သူတို့အိမ် အခန်း (၁၈၀)

ဆူးငှက်

 

ရွှေဝတ်ရည်မှသည် လူထုသို့
———————————

ရွှေဝတ်ရည်မဂ္ဂဇင်းမှာ စီစစ်ရေးအခက်အခဲ၊ ပုံနှိပ်တိုက် အခက်အခဲများဖြင့် ၃လမှ တစ်ကြိမ်၊ ၅လမှ တစ်ကြိမ်သာ ထုတ်ဝေနိုင်ပြီး အမှတ်စဉ် ၈ အပြီးမှာ ရပ်နားလိုက်ရသည်။ သည်အချိန်မှာပဲ ကျွန်တော် လူထုကြီးပွားရေး စာအုပ်တိုက်၏ အယ်ဒီတာစာပွဲသို့ ရောက်ခဲ့ပါ၏။ အယ်ဒီတာစာပွဲမှာ ကျွန်တော့် အရင် ရောက်နှင့်နေတာက ဆရာကျော်ရင်မြင့် ဖြစ်သည်။ ကျွန်တော်ရောက်တော့ ကိုကျော်စိုးဝင်းက ရန်ကုန်ပြောင်းနှင့်ပြီ။ ကျွန်တော်က သူ့လက်စ အလုပ်တွေ ဆက်လုပ်ရသည်။ ဆရာကျော်ရင်မြင့်ကတော့ ဦးလေးလှစာပွဲက စာမူများ ပြန်စုစည်းတာ၊ ရှာဖွေတာ၊ ထိန်းသိမ်းတာနှင့် ဒေါ်ဒေါ့် အလုပ်တွေကို အများဆုံး ကူရသည်။ အထူးသဖြင့် ဒေါ်ဒေါ့် ရေးပြီးသော လက်ရေးစာမူများကို ဆရာကျော်ရင်မြင့်က လက်နှိပ်စက်ရိုက်ပြီး မဂ္ဂဇင်းတိုက်တွေပို့တာ၊ လက်ခံဖိုင်တွဲတာ၊ မှတ်တမ်းတင်တာတွေ တာဝန်ယူသည်။

လူထု အယ်ဒီတာစာပွဲမှာ ကျွန်တော့်ကို ဒေါ်ဒေါ်စတွေ့တော့ လူသစ်တစ်ယောက်အနေနှင့် မဟုတ်ဘဲ ဒီစာပွဲမှာ အရင်ကတည်းက ရှိနေသူ အိမ်သားတစ်ဦးလို ဆက်ဆံတာ မှတ်မိနေသည်။ “ မင်းက ဒို့ အလုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားပဲ၊ ကိုယ့်ထဲ ကိုယ့်ဟာ တစ်ယောက်ပဲ” ဟူသော ဆက်ဆံပုံမျိုးဖြစ်၏။ ဒေါ်ဒေါ်က နေ့လယ် ၁၂နာရီ ဝန်းကျင်တွင် နေ့လယ်စာ စားသောက်ပြီး အောက်ထပ် စာရေးစာပွဲဘေးက ခုတင်လေးမှာ တစ်ရေးတစ်မော အိပ်သည်။ ထို့နောက် ရေမိုးချိုးပြီး ကာဖီသောက်သည်။ ဒေါ်ဒေါ့် ကာဖီက မေမြို့ကော်ဖီမှုန့်စစ်စစ်ကို နို့ဆီအစား ကျောက်ပန်းတောင်း ပန်တော်ခြင်း ထန်းဖိုထန်းလျက်ရည်နှင့် ဖျော်သည်။ ဒေါ်ဒေါ်က ထန်းဖို ထန်းလျက်တွေကို တစ်နှစ်စာ လှောင်ထားတတ်၏။ ဒေါ်ဒေါ့်ကော်ဖီကို တစ်အိမ်လုံး သောက်ကြ၏။ ကော်ဖီနှင့် တွဲစားဖို့က ရွှေကျီးမုန့်ကြွပ် လတ်လတ်ဆတ်ဆတ် ဝယ်ထားသည်။ ကျွန်တော်လည်း ရောက်စက ဒေါ်ဒေါ့် ကော်ဖီကို နှစ်နှစ်ချိုက်ချိုက်သောက်သည်။ ပုံနှိပ်တိုက်က ညနေ ၃နာရီမှာ လက်ဖက်ရည်အချိန် အနားပေးတော့ ဒေါ်ဒေါ့် ထမင်းစားပွဲမှာ တက်သောက်ရတာပေါ့။ နောက်တော့ ညနေ၃နာရီမှာ လက်ဖက်ရည်အချိန် ကျွန်တော်တို့ နားမှန်းသိတော့ မိတ်ဆွေတွေက ထိုအချိန်စောင့်ပြီး လက်ဖက်ရည် သောက် ချိန်းကြလို့ ၈၃လမ်းပေါ်က ဆူးခါးတိုက်အနောက်ပေါက်ရှိ လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်ကြသောကြောင့် ဒေါ်ဒေါ့်ကော်ဖီနှင့် ဝေးရတော့သည်။

မှတ်မှတ်ရရ ကျွန်တော် လူထုကြီးပွားရေးစာအုပ်တိုက်ကို ၁၉၉၄ သြဂုတ်က စရောက်သည်။ ဒီ့မတိုင်ခင်က ကိုကျော်စိုးဝင်း အစီအစဉ်ဖြင့်လူထုကြီးပွားရေးနှင့် ထီးပေါင်းကားတိုက်ထုတ် စာအုပ်တွေအတွက် ကွန်ပြူတာ စာစီတွေကို ဖြတ်ညှပ်ကပ် layout လုပ်တာ၊ စာဖောင်ဖွဲ့တာ၊ ဖလင်တွေ ဖလက်တွဲတာတွေ ဆောင်ရွက်ခဲ့ရသည်။ မြန်မာ့မဟာဂီတ (၁၉၈၉)၊ ဆေးလိပ်နဲ့လူသား(၁၉၉၀)၊ မန္တလေးသူ မန္တလေးသားများ(၁၉၉၁)၊ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ ထိုင်းဝတ္ထုတိုများ- ၂ (၁၉၉၃)၊ သာသနာ့တန်ဆောင်ဆရာတော်ကြီးများ(၁၉၉၄) တွေကို ဖလက်တွဲပေးရသည်။ မန္တလေးသူ မန္တလေးသားများ စာအုပ်နှင့်ဲ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့ မန္တလေး စာအုပ်ထဲက ဓာတ်ပုံ အချို့ ကူညီခွင့် ရခဲ့သည်။တိုက်ကိုရောက်ရောက်ချင်း ပထမဆုံး အတွေ့အကြုံက လူထုအမှတ်တရ လူထုဦးလှ စာအုပ်လေးကို လက်ခွဲဖလင်မှာ စပ်ရောင်များနှင့် မျက်နှာဖုံးရိုက်ရသည်။ ဘူတာကြီးအနောက်ဖက် ရွှေဟံသာစက်မှာပါ။

