ဆူးငှက်
တောင်ဥက္ကလာဖိနပ်
———————-
စကားမစပ် ကျွန်တော့်အိမ်သို့ ရန်ကုန်က ဆရာစိန်ခင်မောင်ရီတို့ ဗီဒီယို ရိုက်ကူးရေးအဖွဲ့ လာရောက်တည်းကြပြီး အပြန်တွင်မင်းသား ဆရာသုမောင်က သူ့ဇနီး မအေးဘုံအတွက် တောင်ဥက္ကလာထုတ် အမျိုးသမီးစီး ခွာမြင့်ဖိနပ် ဝယ်ယူအားပေးခဲ့ကြောင်း ရေးသားခဲ့သည်။ ကျွန်တော့်အိမ်က စာအုပ်ဆိုင်မှာ တောင်ဥက္ကလာ အမျိုးသမီးစီးဖိနပ်များ ရောင်ချဖြစ်ခြင်းကို ပြောချင်ပါသေးသည်။ ကျွန်တော့်သားအကြီး တစ်ခါလည်ကျော်တော့ သားအမိသားအဖ ၃ယောက်သား ရန်ကုန်သို့ အလည်အပတ်သွားကြသည်။ ရန်ကုန်ရောက်တော့ ခင်သော်ဇင့်အဒေါ်ရှိရာ ရွှေဘုံသာလမ်း ရဲအရာရှိရိပ်သာမှာ တည်းကြသည်။
ထိုသို့ ရန်ကုန် ရောက်တုန်း ရောက်ခိုက် ရန်ကုန်ရှိ ကျွန်တော့် အမျိုးများရှိရာ တောင်ဥက္ကလာ ၇ရပ်ကွက်သို့ အလည်သွားကြသည်။ သူတို့က ဖိနပ်လုပ်ငန်းရှင်ဖြစ်သည်။ အဓိကထုတ်လုပ်တာက ဖိနပ်အမျိုးမျိုးဖြစ်၏။ ပုံစံတွေက အတော်လှပ ခေတ်မီသည်။ အသက် အရွယ် အမျိုးမျိုးအတွက် ပုံစံအမျိုးမျိုး ခွာအနိမ့်အမြင့် အမျိုးမျိုး အရောင်အသွေး အမျိုးမျိုး ထုတ်လုပ်ကာ တစ်ပြည်လုံးသို့ ဖြန့်သည်။ သည်တော့ ကျွန်တော်လည်း စိတ်ကူးပေါက်ပြီး တောင်ဥက္ကလာက အမျိုးသမီးစီး ဖိနပ်များကို ဝယ်ယူခဲ့ပြီး မန္တလေးက လုပ်သားဖိနပ် အမျိုးသားစီး၊ ရသာတန်းက ကလေးစီးဖိနပ်များနှင့် အတူ အိမ်မှာ ရောင်းချခြင်း ဖြစ်သည်။ မဆိုးလှ။
သူတို့မြေးကို လွမ်းလို့တဲ့
————————-
ထိုသို့ ရန်ကုန်သို့ သွားရောက်ကြစဉ် ဖိနပ်များပါ မှာရတော့ ၁၀ရက်ကျော် ရက်၂၀နီးပါးကြာသွား၏။ အပြန်မှာ ရန်ကုန်က ညနေ ၅အဆန်ရထား စီးအပြန် နောက်ရက် မန္တလေးရောက်တော့ သူ့မြေးကို လွမ်းလွန်းလို့တဲ့ အဖိုးရော အဖွားပါ ဘူတာက တမေ့တမောစောင့်နေကြသည်။ ရထားအဆိုက် ကျွန်တော်တို့ကို မြင်သည်နှင့် အဖွားဖြစ်သူက သူ့မြေးကို အဆင်းထိမစောင့်ဘဲ ပြတင်းပေါက်က ချခိုင်းပြီး ပွေ့ချီသည်။
ထို့နောက် ကျွန်တော်တို့ကိုပင် မစောင့်ဘဲ ခါးထစ်ခွင်ချီပြီး ရှေက သုတ်သုတ်သုတ်သုတ်နှင့် ထွက်သွားလိုက်တာ ခေါ်လို့ပင် မကြားတော့။ ကျွန်တော်တို့က တန်ဆာအပ်ထားသည့် ဖိနပ်သေတ္တာကို ရွေးရတော့ ကြာသည်။ ဒါတောင် ဘာပစ္စည်းတွေလဲဟု ဂိတ်ပေါက်ရှိ လက်မှတ်စစ်က ရစ်နေလို့ ရှင်းပြနေရသေးသည်။ အဖွားဖြစ်သူက သူ့မြေးကို ခါးထစ်ခွင်ချီပြီး ၇၈လမ်း လမ်း၃၀ထိပ်က ဘူတာမှသည် ၇၆လမ်း ၂၇လမ်းရှိ အိမ်ထိ ခြေကျင် လျှောက်ပြန်နှင့်သည်။ ကျွန်တော်တို့က မြင်းလှည်းနှင့် အိမ်ရောက်တော့ မြေးအဖွား၂ယောက်က ရေတစ်ခွက်စီသောက်ပြီး အလွမ်းသယ်နေကြပြီ။
