုက်ပွဲ ရဲ့ ရောင်ပြန်ဟပ်မှု တွေကလည်း ဘောလုံးကွင်းထဲကို ရောက်လာတာပါပဲ။
၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ အနောက်ဂျာမနီနဲ့ အရှေ့ဂျာမနီတို့ ထိပ်တိုက်တွေ့ကြတယ်။ ဝါဒနှစ်ခု၊ စနစ်နှစ်ခုရဲ့ တိုက်ပွဲကို ဘောလုံးကွင်းထဲမှာ အကြိတ်အနယ် ဆင်နွှဲခဲ့ကြတာ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ၁၉၈၆ ခုနှစ် မက္ကဆီကို ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ ကစားတဲ့ပွဲဟာ ကမ္ဘာကျော်ပွဲပါပဲ။ ဒီယေဂို မာရာဒိုနာ (Diego Maradona) ရဲ့ ‘ဘုရားသခင်ပေးတဲ့လက်’ (Hand of God) ဂိုး ရှိခဲ့တဲ့ပွဲ။
အဲဒီပွဲ မတိုင်ခင်လေးတင် ၁၉၈၂ ခုနှစ်မှာ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ဟာ ဖော့ကလန်ကျွန်းစု (Falklands War) ကို လုရင်း စစ်ပွဲဖြစ်ထားကြတာဗျ။ အာဂျင်တီးနားတွေ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့အတွက် ခံပြင်းချက်တွေကို မာရာဒိုနာက ဘောလုံးကွင်းထဲမှာ ကလဲ့စားချေပြခဲ့တာ။ မာရာဒိုနာက နောက်ပိုင်းမှာ ရေးခဲ့တာက… “ဒါဟာ ဘောလုံးပွဲတစ်ပွဲတင် မဟုတ်ဘူး၊ စစ်ပွဲတစ်ခုကို နိုင်လိုက်တာ၊ ကျွန်တော်တို့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ကလဲ့စားချေလိုက်တာ” တဲ့။၁၉၉၈ ခုနှစ် ပြင်သစ်ကမ္ဘာ့ဖလားမှာ ကစားခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ ပွဲစဉ်ဟာလည်း နိုင်ငံရေး ရန်ငြိုးတွေ ကွင်းထဲအထိ ပါလာခဲ့တဲ့ သာဓကတစ်ခုပါပဲ။
ပိုက်ဆံ၊ ရေနံနှင့် ပုံရိပ်လျှော်ဖွတ်ခြင်း (Sportswashing)
ဒီဘက်ခေတ်ကို ရောက်လာတော့ ပထဝီနိုင်ငံရေးဟာ ငွေကြေးအာဏာ၊ စွမ်းအင်အာဏာတွေနဲ့ ပူးတွဲလာတယ်။ ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားကို ကြည့်ပါ။ ဗလာဒီမီယာ ပူတင် (Vladimir Putin) ဟာ ရုရှားရဲ့ ဩဇာအာဏာနဲ့ ခေတ်မီမှုကို ကမ္ဘာကို ပြချင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ၂၀၂၂ ခုနှစ် ယူကရိန်းကို ကျူးကျော်တဲ့အခါကျတော့ ရုရှားဟာ ကမ္ဘာ့ဘောလုံးလောကကနေ ဖယ်ထုတ်ခြင်း ခံလိုက်ရပြန်ပါတယ်။
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဆိုရင်လည်း အရှေ့အလယ်ပိုင်းရဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံချမ်းသာကြွယ်ဝမှု၊ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို ကမ္ဘာ့အလယ်မှာ အသိအမှတ်ပြုလာအောင် ‘Sportswashing’ လို့ ခေါ်တဲ့ အားကစားနည်းနဲ့ ပုံရိပ်လျှော်ဖွတ်မှုကို ပြောင်ပြောင်တင်းတင်း လုပ်ခဲ့တာပဲ။ ကာတာဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကမ္ဘာ့ဖိအားကို ဘောလုံးပွဲကြီးနဲ့ လွှဲဖယ်ပစ်ခဲ့တာပါပဲ။
၂၀၂၆ မြောက်အမေရိက ကမ္ဘာ့ဖလား
ကဲ… အခု ကျေနော်တို့ မကြာခင် ရက်ပိုင်းအတွင်း ကြည့်ရှုအားပေးကြရတော့မယ့် ၂၀၂၆ မြောက်အမေရိက ကမ္ဘာ့ဖလား ပြိုင်ပွဲကိာ ကြည့်ရအောင်။ ဒီနှစ် ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ မြောက်အမေရိက သုံးနိုင်ငံ ပူးတွဲကျင်းပကြတာ။ ဒါပေမဲ့ အဓိက သြဇာအာဏာနဲ့ အချက်အချာကတော့ အမေရိကန်ပြည်ထောင်စုပဲပေါ့။
ကမ္ဘာ့အင်ပါယာကြီးဖြစ်တဲ့ အမေရိကန်မြေပေါ်မှာ ကျင်းပတဲ့ပွဲဆိုတော့ နိုင်ငံရေးက ပိုပြီးတော့တောင် ဇာတ်နာလှပါသေးတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ သူ့ရဲ့ ရန်သူ၊ ဒါမှမဟုတ် သူနဲ့ အဆင်မပြေတဲ့ နိုင်ငံတွေကို စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့အရေးယူမှုတွေ (Sanctions) လုပ်ထားတာ အားလုံးအသိပဲ။ အဲဒီ ပိတ်ဆို့မှုတွေက အခု ဘောလုံးကွင်းထဲအထိ ပြင်းပြင်းထန်ထန် သက်ရောက်မှု ရှိနေပြနေပါပြီ။