နောက် ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၏ လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်းသံ စာအုပ် မျက်နှာဖုံးကို လက်ခွဲဖလင်နဲ့ ရိုက်၍ရအောင် ဒီဇိုင်းဆင်ရသည်။ ထိုစဉ်က ကွန်ပြူတာကာလာခွဲကို နိုင်ငံခြားပို့ခွဲရလို့ အဖုံးဒီဇိုင်းကို လက်ခွဲနဲ့ရအောင်ပဲ စီစဉ်ကြခြင်းဖြစ်သည်။ ဒေါ်ဒေါ်၏ “ကျွန်မတို့ငယ်ငယ်က” စာအုပ်အဖုံးကို ၃လက်မ ပတ်လည်သာသာရှိသော ရှေးဟောင်းပန်းချီကားကိုပဲ ကွန်ပြူတာကာလာခွဲကာ ကျန်တာတစ်ရောင်ချင်း ပေါ့စတစ် ဖလင်ပြားအကြည်ကို ဂျပ်စက္ကူနှင့် ဖြတ်တောက် ဖုံးဖိပြီး ဂျပ်အဝါပေါ်ရိုက်ခဲ့သည်။ ၄ရောင်ဖလင် ၃လက်မ ပတ်လည်လေးကို ၁၁လက်မခွဲ × ၈မတ်တင်း ဖလက်မှာ တစ်ရောင်ချင်း light box ပေါ် မှန်ဘီလူးနဲ့ တွဲရတာ မှတ်မိနေပါ၏။ ၁၉၉၄ နိုဝင်ဘာ။

 

မှတ်မိသလောက် ဒီ စာအုပ်တွေ
———————————–

ကျွန်တော်မှတ်မိသလောက် ဒီ စာအုပ်တွေ ဆက်တိုက် ဆိုသလို စီစဉ် ထုတ်ဝေခဲ့သည်။

– လူထု အနှစ်(၅၀) ၁၉၉၆ ဧပြီ
– ပန်းချီဦးအောင်ခင် စာအုပ် ၁၉၉၆ ဇူလိုင်
– ပုဂံလက်သစ် ၁၉၉၆ စက်တင်ဘာ
– မြန်မာပုံပြင်၊
– ကမ္ဘာ့ အကြီးဆုံးကျောက်ဆင်းတု ၊
– ပြည်သူချစ်သော အနုပညာသည်များ (ပဉ္စမအကြိမ်) ၁၉၉၇ ဇန်နဝါရီ။
– အရက်သမားအမှားတစ်ထောင် ၁၉၉၇ ဧပြီ (ဒီစာအုပ်က စီစစ်ရေးဖြုတ်တာများလို့ မထုတ်လိုက်ရ)
– အမေ့ရှေးစကား ( ပတွဲ) ၁၉၉၇ မေ
– တောင်လေးလုံးမှ နတ်ကျွန်းသို့ ၁၉၉၇ ဇွန်
– တောင်အာရှ ပြတင်းပေါက် အိန္ဒိယဝတ္ထုတိုများ ၁၉၉၈ မတ်
– မြမဉ္ဇူ ၊ ၁၂ပွဲဈေးသည်၊
– ဟံသာဝတီဆောင်းပါးများ၊
– စစ်ပြီးစ ဗမာပြည်၊
– လွမ်းသူ့စာ ၁၉၉၈ သြဂုတ်
– ၈၃နှစ် ၈၃ခွန်း ၁၉၉၉ဇွန်
– နှစ်၉၀ပြည့်လူထုဦးလှ ၁၉၉၉ဇွန်
– လူထုချစ်သမျှ လူထုဦးလှ (၂) ၁၉၉၉ အောက်တိုဘာ
– မန္တလေးတောင် ၁၉၉၉နိုဝင်ဘာစသော စာအုပ်များကား မှတ်မှတ်ရရရှိခဲ့ပါ၏။

လူထုတိုက်ကိုရောက်တော့ ကျွန်တော် ပထမဆုံး ပရု(ပ်)ဖတ်ရသည့် စာအုပ်က ဒေါ်ဒေါ်၏ “ကျွန်မတို့ ငယ်ငယ်တုန်းက” စာအုပ်ဖြစ်သည်။ သည်စာအုပ်က စန္ဒာမဂ္ဂဇင်း၊ သဘင်မဂ္ဂဇင်းနှင့် လုံမလေးမဂ္ဂဇင်းတို့တွင် ဒေါ်ဒေါ် ရေးခဲ့သော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်၏။ ဒေါ်ဒေါ်က မဂ္ဂဇင်းတိုက်များသို့ ဆောင်းပါးများပို့လျှင် လက်နှိပ်စက် ရိုက်ထားသော စာမူကိုပို့သည်။ ကနဦး ဒေါ်ဒေါ်ရေးထားသော လက်ရေးစာမူကို ဆရာကျော်ရင်မြင့်က လက်နှိပ်စက် ရိုက်သည်။ ထိုလက်နှိပ်စက် ကော်ပီကို ဒေါ်ဒေါ်က ပြန်စစ်သည်။ ပြီးမှ မဂ္ဂဇင်းတိုက်သို့ ပို့သည်။ ကွျွန်မတို့ ငယ်ငယ်က စာအုပ်ကို မူရင်းလက်နှိပ်စက်ကော်ပီမှ ဖောင်ဖွဲ့ထားသည့် ကွန်ပြူတာစာစီ များနှင့် တိုက်ဖတ်ရသည်။ လူထုတိုက်မူအရ ပရု(ပ်)ဖတ်ရာတွင် ၃ကြိမ် ၃ခါ ဖတ်ပါ၏။ ပထမဆုံး မူရင်းစာမူနှင့် တိုက်ဆိုင်ဖတ်သည်။ မူရင်းစာမူကို တစ်ယောက်က ကိုင်၍ အသံထွက်ဖတ်သည်ကို တစ်ယောက်ကလည်း ကွန်ပြူတာ စီထားသည့် စာမူကို ကိုင်ကာ ပြိုင်တူ အသံထွက် ဖတ်ရင်း အကျအပေါက် အဖြတ်အတောက်ကို ဦးစွာ စစ်သည်။

