ဇွန် ၁၀ ၊ ၂၀၂၆
GG (VOM)
ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တဲ့နေရာမှာ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုတဲ့ အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်နိုင်ဖို့လိုသလို ပြည်သူကလိုလားတဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်ဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။
ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာဟာရပ်ကွက် နဲ့ ကျေးရွာတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေ ၊ တိုင်ကြားချက် နဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာ အစိုးရဌာနတွေဆီ တင်ပြပေးမယ့် အဓိကပုဂ္ဂိုလ်ဖြစ်ပြီး ပြည်သူတွေရဲ့ လုံခြုံရေး ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ်အားလုံးအတွက်လည်း အဓိကဆောင်ရွက်ပေးရသူ ဖြစ်ပါတယ်။
ဒါကြောင့် ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်တဲ့အခါ လူထုကို အမှန်တကယ် အကျိုးပြုမယ့် ၊ လာဘ်စားမှုကင်း အဂတိကင်းရှင်းတဲ့ အုပ်ချုပ်ရေးမှူးကို ရွေးချယ်ခွင့်ရရှိဖို့နဲ့ ရွေးချယ်နိုင်ဖို့ဟာ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ သိရပါတယ်။
” ကျေးရွာပဲ ဖြစ်ဖြစ် ၊ ရပ်ကွက်ပဲ ဖြစ်ဖြစ် အဲဒီက ပြည်သူတွေကိစ္စကို အဓိက လုပ်ပေးရတာ အုပ်ချုပ်ရေးမှူးတွေပါ ။သူတို့ကမှ မြို့နယ်ထွေအုပ်ကို တင်ပြရတာ။ အဲဒီတော့မှ မြို့နယ်က သိရမှာ ။ကျန်တဲ့ လိုအပ်တဲ့ ထောက်ခံသာဘာညာဆိုလည်း အုပ်ချုပ်ရေးမှူးက အဓိကပဲ ။ ပြောရရင် တခုခုဆိုရင် အုပ်ချုပ်ရေးမှူးက ပိုအဓိကကျတယ်။ ပြည်သူ့အကျိုးမပြုတဲ့သူဆိုရင် အလကားပဲ။ နိုင်ငံတော်ကလည်း ပိုက်ဆံပေးထားရတာ အလကားပဲ။ ဒါကြောင့် တကယ်အကျိုးပြုမယ့် သူကိုရွေးကြပါ ။ ” လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတခုရဲ့ တာဝန်ရှိသူက သုံးသပ်ပြောပါတယ်။
လက်ရှိမှာ ဒေသအလိုက် ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့အတွက် လူပုဂ္ဂိုလ် ငါးယောက်ပါတဲ့ ကြီးကြပ်ရေးကော်မတီအဖွဲ့ကို ဖွဲ့စည်းတာတွေ ပြုလုပ်နေသလို တချို့မြို့နယ်က ကျေးရွာနဲ့ရပ်ကွက်တွေမှာတော့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးစီးသွားတာလည်းတွေ့ရပါတယ်။
ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့အတွက် အသိပညာပေးတဲ့လုပ်ငန်းစဥ်တွေနဲ့ ကော်မတီအဖွဲ့ဖွဲ့တာတွေကို မြို့ပေါ် ရပ်ကွက်တွေမှာ အဓိကလုပ်တာတွေ့ရပြီး ကျေးရွာအများစုဘက်မှာတော့ အုပ်ချုပ်ရေးမှူးရွေးတာနဲ့ပတ်သက်လို့ သိရှိမှု အလွန် နည်းတဲ့အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
” ခုထိတော့ ဘာမှ မသိသေးဘူး ။ အုပ်ကြီးကလည်း ဘာမှမပြောသေးဘူး ။ အရင်ကတော့ အုပ်ချုပ်ရေးမှူးပြန်ရွေးမယ်ဆိုရင် အသိပေးတယ်။ ကျွန်တော်တို့အုပ်စုက ငါးရွာရှိတယ်။ အုပ်ကြီးက တခြားရွာက ။ကျွန်တော်တို့ရွာမှာက ရာအိမ်မှူးပဲရှိတာ ။ အခုရာအိမ်မှူးကတော့ အုပ်ချုပ်ရေးမှူးပြန်ရွေးတဲ့ကိစ္စ ဘာမှမပြောသေးဘူး။ အုပ်ချုပ်ရေးမှူးရွေးတာကလည်း ကဲစမ်းမဲထိုးရသလိုပါပဲ ။ ရွာအပေါ်ကောင်းမယ့်သူထင်လို့ ရွေးလိုက်ရင် နောက်ကျ ဒီလိုပါပဲ ။လူတိုင်းက ကိုယ့်ရွာကလူကို အုပ်ချုပ်ရေးမှူးဖြစ်စေချင်တာ။ အကျိုးမပြုရင်တောင် ထောက်ခံစာဘာညာဆို တခြားရွာမသွားရဘူး။ တခုခုဆို ရွာသာချင်းမျက်နာထောက်စရာရှိတယ်လေ ။ ဒါပေမယ့် ခုကတော့ လူများတဲ့ မဲအရေအတွက်များတဲ့ ရွာကလူပဲ အုပ်ချုပ်ရေးမှူးရတာများတယ်။ ” လို့ ပဲခူးတိုင်းအနောက်ခြမ်းက ကျေးရွာဒေသခံတယောက်က ပြောပါတယ် ။
ရပ်ကျေး /ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ ပထမဆုံး ရပ်မိရပ်ဖတွေထဲက လူပုဂ္ဂိုလ်ငါးယောက်ကိုရွေးချယ်ပြီး ကော်မတီဖွဲ့စည်းကာ အဲဒီကော်မတီကမှ ကြီးကြပ်ပြီး ဆယ်အိမ်မှူး ၊ရာအိမ်မှူး ၊ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို အိမ်ထောင်စုတခုမှာ တယောက် မဲပေးရွေးချယ်ခွင့်ရရှိအောင် စိစစ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ရပ်ကျေး / ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ မဲ မသမာမှု မဖြစ်စေရေးအတွက်လည်း ကြီးကြပ်ရေးကော်မတီအဖွဲ့ကနေ စနစ်တကျ ကြည့်ရှုစစ်ဆေးဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်းလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပြီး ၊ ရပ်ကွက်ပေါင်း ၃၄၇၀ နဲ့ ကျေးရွာ အုပ်စုပေါင်း ၁၃၅၉၀ ကျော်ရှိကြောင်း ကျေးရွာပေါင်းအနေနဲ့ဆိုရင် ၆၃၂၁၄ ရွာ ရှိတယ်လို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ စာရင်းအရ သိရပါတယ် ။
ဓာတ်ပုံ – MOI ( သာပေါင်းမြို့နယ်ထဲက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ)