ဥပမာအားဖြင့် အမေရိကန်နဲ့ ထိပ်တိုက်တွေ့နေတဲ့ အီရန် (Iran)၊ မြောက်ကိုရီးယား (North Korea)၊ ဒါမှမဟုတ် ဆီးရီးယား (Syria) နဲ့ ဗင်နီဇွဲလား (Venezuela) လို နိုင်ငံတွေက ကစားသမားတွေ၊ နည်းပြတွေနဲ့ ဒိုင်လူကြီးတွေဟာ အမေရိကန်မြေပေါ်ကို ခြေချဖို့ ဗီဇာ (Visa) လျှောက်တဲ့နေရာမှာတင် တော်တော်လေး တင်းကျပ်တဲ့ စစ်ဆေးမှုတွေ၊ ကန့်သတ်ချုပ်ချယ်တာတွေကို ရင်ဆိုင်နေရတယ်။ အီရန်အမျိုးသားအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မက်ဒီ တာရေမီ (Mehdi Taremi) တို့လို ကစားသမားမျိုးတွေ၊ သို့မဟုတ် အမေရိကန်ရဲ့ ပိတ်ဆို့မှုစာရင်း (OFAC List) ထဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတဲ့ အားကစားတာဝန်ခံတွေဟာ ပြိုင်ပွဲဝင်ဖို့အတွက် သံတမန်ရေးရာ တံတိုင်းကြီးတွေကို ကျော်ဖြတ်နေရတယ်။
ကွင်းလယ်ဒိုင်လူကြီးတွေ၊ စည်းကြပ်ဒိုင်တွေဆိုရင်လည်း ပိုဆိုးတာပေါ့။ အမေရိကန်နဲ့ အဆင်မပြေတဲ့ အာရှနဲ့ အာဖရိက ကုန်းတွင်းပိုင်းက နိုင်ငံတချို့က နိုင်ငံတကာဒိုင်လူကြီးတွေဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေတွေအရ ဗီဇာငြင်းပယ်ခံရတာ၊ ဒါမှမဟုတ် အမေရိကန်မြေပေါ်မှာ ငွေကြေးသုံးစွဲခွင့်၊ ဘဏ်အကောင့်ဖွင့်ခွင့် ကန့်သတ်ခံရတာတွေ ရှိနေတယ်။ အမေရိကန်အစိုးရကတော့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (FIFA) ကို အကြောင်းပြတာက “ဒါဟာ အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးအရ ဥပဒေကြောင်းအရ ကန့်သတ်ရတာပါ” တဲ့။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ဒါဟာ ပထဝီနိုင်ငံရေး ကစားကွက်တစ်ခုပဲ။ ကိုယ်နဲ့ နိုင်ငံရေးအရ အဆင်မပြေတဲ့ နိုင်ငံက ကစားသမားတွေ၊ တာဝန်ရှိသူတွေကို အားကစားကွင်းအထိ သြဇာပြလိုက်တာပဲ။
ဘောလုံးဆိုတာ လူမျိုးစုတွေ၊ ဝါဒတွေ၊ နိုင်ငံရေးစနစ်တွေ အားလုံးကို ကျော်လွန်ပြီး လူသားချင်း စာနာထောက်ထားမှုနဲ့ ချစ်ကြည်ရေးကို ဖော်ဆောင်ရမယ့် သန့်ရှင်းတဲ့ ကစားပွဲတစ်ခု ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကို ဩဇာလွှမ်းမိုးချင်တဲ့ အင်အားကြီးနိုင်ငံတွေကတော့ ဘောလုံးကွင်းကို သူတို့ရဲ့ ပထဝီနိုင်ငံရေး ကစားကွက်တွေ ရွှေ့ဖို့ စတုရင်ကွက်တွေလိုပဲ သဘောထားနေကြတုန်းပါပဲ။
၁၉၃၀ ပြည့်နှစ် ဥရုဂွေးကတည်းက စခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ ပထဝီနိုင်ငံရေး အရိပ်မည်းကြီးဟာ အခု ၂၀၂၆ အမေရိကန် ကမ္ဘာ့ဖလားအထိလည်း ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လိုက်ပါ လွှမ်းမိုးနေဆဲပါပဲ။ ဘောလုံးပွဲကတော့ ကန်ကြဦးမှာပါ။ လူတွေကလည်း အော်ဟစ်အားပေးကြဦးမှာပဲ။ ဒါပေမဲ့ အဲဒီ အော်ဟစ်သံတွေရဲ့ နောက်ကွယ်က ညစ်ထေးထေး နိုင်ငံရေး ဇာတ်ညွှန်းတွေကို မြင်အောင်ကြည့်နိုင်ရင်တော့… သန့်ရှင်းတဲ့ အားကစားကွင်းကြီးဟာ ပထဝီနိုင်ငံရေးရဲ့ ဓားစာခံဖြစ်နေရတာကို တွေ့ရလိမ့်မယ် ထင်ပါတယ်။
MT(VOM)
Ref:
1.Wikipedia
2.Foot, J. (2007). Calcio: A History of Italian Football. Fourth Estate.
3.Maradona, D. (2000). Yo Soy El Diego (I am The Diego).
4.Frawley, S., & Adair, D. (2013). Managing the Football World Cup. Palgrave Macmillan.
See less