ထို့နောက် စစ်ပြီးစာမူကို ပြင်ချက်များပြင်ဆင်ပြီး ဒုတိယ အကြမ်းထုတ်သည်။ ဒုတိယအကြမ်းကို ပထမအကြမ်းက ပြင်ချက်များ မှန်မမှန်နှင့် သတ်ပုံများပြန်စစ်သည်။ မှင်နီတံ (ကျွန်တော်ရောက်ခါစက လက်သမားသုံး နီပြာတံ) ကိုင်ကာ ပထမပြင်ချက်များ ပြင်ပြီးမပြီးနှင့် ထပ်ပြင်ရန် သတ်ပုံနှင့် ခွဲထားများ မှတ်သား စစ်ဆေးရ၏။ ပြီးလျှင် ထို ဒုတိယအကြမ်း ပြင်ချက်များကို ထပ်မံပြင်ဆင်ပြီးမှ အချောထွတ်သည်။ အကယ်၍ ဒုတိယ အကြမ်းမှာ ပြင်ချက်များက ရဲပတောင်းခတ်လောက်အောင် များနေလျှင် တတိယအကြမ်းပြန်ထုတ်ပြီး ပြန်စစ်ကာ စတုတ္ထအကြိမ်မှ အချောထုတ်ပါ၏။ ပထမတိုက်ဖတ်ချိန်တွင် နှစ်ယောက်ဖတ်ကြရာ၌ ဒေါ်ဒေါ်က ကိုယ်တိုင်ဖတ်သည်။ ဒေါ်ဒေါ်မအားမှ မမဒေါ်တင်ဝင်း၊ ဆရာကျော်ရင်မြင့်၊ တိုက်မှ ဒေါ်ဒေါ့်တူ ကိုဘိုလေးနှင့် ကျွန်တော်တို့ ဖတ်ကြသည်။ လူထုတိုက်မှာက ဘာသာရေး စာအုပ်များကိုလည်း ရိုက်နှိပ်ရသောကြောင့် ပါဠိဘာသာကျွမ်းကျင်သည့် ဦးကျော်သိန်း အမည်ရှိ အယ်ဒီတာကြီး တစ်ဦး လည်းရှိသည်။ ဆရာကြီးက လူထုသတင်းစာ ခေတ်ကတည်းက စာပြင်ကြီးလည်း ဖြစ်သည်။ ဓမ္မာစရိယ လူပြန်တော်ကြီးမို့ ပါဠိဘာသာ သာမက မြန်မာစာလည်း ကျွမ်းကျင်သည်။ ထို့ပြင် ဝါရင့် စာပြင်ဆရာကြီးမို့ ပညာတွေသာမက မန္တလေးက နာမည်ကျော် စာအုပ်တိုက်၊ ပုံနှိပ်တိုက်ကြီးမို့ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိများ၊ ဘာသာရေးစာအုပ်များ အများဆုံး ရိုက်နှိပ်ရသဖြင့် အလုပ် သဘောအရ ဘာသာရေး စာပေများနှင့် မဖြစ်မနေ ရင်းနှီးထိတွေ့ရသည်။

စာအုပ်အလုပ်ကြောင့် ဖတ်ရမှတ်ရတော့ ခြူးရေး ခြုံပါ ဆိုသလို အသိဉာဏ် ဗဟုသုတတွေလည်း တိုးရသည်။ မှတ်မှတ်ရရ လူထုအယ်ဒီတာစားပွဲမှာ လူထုဒေါ်အမာ၏ သာသနာ့တန်ဆောင် ဆရာတော်ကြီးများ စာအုပ်နှင့် ပထမရွှေကျင် ဆရာတော်ကြီး ရာပြည့် အထိမ်းအမှတ် စာအုပ်များကို ကနဦး အစမှာပင် ဖတ်ရှုခွင့် ရခဲ့သည်။ ထို့နောက် ဆရာတော် ဦးမာနိတ(ကထိကရဟန်း)၊ ဝါးချက်ဆရာတော်၊ ညောင်ရွှေဆရာတော်၊ သုဗောဓာရုံ ဆရာတော်၊ စစ်ကိုင်း ပထမ မဟာဂန္ဓာရုံ ဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော် ဦးဇောတိက၊ ဘုရားကြီးတိုက် နယား ကျောင်း ဆရာတော် စသည့် ဆရာတော်ကြီးများ၏ ကျမ်းစာအုပ်များလည်း အလုပ်ဖြင့် တွဲ၍ ဖတ်ရှုခွင့် ရခဲ့သည်။ ထို့နောက် ဆရာတော် ဦးပညာ(အမရပူရ) ကြီးကြပ်မှုဖြင့် ဆရာဦးအေးမြင့်(မြန်မာမှုဒီဇိုင်းသုတေသီ)၊ ဆရာမောင်သစ်လွင်(လူထု)၊ ဦးစိန်ထွန်း တို့နှင့်အတူ အမရပူရ မဟာဂန္ဓာရုံတိုက် အရှင်ဇနကာဘိဝံသ ရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်းနှင့် သူငယ်တော် တောရ ဆယ်နှစ်ပြည့် အထိမ်းအမှတ ်မဂ္ဂဇင်းများလည်း စာတည်းအဖွဲ့ဝင်အဖြစ် ဆောင်ရွက် ကုသိုလ်ယူခဲ့ရပါ၏။ နောက်ပိုင်း ဒေါ်ဒေါ့်မြေး ဘိုဘို (ဘိုဘိုလန်းစင်) နှင့် အတူ ပရု(ပ်)ဖတ်ကြရသည်။ ဘိုဘိုက စကားလုံး၊ ဝါကျ အထားအသိုက အစ စေ့စပ် တိကျသည်။

 

ကျွန်မတို့ ငယ်ငယ်က
————————-

“ကျွန်မတို့ ငယ်ငယ်တုန်းက” စာအုပ်မှာ ဒေါ်ဒေါ်ရေးနေကျ စာပေအနုပညာ ယဉ်ကျေးမှု မဟုတ်ဘဲ ဒေါ်ဒေါ့် ငယ်ဘ၀ အစိပ်အပိုင်း ဖြစ်လေတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။ ငယ်ဘဝကို ရေးသားရင်း ကိုလိုနီခေတ် မန္တလေး၏ ပုံရိပ်တွေကို အထင်းသားမြင်လာရသည်။ အထူးသဖြင့် ဒေါ်ဒေါ်က သူ့မိခင်၏ မိဘများ ဇာတိ လက်တောင်းကြီးက အမျိုးတွေအကြောင်း ရေးရာတွင် သရုပ်ပီလှလွန်းသောကြောင့် စာပြင်စာတည်း တာဝန်ကိုပင် မေ့လျော့ကာ လက်တောင်းကြီးက အမျိုးတွေဆီ ရောက်သွားပြီး စာမပြင်မိတာ သတိရမိသည်။ တစ်ခါတစ်ရံ ထိုစာအုပ်ကို ဒေါ်ဒေါ်နှင့် ပရု(ပ်)ဖတ်ရလျှင် ငယ်ဘဝအကြောင်းများ၊ အမျိုးတွေ အကြောင်းများကို စာအုပ်ဘေးချပြီး ဒေါ်ဒေါ်က လွမ်းလွမ်းဆွတ်ဆွတ် ပြောပြတတ်သေးသည်။ ဒေါ်ဒေါ့်အဘွား ဒေါ်ရုပ်ဆိုးနှင့် လက်တောင်းကြီးက အဘွားညီအစ်မ ဝမ်းကွဲ ဒွေးခုံ၊ ဒွေးဆုံနှင့် ဒွေးလုံတို့ အကြောင်း။ ဒေါ်ဒေါ်ပြောပြသော အဘွားညီအစ်မ ဝမ်းကွဲတွေ အကြောင်းက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ တကယ့် အညာကျေးလက်က ဗမာမကြီးများ စရိုက် အပီအပြင်ဖြစ်ပါ၏။ ကျေးလက်သူ ကြီးများ ပီပီ အသက်အရွယ် အိုမင်းချိန်အထိ ကျန်းမာသန်စွမ်း သွက်လက်ချက်ချာပုံတွေက ကြည်နူး ပျော်ရွှင်စရာတွေ ချည်း ဖြစ်သည်။