မိဘမေတ္တာ ဓာတ်ပုံပြိုင်ပွဲ
—————————–
ကျွန်တော့်အမေက သူ့မှာ ရှေ့က မြေး ၁၈ ယောက် ရှိနှင့်သော်လည်း ၁၉ယောက်မြောက် မြေး ကျွန်တော့်သား အကြီးကျ အကဲပိုသည်။ တစ်နေ့သား သူ့မြေးကို ချီပြီး ချော့မြူနေခိုက် ကျွန်တော်ကလည်း ဓာတ်ပုံရိုက်အပြန် ဖလင်ဆေး အပ်ဖို့ လက်ကျန်ဖလင်၂ကွက်ခန့်ကို သူတို့ မြေးအဖွားပုံ အမှတ်မထင် ရိုက်လိုက်ပြီး ဖလင်ဖြုတ်လိုက်သည်။ 35 mm ဖလင်၏ ၃၅ ပုံအပြီး E အမှတ်တွင် ရိုက်သော ထိုပုံလေးက အဆင်ပြေနေ၏။ ထို့ကြောင့် ထိုပုံလေးကို မြဝတီ မဂ္ဂဇင်းက ဓာတ်ပုံပြိုင်ပွဲတွင် မိဘမေတ္တာဟူသော ခေါင်းစဉ်ဖြင့် လိုက်ဖက်သည်မို့ ပို့လိုက်ရာ တတိယဆု ရရှိခဲ့သည်။ နောက်လည်း မပြိုင်ဖြစ်ခဲ့။ လက်ကျန်ဖလင်လေး၏ ဓာတ်ပုံတစ်ပုံက ဆုတစ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုသားဦးက ၁၉၈၈တွင် ၃နှစ်သားအရွယ်မို့ သူ့အမေနှင့် ကျုံးထိပ်လမ်းမဘက် ထွက်ကာ အလံတွေမြင်လျှင် ဒို့အရေး ဒို့အရေးဟု မပီကလာင်္ပကလာ အော်တတ်ခဲ့သည်။ အခုလည်း သူ့အဖိုး အဖွားကတွက် သူ့ပြိုင်ဖက်တစ်ယောက် လာချေပြီ။ ၁၉၉၀ခု မေလ ၂၇ရက်နေ့တွင် အိမ်အနီး ၇၇လမ်းနှင့် ၂၇လမ်းထောင့် မူလတန်းကျောင်းရှိ မဲရုံမှာ မဲပေးရန် မနက်၄နာရီကတည်းက ထ၍ တန်းစီတော့ ခင်သော်ဇင်က သားအငယ် ၄လသားကို အိမ်မှာ ထားခဲ့ရ၍ စိတ်မချဖြစ်နေသည်။ နောက်ဆံတငင်ငင်ဖြစ်နေသည့် ခင်သော်ဇင်ကို အတူတန်းစီနေသူ အိမ်နီးချင်းများက စာနာသောကြောင့် အိမ်ပြန်ပြီး ကလေးနို့တိုက်ပါဦး၊ မဲရုံဖွင့်မှ ပြန်လာပါ။ မူလ တန်းစီထားသော နေရာ မပျောက်စေရပါဘူးဟု ပြောကြ၏။
ဤသို့ဖြင့် ထိုနေ့က အားလုံးနီးတူ မဲပေးချင်လွန်းသောကြောင့် ခင်သော်ဇင့်မှာ အိမ်ပြန်နို့တိုက်ပြီး မဲရုံမဖွင့်မီ ၄လသားအငသ်ကို ပွေ့ချီကာ မဲရုံဆီ အပြေးပြန်လာ မဲပေးခဲ့သည်။ တကယ်တော့ ဒုတိယသားငယ်က အဖိုးအဖွား အချစ်ကို ပထမသားကြီးထံက ခွဲယူမည်ဟု ဆိုသော်လည်း သူမွေးသည့် ၁၉၈၉ဇန်နဝါရီ ၅ ရက်နေ့မှာ သူ့အဖိုး မရှိတော့တာ ၁လပင်မပြည့်သေးပေ။ ၁၉၈၈ ခု ဒီဇင်ဘာလ ၁၃ ရက်နေ့က သူ့အဖိုး ကျွန်တော့် အဘ ရုတ်တရက် ကွယ်လွန်ခဲ့သည်။
မှတ်မှတ်ရရ ထိုနေ့က
———————-