မြို့က အလည်လာသော မြေးတွေကို ကျွေးဖို့ ပန်တော်ခြင်း ထန်းလျက်ခဲကြီးကို ကျောက်ပြင်ပေါ် သနပ်ခါးတုံးနှင့် တဒုံးဒုံး ထုခွဲနေသော အဘွားဒွေးလုံ၊ မြို့က ဝမ်းကွဲညီအစ်မက ပေးလိုက်သော အင်္ကျိလေးကို မဝတ်ရက်ဘဲ ခေါက်သိမ်းကာ မြေသောက်ရေအိုးဟောင်းကြီးထဲ မှောက်သိမ်းထားသော အဘွား ဒွေးခုံ၊ လင်းမြွေကြီး တစ်ကောင် အမြဲခိုနေသော ထင်းပုံကြီးအပေါ် ကျော်ခွနင်းကာ ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်း ကူးလေ့ရှိသည့် သွက်လက် ချက်ချာလှသော ခါးကုန်းကုန်းနှင့် အဘွား ဒွေးဆုံ။ ဒေါ်ဒေါ်၏ သူ့ဆွေမျိုးများအကြောင်း အရေးအသား တွေက သရုပ်ပေါ်လှသောကြောင့် ပရု(ပ်)မစစ်မိဘဲ စာနောက် မျောပါ သွားမိသည်ချည်း ဖြစ်သည်။

“ကျွန်မတို့ ငယ်ငယ်တုန်းက” စာအုပ်မှာ ၁၉၉၄ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့ ဒေါ်ဒေါ့် ၇၉နှစ်မြောက် မွေးနေ့အမီ ထုတ်ဝေရမည့် စာအုပ်ဖြစ်သည်။ ထိုအချိန်က စာအုပ်တစ်အုပ် အတွက် စာမူကို စီစစ်ရေးတင်တာက အနည်းဆုံး ၆လကြာသည်။ အထူးသဖြင့် လူထုဒေါ်အမာ စာမူဆိုလျင် ပို၍ ကြံ့ကြာသည်။ ဆီလို အပေါက်ရှာ အပြစ်ရှာ စစ်သည်။ စာမူ ခွင့်ပြုချက် ကျပါမှ မျက်နှာဖုံး ခွင့်ပြုချက် တင်ရ၏။ သည်တော့ နိုဝင်ဘာမီဖို့ အတော် လုံးပမ်းရသည်။ ဒါတောင် လူထုတိုက် စာမူများနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ ဆရာ လူထုဦးစိန်ဝင်းက စီစစ်ရေးကိစ္စ လျင်မြန်ရေးကို ဒိုင်ခံကာ အားစိုက် ပေးနေသည်။ စာမူကလည်း အဖြတ်အတောက် မပါမဖြစ် ပါပြီး ခွင့်ပြုချက်ကျတော့ မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပုံများ ထပ်တင်ရ၏။ အတွင်းပုံများကို ပန်းချီ ကိုချမ်းအေးက ရေးဆွဲပေးသည်။ မျက်နှာဖုံးက ရှေးဟောင်း ရွှေချည်ထိုးကားပုံကို တင်သည်။ မျက်နှာဖုံးကို စီစစ်ရေးက ခွင့်မပြု။ ရှေးဟောင်း ရွှေချည်ထိုးကားက ဒေါင်းပုံဖြစ်နေလို့ ခွင့်မပြုတာတဲ့။ အတွင်းသရုပ်ဖော် အချို့ကိုလည်း ခွင့် မပြု။ အတွင်းသရုပ်ဖော်ပုံအချို့က တက္ကသိုလ်နှင့် ပတ်သက်သော ပုံရိပ်တွေ ပါလို့တဲ့။ အတွင်း သရုပ်ဖော်ပုံ ခွင့်မပြုတာတော့ ဖြုတ်ရုံပေါ့။ မျက်နှာဖုံးကတော့ အသစ်ထပ်တင်ဖို့ အချိန်က အတော် ခက်ခဲသွားသည်။ သည်တော့ ရွှေချည်ထိုး ဒေါင်းပုံအစား ရှေးဟောင်း ထွက်တော်မူကြီး နံရံဆေးရေး ပန်းချီထဲက အစိတ်အပိုင်း တစ်ခုကို အစားထိုးပြီး တင်လိုက်ရသည်။

ထိုစဉ် မျက်နှာဖုံး ကာလာခွဲကလည်း ကွန်ပြူတာကာလာခွဲဆိုပါက ရန်ကုန်မှတဆင့် နိုင်ငံခြားပို့ရသည်။ စရိတ်နှင့် အချိန်က အတော်စားသည်။ ပြန်လည် ထူထောင်ခါစ လူထုတိုက်အဖို့ အသားကျ အဆင်ပြေနေသော ယခင်ဖြန့်ချိရေးပုံစံ ဗွီပီပီစံနစ်က စတင်အဆင်မပြေစဉ်ကာလမို့ ဖြန့်ချီရေးက ကမောက်ကမ။ သည်လိုအချိန်မှာ တိုက်ထုတ် စာအုပ်များအတွက် စရိတ်စကကို အစစ စိစစ်နေရသည်။ သည်လိုအခြေအနေတွင် စာအုပ်များကို စီစဉ် ထုတ်ဝေခဲ့ရခြင်း ဖြစ်သည်။ “ကျွန်မတို့ငယ်ငယ်တုန်းက” စာအုပ်မှာ မွေးနေ့အမီ ထုတ်ဝေရသည်မို့ နိုဝင်ဘာ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင် ညလုံးပေါက် မိုးအလင်း ရိုက်ရသည်။ ကျွန်တော်က ချက်ချင်းဖလက်တွဲ စက်က ချက်ချင်း ပလိတ်ကူး၊ ချက်ချင်းရိုက်တာမို့ ကျွန်တော်လည်း မိုးလင်းသည်။

 

ဒေါ်ဒေါ့် အိပ်ရာ
——————-

ဒေါ်ဒေါ်က နံနက်အရုဏ်တက် ၄နာရီခွဲလျှင် လမ်းလျှောက်ထွက်တာမို့ ၂၈ရက်နေ့ နံနက်စောတွင် တိုက်အောက် အလုပ်ခန်း၌ ကျွန်တော့်ကို တွေ့တော့ “ သြ… မင်းက အိမ်မပြန်လိုက်ရဘဲ ဒီမှာ လင်းသွားတာလား၊ မင်းအိမ်ကိုရော ပြောခဲ့ရဲ့လားကွယ့်၊ အိမ်ကစိတ်ပူနေပါ့မယ်ကွယ်၊ မင်း ဇနီးရော သေချာပြောခဲ့ ရဲ့လား” စသည်ဖြင့် မေးသည်။ ကျွန်တော်က အိမ်ကို ပြောခဲ့ပါကြောင်း၊ အိမ်ပြန်ကာ ပြောပြီးမှ လာပါကြောင်း၊ ဒေါ်ဒေါ် စိတ်မပူဖို့ ပြောပါသည်။ ထို့နောက် ဒေါ်ဒေါ်က စက်က ရိုက်ပြီး စာဖောင်တွေ ယူကြည့်သည်။ ခဏနေတော့ ဒေါ်ဒေါ်က သူ့ စာရေးစာပွဲရှိရာ အခန်းထဲ ဝင်သွားပြီး ကျွန်တော့်ကို လှမ်းခေါ်သည်။ “ အခုမှ ၄နာရီခွဲပဲ ရှိသေးတာကွယ့်၊ မလင်းသေးဘူး။ မင်း အိပ်ချိန် ရှိသေးတယ်၊ ဒီမှာ အိပ်ဦး၊ ၂နာရီလောက် အိပ်လို့ရသေးတယ်” ဟု ဆိုကာ စာပွဲဘေးက ခုတင်လေးကို ပြသည်။

တကယ်တော့ ထိုခုတင်လေးက နေ့လယ်နေ့ခင်း ဒေါ်ဒေါ် တစ်ရေးတမော အိပ်သည့် အိပ်ရာဖြစ်သည်။ ဖြူဖွေးသန့်စင်သော ခေါင်းအုံးပေါ်တွင် ပခုက္ကူချည်ထည် စောင်လေးတွေ သပ်ရပ်စွာ ခေါက်တင်ထားသည်။ ကမ္ဘာကျော် နိုင်ငံကျော် သတင်းစာဆရာ စာရေးဆရာမကြီး နေ့လယ်နေ့ခင်း အနားယူသော နေရာမှာ ဘယ့်နှယ်လုပ် ကျွန်တော် အိပ်ဝံ့ပါ့မလဲ။ ကျွန်တော် မဝံ့မရဲဖြစ်နေသည်။ “အိပ်ဦး၊ အိပ်ဦး၊ စောသေးတယ်၊ မပြန်နဲ့ဦး..” ဟု တိုက်တွန်းနေတော့ ဒေါ်ဒေါ်ကျေနပ်အောင် ဝင်အိပ်လိုက်ရသည်။ ဒေါ်ဒေါ်ထွက်သွားပြီး လမ်းလျောက်ထွက်ရန် သံတံခါးပိတ်သံကြားမှ ကျွန်တော် ခုတင်လေးပေါ်က အသာဆင်းပြီး စက်ဆရာမောင်သောင်းတို့နှင့် ၂၈လမ်း သံဖြူတန်းထိပ်က အလင်းဆိုင်သို့ ချီတက်ကြလေကုန်၏။

လူထုဒေါ်အမာနှင့် စာရေးသည့် ဘောလ်ပင်များ
—————————————————-

ပုံနှိပ်တိုက်ပိုင်ရှင် စာအုပ်တိုက်ပိုင်ရှင်၊ တစ်ချိန်က သတင်းစာတိုက်ပိုင်ရှင်၊ မန္တလေးမြို့လယ်ခေါင် ၈၄လမ်းမကြီး မေးတင် တိုက်ကြီးနှင့် နေထိုင်သော ဒေါ်ဒေါ်လူထုဒေါ်အမာက အစစ အသုံးအစွဲ စံနစ်ကျသည်။ ခြိုးခြံချွေတာသည်။ အပိုသုံး မရှိစေခဲ့။ ဒေါ်ဒေါ် စာရေးလျှင် ပုံနှိပ်တိုက်က ရိုက်ပျက်စက္ကူ တစ်ဖက်လွတ်တွေကို ဖြတ်ပြီး လွတ်သည့်ဘက်က ရေးသည်။ တိုက်မှာ စက္ကူအကောင်း အချော အသစ်တွေ အပုံလိုက် အထုပ်လိုက်ရှိသော်လည်း ဒေါ်ဒေါ်ကမသုံး။ ပုံနှိပ်တိုက်က ပိုလျှံနေသော ရိုက်ပျက်စက္ကူပဲ သုံးသည်။ တစ်နေ့သား နေ့လယ်ခင်းတွင် ဒေါ်ဒေါ်က စက္ကူဖြတ်စက်ဘေးက စာအုပ်ချုပ်ခုံရှေ့ ရောက်လာသည်။ စာအုပ်ချုပ်ခုံရှေ့မှာ ထိုင်ကာ သူ့လက်ထဲ ကိုင်လာသည့် စက္ကူယပ်တောင်လေးများက ဖွာနေ စုတ်နေသော နေရာများကို စက္ကူဖြတ်စက်ဘေးရှိ စက္ကူအပိုင်းအစလေးများကို ယူကာ စာအုပ်ချုပ်သည့် ကော်နှင့် ကပ်၍ ဖာထေး နေသည်။ တိုက်မှာက စက္ကူယပ်တောင်တွေလည်း ရိုက်နှိပ်ပြုလုပ် ပေးသောကြောင့် ယပ်တောင်အသစ်က လိုသလောက်ရနေသော်လည်း ဒေါ်ဒေါ်က သုံး၍ ရသေးသော ယပ်တောင် အဟောင်းလေးတွေကို မပစ်ရက်ဘဲ ဖာထေးကာ ပြန်သုံးသည်။