၁၉၈၈ အရေးတော်ပုံကာလ ကျွန်တော်က ညကြီးမိုးချုပ်မှ အိမ်ပြန်လာ၊ တချို့ည အိမ်ပြန်မရောက်၊ ထိုစဉ်ကာလ တနင်္ဂနွေနေ့တိုင်း ကဗျာဆရာမမစိမ်းပင်နှင့် ဆုံတွေ့ကာ ရှေ့လုပ်ငန်းများ တိုင်ပင်နေကျတွင် စက်တင်ဘာ ၁၈ရက်၏ တနင်္ဂနွေနေ့၌ အမျိုးသားကျောင်းအနီးရှိ ကဗျာဆရာမအိမ်တွင် စကားပြောခိုက် ၄နာရီတွင် မြန်မာ့အသံ ရေဒီယိုက စစ်ချီသီချင်းများလွှင့်ပြီး ကြေညာချက်များဆက်လွှင့်လိုက်တော့ ကျွန်တော်တို့လည်း လူစုခွဲကာ သတင်းစာခန်းသို့ ပြန်ပြေး သိမ်းဆည်း ဖျောက်ဖျက်ပြီး အိမ်ပြန်ရောက်တော့။ ဗောဓိကုန်းရောက်လိုက်၊ လမ်း၈၀ နှင့် ၁၅လမ်းရောက်လိုက်၊ မင်းကွန်းရောက်လိုက်၊ သင်္ဘောတန်းရောက်လိုက်၊ ပဲဝင်းရောက်လိုက်နှင့် ရက်အတန်ကြာမှ အိမ်ပြန်ရောက်တော့သည်။ အိမ်မှာလည်း တူတော်မောင်တွေရောက်နေ၏။ သူတို့လည်း နေရာနှံ့နေကြပြီ။ တူတော်မောင် တစ်ယောက်က ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားမို့ သူက မတ်လ ၁၃ရက်နေ့ကတည်းက အဆောင်က ရှောင်တိမ်း နေရသည်။ အိမ်ပြန်မရောက်တာကြပေါ့။ အခုတော့ သူလည်း အခြေအနေကိုစောင့်ကြည့်ပြီး မြို့သစ်ရှိ သူ့အိမ်သို့ မပြန်သေးဘဲ ကျွန်တော့် အိမ်ရောက်နေသည်။
ဈေးသွားတော့မည့် အဘ
————————–
ကျွန်တော် အိမ်ပြန်ရောက်တော့ မိမ်အခြေအနေကောင်းပါသည်။ မိဘများနှင့် မိသားစု ကျန်းမာကြသည်။ ရောက်နေသည့် တူတော်မောင်တွေလည်း အန္တရာယ်မရှိ။ စာအုပ်ဆိုင်ကလည်း ပြန်လည်လည်ပတ်နေ၏။ တူတော်မောင် များကလည်း စာအုပ်ဆိုင်မှာ ကူနေကြသည်။ အေးဆေး။ ထိုနေ့က ဒီဇင်ဘာမို့ အအေးပိုသည်။ ကျွန်တော်တို့နိုးလာတော့ အဘက ဈေးသွားဖို့ ပြင်ဆင်နေသည်။ ထုံးစံအတိုင်း အောက်က ဖလန်ထည်လက်ရှည်ရော၊ ပင်နီလက်ရှည်ရောနှင့် အောက်က ဘုတလင်လုံချည်အထူဝတ်ကာ ခြေအိတ်ပင် စွပ်ထားသည်။ လက်ရှည်အင်္ကျီတွေအပေါ်မှာလည်း ပင်နီတိုက်ပုံ အထူ ဝတ်ထား၏။ ခေါင်းမှာက ချည်တဘက်ကပေါင်းထားသည်။
အဘက သူ့အခန်းထဲမှာဈေးသွားဖို့ ငွေစက္ကူလေးတွေ စစ်နေသည်။ ကျွန်တော် အိမ်မှာ မရှိစဉ် အဘက စာအုပ်ဆိုင်က ရငွေကို စုထားပြီး ထိုအထဲက ဈေးဖိုးကို ပြန်စစ်ယူနေခြင်း ဖြစ်သည်။ ကျွန်တော်တို့လည်း အဘဈေးသွားတော့မှာ ဖြစ်လို့ မျက်နှာချင်းဆိုင်က မုန့်ဟင်းခါးဆိုင်သို့ ခင်သော်ဇင်နှင့် ထွက်ခဲ့သည်။ အမေက အိမ်ရှေ့မှာထိုင်ရင်း ပုတီးစိပ်နေ၏။ စက်မှုတက္ကသိုလ်ကျောင်းသား တူတော်မောင်က စာအုပ်ဆိုင်စာပွဲမှာ ထိုင်ရင်း စာအုပ်တစ်အုပ်ဖတ်နေသည်။ သူက ကျွန်တော်တို့ မုန့်စားပြီးမှ လက်ဖက်ရည်ဆိုင် လိုက်သွားမှာတဲ့။ လက်ဖက်ရည်ဆိုင်ကို အခြားတူတော်မောင်များက သွားနှင့်ကြလို့ ဖြစ်သည်။ ကျွန်တော်တို့လည်း အိမ်ရှေ့က ဒေါ်မြရင် ဆိုင်မှာ မုန့်ဟင်းခါးတစ်ပွဲစီ မှာလိုက်ကြသည်။
ဆူးငှက်