ထို့အတူ ကမ္ဘာကျော် စာရေးဆရာ သတင်းစာဆရာမကြီးမို့ အဖိုတန် ဖောင်တိန်တွေ ဘောလ်ပင်တွေလည်း အများအပြားရှိသည်။ တစ်ရက်တွင် ဒေါ်ဒေါ်က ရွှေမြားနှင့် ပတ်ကားဘောလ်ပင်လေးယူလာပြီး အတွင်းက မင်ချောင်း အပို ဘယ်မှာဝယ်လို့ရသလဲကွယ့်၊ ဈေးချိုထဲရှာခိုင်းတာလဲ မရလို့ဟု ကျွန်တော့်ကို မေးသည်။ ကျွန်တော်ကလည်း ဖောင်တိန် ဘောလ်ပင် ဝါသနာပါသူမို့ ဒီမင်ချောင်းအပို ရှိသည့်နေရာသိသည်။ ရှိသည့်နေရာက ဒေါ်ဒေါ့်လူထုတိုက် အရှေ့ဘက် တည့်တည့်က ဗမာ့ခေတ် စာအုပ်ဆိုင်မှာလေ၊ ပတ်ကားမင်ချောင်း အစစ်တော့မဟုတ်၊ တရုတ်က ဝင်သည့် ပုံစံတူ ဖြစ်သည်။ သို့သော် အစစ်ကဲ့သို့ပင် မင်အလိုက်နှင့် ရေးရသားရ အဆင်ပြေသည်။

ထိုမင်ချောင်း အပိုလေး ဝယ်ပြီး ဒေါ်ဒေါ့် ပတ်ကားဘောလ်ပင်လေးမှာ ထည့်လိုက်တော့ ဒေါ်ဒေါ် သဘောကျသွားသည်။ မင်ချောင်းအပို တန်ဖိုးနည်းနည်းလေးနှင့် တန်ဖိုးကြီး ပတ်ကားဘောလ်ပင်ကို ရေးလို့ ရနေသောကြောင့် ဒေါ်ဒေါ် ဝမ်းသာနေသည်။ ထိုသို့သော မင်ချောင်းအပို ၃ကြိမ်လောက်ထိ လဲပေးဖူးပါ၏။ နောက်တော့ ဒေါ်ဒေါ်က ထိုဘောလ်ပင်မင်ချောင်းထက် ပိုမို အဆင်ပြေ တန်ဖိုးနည်းသော တစ်ခါသုံးဘောလ်ပင်များကိုပဲ သုံးပါတော့သည်။ ဒေါ်ဒေါ်နှင့် အနီးကပ်ဆုံး နေထိုင် အကူအညီပေးနေသည့် ဆရာကျော်ရင်မြင့် က Bozo ဘောလ်ပင်များ ဝယ်ပေးတော့ ဒေါ်ဒေါ်မှာ သဘောကျနေ၏။ ထို့နောက် ပိုမိုအဆင်ပြေသော Uniball ဘောလ်ပင်လေးတွေကို ဆရာကျော်ရင်မြင့်က ထပ်ဝယ်ပေးတော့ ထိုဘောလ်ပင်အမျိုးအစားကိုပဲ တောက်လျှောက် သုံးစွဲတော့သည်။
ကဲ.. ၁၉၉၄ခုနှစ် နိုဝင်ဘာ ၂၉ရက် မနက် ကို ဆက်ပါဦးမည်။

 

မွေးနေ့အမီ မနက်စောစော
——————————

နိုဝင်ဘာလ ၂၉ရက်နေ့ မနက်အရုဏ်တက် ဒေါ်ဒေါ် လမ်းလျောက် ဆင်းမလာမီ တောင်လေးလုံး မွေးနေ့ပွဲမှာဝေဖို့ ကျွန်မတို့ငယ်ငယ်တုန်းက စာအုပ် အုပ်ရေ ၁၀၀ခန့်ဖော်ပြီးပြီ။ ဖြတ်စက်ပေါ်က ချပြီး စာအုပ်တွေက ကော်နံ့ပင် မပျောက်သေး။ ဒေါ်ဒေါ်ဆင်းလာလျှင် ချက်ချင်းတွေ့နိုင်အောင် ဧည့်ခန်းအထွက်က ဆက်တီ စာပွဲပုလေးပေါ် တင်ထားပေးသည်။ ဒေါ်ဒေါ် အပေါ်ထပ်က ဆင်းလာပြီး အလုပ်ခန်းဖြတ်တာနှင့် စာအုပ်တွေကို တွေ့တော့“စာအုပ်လေးက ကောင်းသားပဲကွယ့်၊ ဒီနေ့လည်း မင်းတို့ မိုးအလင်းရိုက်ကြရတာပေါ့” ဟုပြောကာ စာအုပ်လေးကိုယူပြီး သေချာ ကြည့်သည်။ စာပွဲရှေ့က ဆက်တီခုံပေါ်ထိုင်ပြီး စာအုပ်လေးကို လှန်လှော ဖတ်နေ၏။

ထို့နောက် စာအုပ်လေးကိုချပြီး တွေဝေငေးရီကာ သက်ပြင်း မြှင်းမြှင်းချပြီး “ ကိုလှရှိရင် ဒို့ကို ဒီအလုပ်တွေ လုပ်ရမှာမဟုတ်ဘူး၊ အခု ဒို့လုပ်နေတာကြည့်ပြီး အပြစ်တင်မှာ၊ သူက မွေးနေ့တွေ ဘာတွေ မော်မော်ကြွားကြွားလုပ်တာ မကြိုက်ဘူး၊ ပြီးတော့ ကိုလှက ဥပဒေအတိုင်း မချိုးမဖောက် ဘောင်ထဲက လုပ်ချင် ကိုင်ချင်တဲ့သူ၊ု အခုလို စီစစ်ရေးက ဖြန့်မိန့် မကျသေးဘဲ စာအုပ်တွေဝေရင် ကန့်ကွက်မှာ၊ ဒို့ကို အမာ မင်းဘာတွေ လျောက်လုပ်နေတာလဲလို့ အပြစ်တင်မှာ၊ တကယ်တမ်း ဒို့တိုက် အခုချိန်ထိ တည်မြဲနေတာ ကိုလှရှိစဉ် တလျောက်လုံး သူက စည်းကမ်းဥပဒေအတိုင်း တိတိကျကျ လိုက်နာပြီး အလုပ်လုပ်ခဲ့လို့။ ဒို့ကတော့ သူ့လိုမဟုတ်ဘူး၊ လုပ်ချင်တာဆို ရှေ့နောက် သိပ်ကြည့်တာမဟုတ်ဘူး၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ချင်တာ လုပ်လိုက်ရမှ” ဟု လွမ်းလွမ်းဆွတ်ဆွတ် ပြောသည်။

တကယ်တော့ ဒေါ်ဒေါ်ကလည်း မွေးနေ့တွေ ဘာတွေ သူ့အတွက် လုပ်တာ သဘောမကျလှ။ လက်ဆောင်တွေ ဘာတွေပေး၊ လာကြပြုကြ ဒုက္ခများမှာ မလိုလား၊ ဧည့်ဝတ် မကျေမှာလည်း မျက်နှာပူသည်။ သို့သော် ထိုစဉ်ကာလ အကွပ်အညှပ် အကျပ်အတည်းတွေကြား ဒေါ်ဒေါ့်မွေးနေ့ကို အကြောင်းပြု၍ အထက်အောက် စာပေသမားတွေ ဆုံကြတွေ့ကြရသော အခွင့် အရေးမို့ ဒေါ်ဒေါ်က လိုက်လျောပုံရသည်။ စုံထောက်၊ သတင်းပေး၊ ထောက်လှမ်းရေးနှင့် ချိန်းခြောက်မှု ပေါင်းစုံကြားက ကျင်းပကြရသော မွေးနေ့ပွဲများ၊ မတရားသော အဓမ္မများကို ခေါင်းငုံ့မခံဘဲ အံကြိတ် ဆန့်ကျင်ပြခဲ့သော မွေးနေ့ပွဲများ၊ ရန်-ငါ စည်းပြတ် ဘယ်သူဘာလဲ မှတ်ကျောက် တင်ခဲ့သော မွေးနေ့ပွဲများ။

 

ပထမဆုံး ဟောပြောပွဲ အတွေ့အကြုံ
——————————————

မှတ်မှတ်ရရ ထိုနှစ်မွေးနေ့ (၁၉၉၄ ၊ နိုဝင်ဘာ ၂၉ရက်) နေ့ညတွင် ကျွန်တော်က ပုသိမ်ကြီးမြို့၌ စာပေဟောပြောပွဲ ရှိသည်။ ကျွန်တော့အတွက် ဒုတိယမြောက် စာပေဟောပြောပွဲဖြစ်သည်။ ပထမဆုံး ဟောပြောပွဲ အတွေ့အကြုံကတော့ ပုသိမ်ကြီး ရန်ကင်းတောင်ခြေက သမဝါယမ သင်တန်းကျောင်းမှာ ဖြစ်သည်။ ဆရာကျော်ရင်မြင့်၊ ဆရာအော်ပီကျယ်တို့နှင့် ဟောပြောရခြင်း ဖြစ်သည်။ ထိုစဉ်က သင်တန်းသားများကိုသာ ဟောပြောရခြင်း ဖြစ်သည်။ စာပေပရိသတ်ကို ဟောပြောရခြင်းကတော့ ယခု ပုသိမ်ကြီးဟောပြောပွဲက ပထမဦးဆုံးအတွေ့အကြုံ ဖြစ်ပါသည်။ အတူဟောရမည့်ဆရာများက ဆရာ လင်းယုန်မောင်မောင်၊ ဆရာ ဆောင်းဝင်းလတ်နှင့် ဆရာ မြတ်ခိုင်တို့ ဖြစ်သည်။ တကယ့် ဝါရင့် ဒိတ်ဒိတ်ကြဲတွေ ချည်း။ ကျွန်တော်က မွေးနေ့အမီ စာအုပ်အတွက် မိုးအလင်း အိပ်ရေးပျက်တာတွေရော၊ ၂၉ရက်နေ့မနက်ကတည်းက တောင်လေးလုံးမှာ အလုပ်ရှုပ်တာတွေရောမို့ ပြင်ဆင်မှုမရှိ။ သို့သော် ဟောပြောပွဲ ညမှာတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ရုံမက အဆင်ချောသွားသည်ဟု ဆိုရပေမည်။

နောက်ရက် (နိုဝင်ဘာ ၃၀ရက်) နေ့လယ် တိုက်ရောက်ပြီး အလုပ်စာပွဲ၌ ထိုင်နေစဉ် ဆရာလင်းယုန်မောင်မောင် လွယ်အိတ်တစ်လုံးနှင့် ရောက်လာသည်။ ဒေါ်ဒေါ်အောက်ထပ် သူ့အခန်းမှာ ရှိလားဟုမေးပြီး ရှိကြောင်း ပြောလိုက်သည် နှင့် ချက်ချင်းဝင်သွားသည်။ နာရီဝက်လောက်နေတော့ ပြန်ထက်လာတော့ ကျွန်တော်က ဆရာ ပေူကြီးထဲ၊ ညနေ နေစောင်းမှ လာရောပေါ့ ဟု ပြောရာ၊ ဆရာက “ မနေ့က တောင်လေးလုံးမှာ ကတည်းက ဒေါ်အမာက ဒို့ကို တတွတ်တွတ် မှာနေတာဟေ့၊ ညကျ ပုသိမ်ကြီးဟောပြောပွဲမှာ ဒို့တိုက်က ဆူးငှက်လည်းပါတယ်။ ကိုမောင်မောင်က အစစ စောင့်ရှောက်လိုက်ပါဦး၊ ပြီးတော့ သူဘာတွေ ပြောသလဲဆိုတာကို ကျွန်မကိုပြန်ပြောပါဦးလို့ မှာထားလို့ လာရတာဟေ့၊ အခု မင်းပြောတာ အဆင်ပြေတယ် ဆိုတော့ ဝမ်းတွေသာနေတာ” ပြောတော့ ကျွန်တော်အံ့သြ သွားသည်။ ကျွန်တော် ဟောပြောပွဲရှိတာ ဒေါ်ဒေါ့်ကို မပြောမိ။ သို့သော် ဒေါ်ဒေါ်က သိတာနှင့် စိတ်ပူပန်ကြောင့်ကြကြီးစွာ စောင့်ရှောက်သည်။ ဘာပြောသလဲဆိုတာထိ စုံစမ်းသည်။ မသင့်တော်လျှင် သွန်သင်ဖို့ ဖြစ်ပါ၏။

နောက်ပိုင်း ကျွန်တော်တို့တစ်တွေ ဟောပြောပွဲရှိတိုင်း ဒေါ်ဒေါ့်ကို အသိပေးကြသည်။ အထူးသဖြင့် နယ်ဟောပြောပွဲ သွားရလျှင် အသိပေး ကန်တော့ပြီးမှ သွားကြသည်။ အတူရေးဖော်များဖြစ်သော မဝင့်(မြစ်ငယ်)၊ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)၊ မေမောင်၊ မကိုတို့ပါသော နယ်ဟောပြောပွဲများ မသွားမီ ဒေါ်ဒေါ့်ကို ကန်တော့တိုင်း ဘယ်နယ်သွားရမှာလဲ၊ ဘယ်သူတွေ ပါသေးလဲ၊ ဘယ်နှည ဘယ်နှရက် ကြာမှာလဲဟု မေးပြီး၊ မန္တလေးမှာတော့ အားလုံးကို မောင်နှမတွေ အနေနဲ့ သိထားကြပြီးသား၊ နားလည်ထားကြပြီးသား၊ နယ်ဆိုတာ အဲ့လို မသိနိုင်ပေဘူး၊ ဒီတော့ ဒီမှာလို သိပ်နီးနီးကပ်ကပ် ရင်းရင်းနှီးနှီးမနေကြဖို့၊ သီးခြားစီ တည်းခိုကြဖို့ ဣန္ဒြေရရ သိက္ခာရှိရှိနေထိုင် ပြောဆိုကြဖို့ သေချာမှာသည်။ အထူးသဖြင့် ကျွန်တော်တို့ကို နယ်မှာ စိတ်အလိုလိုက်ပြီး တစ်ခွက် တစ်ဖလားတောင်မှ အသောက် အစား မဖက်ဖို့ တင်းကြပ်စွာ တားမြစ်သည်။ “မင်းတို့ ပြန်သွားတာနဲ့ စာရေးဆရာတွေ သောက်စား သွားတာ လေ” ဆိုတာမျိုး အပြောမခံရစ်ကြစေနဲ့ဟု မှာသည်။

 

စာရေးဆရာနှင့် အနေအထိုင် အသောက်အစား
—————————————————–

နယ်သို့ ဟောပြောပွဲသွားလို့ အသောက်အစား မလုပ်ဖို့ တားမြစ် သည်သာမဟုတ်၊ မန္တလေးမှာလည်း ဒေါ်ဒေါ်သိလောက် ကြားလောက်အောင် မသောက်စားဝံ့ကြ၊ တိုက်တွင် ဝင်ထွက် ကျွမ်းဝင်သူများ ဆိုလျှင် ဒေါ်ဒေါ်က အသောက်အစား သာမက ဆေးလိပ် ကွမ်းယာကိုပင် မနှစ်မြို့၊ ပြောသင့်သူဆိုလျှင် ပြောင်ဖွင့်ပြောသည်။ ကွမ်းစွဲနေသူ ဒေါ်ဒေါ်နှင့် စကားပြောလျှင် “ မင်းပါးစပ်က ထွေးခံစော်ကြီး နံလိုက်တာ” ဟု ချက်ချင်း သတိပေး၏။ ဆေးလိပ်သမား ကွမ်းသမားများ ဒေါ်ဒေါ်ရှေ့ ဝင်မည်ဆိုလျှင် အနံ့အသက်များ ပျောက်အောင် မနည်း သန့်ရှင်းပြီးမှ ဝင်ကြရသည်။ ဝင်ထွက်ပါ များသူတွေလည်း ဆေးလိပ်ပြတ် ကွမ်းပြတ်ကြပါ၏။

 

ဒို့မှ မလုပ်ရင် သူများ ဝင်လုပ်သွားလိမ့်မယ်၊
————————————————-

ဒေါ်ဒေါ်က စာရေးဆရာဟူသော ဂုဏ်ပုဒ်ကို အလွန်တန်ဖိုးထားသည်။ အထူးသဖြင့် ယုံကြည်ချက်တူသူ စာရေးဆရာများ ယုတ်လျော့သွားမည်ကို အလွန်နှမြောသည်။ ထိုထိုပုဂ္ဂိုလ်တို့ကို ကိုယ့်ဖက်က ရဲဘော်များဟု တန်ဖိုး ထားသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ရိုသလေးစားသူပီပီ ဆရာကြီး မားမားမတ်မတ် တိုက်ပွဲဝင်ခဲ့သော ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေး၊ စာပေယဉ်ကျေးမှုနှင့် လူတန်းစားရေး ပန်းတိုင်တွေက မရောက်နိုင်သေး၊ အတားအဆီး အပိတ်အဆို့ အဖျက်အဆီးတွေရှိဆဲဟု ဒေါ်ဒေါ်က ယုံသည်။ ထိုပန်းတိုင်အတွက် အင်အားတွေ တိုးစေချင်သည်။

ကျွန်တော် တိုက်မှာရှိသည့် ကာလတစ်လျောက် လစဉ် လဆန်းသည်နှင့် ကျွန်တော့် စာပွဲဘေးလာကာ တိုးတိုးတိတ်တိတ် မေးတတ်သည့် စကားရှိသည်။ တစ်လမှ မပြတ်။ ထိုစကားမှာ “ ဆူးငှက်ရေ..၊ မင်း အဆင်ပြေရဲ့လား၊ မတင်ဝင်း (ဒေါ်ဒေါ့်သမီး ၊ စာအုပ်တိုက် ပုံနှိပ်တိုက် မန်နေဂျာ) ပေးတဲ့ လစာနဲ့ လောက်ငရဲ့လား၊ အဆင်မပြေရင် ဒို့ကို ပွင့်ပွင့်လင်းလင်း ပြောနော်၊ အဆင်မပြေလို့ဆိုပြီး ထွက်မသွားနဲ့၊ မင်းတို့ ခေတ်က ငွေရပေါက် လွယ်သဟဲ့ဆို ပြီး မက်လုံးပေးတဲ့ ရွှေတွင်းကျေက်တွင်း ဆိုတာတွေက ပေါပါဘိသနဲ့၊ စာရေးတယ်ဆိုတာ အခက်အခဲတွေရှိပေမယ့် မင်းတို့င်တို့ လုပ်ရမယ့် အလုပ်နော်၊ ဒို့မှ မလုပ်ရင် သူများ ဝင်လုပ်သွားလိမ့်မယ်၊ သူများဆိုတာ ဒို့လူ မဟုတ်ဘူးကွယ့်” တဲ့။

ဒေါ်ဒေါ် လစဉ်ပြောသော ထိုစကားထဲမှ “စာရေးတယ်ဆိုတာ အခက်အခဲတွေ ရှိပေမယ့် ငါတို့ မင်းတို့ လုပ်ရမယ့် အလုပ်နော်၊ ဒို့မှ မလုပ်ရင် သူများ ဝင်လုပ်သွားလိမ့်မယ်၊” ဟူသော စကားကို အစက သဘောမပေါက်ဘဲ ခပ်ပေါ့ပေါ့ သဘောထားခဲ့သည်။ နောက်မှ သေချာစွာ စဉ်းစားတော့ အတော်လေးနက်သည်။ စာပေယဉ်ကျေးမှု မျက်နှာစာ ဆိုသည်မှာ နိုင်ငံနှင့် လူမျိုးအတွက် အရေးကြီးသော ကဏ္ဍဖြစ်သည်။ အမျိုးသားရေး တာဝန်ဟု ဆိုရမည်။ ထိုတာဝန်ကို ပြည်သူကို ကိုယ်စားပြုသော၊ ပြည်သူ့ဘက်တော်သားများက ထမ်းဆောင်မှသာ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးရလာဒ် ကောင်းရရှိမည်။ ထိုတာဝန်ကို ပြည်သူကို ကိုယ်စားမပြုသော ပြည်သူနှင့် ဆန့ကျင်သော ပြည်သူကို ဖိနှိပ်ကာ ကိုယ်ကျိုးစီးပွားရှာသူများ မောင်ပိုင်စီးသွားပါက ခွက်ခွက်လန်မည်ဟု ဆိုလိုရင်းဖြစ်သည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW